ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အခြေခံဥပဒေကိစ္စ နိုင်ငံတော်ကိုတရားစွဲမယ်
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ ၂၀၁၄ သန်းခေါင်း စာရင်း အရ ပျက်ပြယ် နေပြီ ဖြစ်တဲ့ အတွက် ဒီ အခြေခံ ဥပဒေကို ဖျက်သိမ်းရေး အတွက် အဖွဲ့ ၅ ဖွဲ့ ကနေ နိုင်ငံတော်ကို တရားစွဲ ဖို့ ဆောင်ရွက်နေ ပါတယ်။
ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အတည်ပြုတုန်းက မြန်မာ နိုင်ငံမှာ လူဦးရေ ၅၇ သန်း ရှိခဲ့ တာလို့ သိရပြီး၊ ၂၀၁၄ သန်းခေါင် စာရင်း အရ လူဦးရေ ၅၁ သန်း ကျော်ပဲ ရှိတဲ့ အတွက် ဒါဟာ လူဦးရေ ရဲ့ ၁၀ ပုံ တပုံ ကျော် ကွာခြားမှု ဖြစ်ခဲ့ တယ်လို့ အဲဒီ ၅ ဖွဲ့ ထဲမှာ ပါတဲ့ ၁၉၉၀ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များ အဖွဲ့ အတွင်းရေးမှူး ဦးဒေးဗစ်လှမြင့် က ပြောပါတယ်။
ဒီအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတွက် အစိုးရနဲ့ လူထု အကြား ပဋိညာဏ် ပျက်ပြယ်သွား ပြီလို့ ဦးဒေးဗစ် လှမြင့် က ပြောပါတယ်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ အနေနဲ့ ကလည်း ရွေးကောက်ပွဲ ဝင်တုန်းက အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ကြွေးကြော် လုပ်ဆောင် ခဲ့ ပေမယ့် အခု အချိန်မှာတော့ အဓိက မထားတော့ဘဲ အခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ အမှေးမှိန် လာတဲ့ အနေအထား မျိုး ရောက်ရှိလာ နေတယ်လို့ သူက ဆိုပါတယ်။
အဲဒါကြောင့် NLD ကို အားမကိုးဘဲ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် ဘယ်လို လုပ်ရင် ရမလဲ နည်းလမ်း ရှာဖွေ ရာမှာ အခု အချက်ကို တွေ့ရှိ ခဲ့တာလို့ ပြောပါတယ်။
အခု တရားစွဲလို့ တရားရုံးက လက်ခံပြီ ဆိုရင်၊ ပြည်ထောင်စု လွှတ်တော်ကို ပေးပို့ သွားမှာ ဖြစ်တယ်လို့ လည်း ဦးဒေးဗစ် လှမြင့် က ပြောပါတယ်။
လွှတ်တော်မှာက တပ်မတော် အနေနဲ့ အမတ်နေရာ ၂၅ ရာခိုင်နှုန်း ယူထားတာ ဖြစ်တဲ့ အတွက် တပ်တော် အနေနဲ့ မှန်ကန်တဲ့ ဘက်က ရပ်တည် ပေးဖို့ ကိုလည်း မျှော်လင့်တယ်လို့ သူကပြောကြားသွား ပါတယ်။