UNHCR မင်းကြီးခရီးစဉ်က အချက်အလက် ရှာတဲ့ လူ့အခွင့်အရေး ခရီးစဉ် မဟုတ်

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Fillppo Grandi မြန်မာ နိုင်ငံကို ပထမဆုံး အကြိမ် ရောက်ရှိနေပါတယ်။

ဇူလိုင်လ ၁ ရက်နေ့ကနေ ၆ ရက်နေ့ထိ ကြာမယ့် သူ့ခရီးစဉ် အတွင်း မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေ တွေကို လေ့လာဖို့နဲ့ ပဋိပက္ခဒဏ်တွေ ခံစားရသူတွေနဲ့ တွေ့ဖို့ လာရောက်တာလို့ UNHCR မြန်မာ နိုင်ငံဆိုင်ရာ လက်ထောက် ဆက်ဆံရေး အရာရှိ Andrew Dusek က ပြောပါတယ်။

ကုလသမဂ္ဂ စေလွှတ်မယ့် အချက်အလက် ရှာဖွေရေး အဖွဲ့ကို မြန်မာ ဘက်က အသိအမှတ် မပြုကြောင်းနဲ့ မြန်မာ နိုင်ငံကို လာရောက် စုံစမ်းခွင့် ပြုမှာလည်း မဟုတ်ကြောင်း တရားဝင် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

အခု ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး လာရောက်တဲ့ခရီးစဉ်က သီးခြားဖြစ်ကြောင်းနဲ့ အချက်အလက် ရှာဖွေရေး အဖွဲ့ကတော့ လူ့အခွင့်အရေး ကောင်စီက စီစဉ်တာ ဖြစ်ကြောင်း Andrew Dusek က ပြောပါတယ်။

တနင်္လာနေ့က ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီး Fillppo Grandi က ရခိုင် ပြည်နယ်မှာ ရောက်ရှိ နေပြီး စစ်တွေမြို့က ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေတဲ့ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း မဟာမင်းကြီးက ပဋိပက္ခတွေကြောင့် အခြေပျက် ခိုလှုံ နေရသူ တွေနဲ့ အာဏာပိုင်တွေ အပြင် ကူညီရေး အဖွဲ့တွေနဲ့ အတူ ဒေသခံ UNHCR ဝန်ထမ်းတွေကိုလည်း တွေ့ဆုံ ခဲ့တယ်လို့ သူက ပြန်ပြော ပါတယ်။

စစ်တွေ ဒုက္ခသည် စခန်းက လူတွေရဲ့ လူမှုရေး၊ ကျန်းမာရေးနဲ့ ပညာရေး လိုအပ်ချက်တွေ၊ ဘဝ ရပ်တည်ရေးအတွက် လိုတာတွေ သိဖို့သွားတာလို့ ဆိုပေမယ့် ဘာတွေ ဆွေးနွေးခဲ့တယ်၊ သူတို့နဲ့ ပတ်သက်လို့ မဟာမင်းကြီးက ဘယ်လို သဘော ရတယ်ဆိုတာတွေ မသိရသေးကြောင်း သူက ပြောပါတယ်။

ဗုဒ္ဓဟူးနေ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ ရှိပြီး ထိုင်းက လူဝင်မှု တင်းကျပ်ပြီးနောက် မြန်မာပြည်က လာတဲ့သူတွေ ပြန်ပို့နေတဲ့ ကိစ္စနဲ့ တခြားကိစ္စတွေ ဆွေးနွေးဖို့ ရှိတယ်လို့ Andrew Dusek က ဆိုပါတယ်။

သူ့ ခရီးစဉ်အပြီး တွေ့ရှိချက်တွေကို ထုတ်ပြန်ဖို့ ရှိပြီး မြန်မာ နိုင်ငံ ခရီးစဉ် အပြီး ထိုင်းနိုင်ငံကို ရောက်တဲ့ အခါသတင်းစာရှင်းလင်းပွဲ လုပ်မယ်လို့ UNHCR မြန်မာ နိုင်ငံဆိုင်ရာ လက်ထောက် ဆက်ဆံရေး အရာရှိ Andrew Dusek က ပြောပါတယ်။