ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
TNLA နဲ့ ဆက်သွယ်တဲ့ သတင်းထောက်တွေကို ဖမ်းဆီးထား
ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ TNLA တအာင်းတပ်နဲ့ ဆက်သွယ်လို့ဆိုပြီး DVB နဲ့ ဧရာဝတီသတင်းဌာနက သတင်းထောက်တွေအပါအဝင် လူ ၇ ဦးကို ဖမ်းဆီးပြီး တရားဥပဒေအရ အရေးယူသွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
နမ့်ဆန်မြို့နယ်၊ ဘုရားကြီးကျေးရွာအနီးမှာ နမ့်ဆန်ဘက်ကနေ သီပေါဘက်ကို မောင်းနှင်လာတဲ့ မသင်္ကာဖွယ် လိုင်စင်မဲ့ ကားနှစ်ဦးကို ရပ်တန့်စစ်ဆေးတဲ့အခါ DVB သတင်းဌာနက အကြီးတန်း သတင်းထောက် ဦးအေးနိုင်နဲ့ ဦးပြည့်ဘုန်းနိုင်၊ ဧရာဝတီသတင်းဌာနက သတင်းထောက် ဦးသိန်းဇော်တို့အပါအဝင် အမျိုးသား ၇ ဦးကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
သူတို့ဟာ TNLA အဖွဲ့နဲ့ ဆက်သွယ်ခဲ့တယ်လို့ စစ်ဆေးဖော်ထုတ်ရတာကြောင့် ဥပဒေနဲ့အညီ အရေးယူဖို့ လားရှိုးမြို့နယ်ရဲစခန်းကို လွှဲပြောင်းထားကြောင်း ထုတ်ပြန်ပါတယ်။
အရင်ကလည်း တိုက်ရင်းသားလက်နက်ကိုင်တွေနဲ့ ဆက်သွယ်တဲ့သူတွေကို မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးထောင်ချမှုတွေ ရှိခဲ့ပါတယ်။
နမ့်ဆမ်မြို့နယ်နဲ့ ဒေသတဝိုက်မှာ အစိုးရတပ်နဲ့ TNLA တပ်တွေ လတ်တလော တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း TNLA နဲ့ ဒေသခံတွေဘက်က ပြောပါတယ်။
လာရှိုးမြို့နယ် ရဲစခန်းကို ဘီဘီစီက ဆက်သွယ်ကြည့်ရာမှာတော့ ညနေစောင်းအထိ ဖမ်းဆီးထားသူတွေ ရောက်ရှိတာ မရှိသေးဘူးလို့ ပြောပါတယ်။