ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၁ရာစု ပင်လုံ တက်ဖို့ ဘယ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ ကိုဖိတ်မှာလဲ
မေလ ၂၄ ရက်မှာ ကျင်းပတော့မယ့် ၂၁ ရာစုပင်လုံညီလာခံ ဒုတိယအကြိမ်အစည်းအဝေး ကို တက်ရောက်ဖို့အတွက် အပစ်မရပ်ထားသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖိတ်ကြားရေး သတ်မှတ်ချက်တွေ ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မီတီ ယူပီဒီဂျေစီ အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။
အပစ်အခတ်ရပ်စဲရေး လက်မှတ်မရေးထိုးရ သေးတဲ့ ဥပမာ ယူအဲန်အက်ဖ်စီ အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)တို့လို အဖွဲ့တွေအနေနဲ့ Deed of Commitment လို အပစ်အခတ် ရပ်စဲရေး NCA လက်မှတ်ရေးထိုး ပါမည့်အကြောင်း ကတိပြုချက် လက်မှတ်ရေးထိုးမယ် ဆိုတဲ့ သဘော တူညီချက် ရရင် လာမယ့် ၂၁ ရာစုပင်လုံညီလာခံ မှာ တက်ရောက်နိုင်တယ့် ကိုယ်စားလှယ် တွေအဖြစ် ဖိတ်ကြားခံရမယ် လို့ ယူပီဒီဂျေစီ အဖွဲ့ဝင် ဒေါက်တာ မနာမ်တူးဂျာ က ဘီဘီစီ ကို ပြောပါတယ်။
အဲဒီလို NCA လမ်းကြောင်းအတိုင်း လိုက်ပါဆောင်ရွက်မယ့် အဖွဲ့တွေအနေနဲ့ NCA လက်မှတ် ရေးထိုးထားတဲ့အဖွဲ့တွေလိုမျိုး ပဲ ပင်လုံညီလာခံမှာ ပါဝင်ဆွေးနွေးခွင့်၊ အဆုံးအဖြတ်ပေးရာမှာ ပါဝင်ခွင့်ရနိုင်မယ်လို့ ဆိုပါတယ်။
NCA ပြင်ပလမ်းကြောင်းကို ရွေးချယ်ထားကြတဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင် အဖွဲ့တွေ ကိုတော့ အထူးဧည့်သည်တွေအဖြစ် ဖိတ်ကြားသွားမှာဖြစ်ပြီး သူတို့ ကတော့ ညီလာခံမှာ လေ့လာသူတွေ အဖြစ် တက်ရောက် နိုင်မှာပါ။
ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)အနေနဲ့ကတော့ NCA လက်မှတ်ရေးထိုးဖို့ လည်း မဆုံးဖြတ်နိုင်သေးသလို၊ NCA လက်မှတ်ရေးထိုး ပါမည့်အကြောင်း ကတိပြုချက် ဆိုတာ ကိုလည်း မလေ့လာရသေးတဲ့အတွက် ပင်လုံညီလာခံ တက်မယ်၊ မတက်မယ် မဆုံးဖြတ် နိုင်သေးဘူး လို့ ဘီဘီစီ ကို ပြောပါတယ်။
၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ်အစည်းအဝေး မကျင်းပခင် အစိုးရဘက်က ငြိမ်းချမ်းရေး ဆိုင်ရာ ညှိနှိုင်းသူများ နဲ့ ယူအဲန်အက်ဖ်စီ က ကိုယ်စားလှယ်တွေ ဆုံကြမယ်လို့ သိရပါတယ်။