ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မမှန်သတင်း ဖြန့်ဝေနေသူတွေကို အရေးယူမယ်
အစိုးရ အဖွဲ့နဲ့ NLD ပါတီ တို့ နဲ့ ပတ်သက်ပြီး မဟုတ် မမှန် သတင်းတွေ ရေးသား ဖြန့်ဝေ နေသူတွေ အရေး ယူဖို့ ပြည်ထဲ ရေးကို တင်ထားကြောင်း NLD ပါတီ ဗဟိုအလုပ် အမူဆောင် ဦးဝင်းထိန် က ပြောကြား လိုက် ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ပြည်ပ ခရီးစဉ် စထွက်တဲ့ အချိန်က စလို့ NLD ပါတီနဲ့ ပတ်သက်တဲ့ သတင်းတွေ အစိုးရ အဖွဲ့နဲ့ သက်ဆိုင်တဲ့ မဟုတ် မမှန် သတင်းတွေကို NLD Central News ဖေစ်ဘုတ်နဲ့ D_wave ဆိုတဲ့ ဖေစ်ဘွတ် စာမျက်နှာ တွေကရေးသားခဲ့ ပါတယ်။
အဲဒီဖေ့စ်ဘွတ် စာမျက်နှာတွေ ကရေးသားတဲ့ သတင်းတွေ ထဲကမှာ NLD ပါတီ ဗဟို အလုပ်အမူဆောင် အစည်းအဝေးမှာ သူရ ဦးရွှေမန်း တက်ရောက် တာတို့ သမ္မတ ဦးထင်ကျော် နုတ်ထွက်စာ တင်တယ် ဆိုတဲ့ သတင်းတွေဟာ ဖေ့စ်ဘွတ် သုံးစွဲ သူတွေ ကြား ထင်ရောင် ထင်မှား ဖြစ်လာ ကြတာပါ။
အရင်ကလဲ အခုလို အင်တာနက် စာမျက်နှာ တွေမှာ NLD နဲ့ ပတ်သက်လို့ သတင်း မှားတွေ ဖြန့်ဝေတာ၊ အပုပ်ချ တာတွေ ရှိပေမယ့် အခုလို ဖော်ထုတ် ပေးဖို့ တိုင်ကြားတာ မရှိခဲ့ပါ ဘူး။
အခုမှ အရေးယူဖို့ လုပ်ရတာဟာ အကြိမ်ပေါင်းများစွာ အသေအချာ စီမံ လုပ်ဆောင် နေတာ ဖြစ်လို့ ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ဦးဝင်းထိန်းက ပြောပါတယ်။
NLD အစိုးရ တက်လာပြီး ၆ လလောက် အကြာမှာပဲ NLD ပါတီ တံဆိပ်တုံး အတု လုပ်ပြီး ဦးဝင်းထိန်နဲ့ ပတ် သက်တဲ့ မဟုတ် မမှန်တဲ့ သတင်းတွေ ဖြန့်ဝေတဲ့ သူကို ရဲ ကဖော်ထုတ် ပေးတဲ့ အတွက် တရားစွဲဆိုခဲ့ တာ ရှိပါတယ်။