ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၁ ရာစု ပင်လုံ တက်မတက် ရခိုင် ဆုံးဖြတ်ဖို့ရှိ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ထဲမှာ ၇ ဖွဲ့ကတော့ သူတို့ရဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ပြုလုပ်နိုင်ကြပေမယ့် ရခိုင်ပြည်နယ်မှာတော့ လုပ်ခွင့် မရသေးတဲ့အတွက် ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်ဖို့ မသေချာသေးဘူးလို့ ရခိုင်ပါတီတွေဘက်က ပြောပါတယ်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲလုပ်ဖို့ အဆင်သင့်ဖြစ်တယ်ဆိုတာ အစိုးရကို ၃ ကြိမ်တင်ပြခဲ့တဲ့အပြင် ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တက်ရောက်ခဲ့တဲ့ JICM အစည်းအဝေးမှာလည်း တင်ပြခဲ့ပေမယ့် ကျင်းပခွင့် မရသေးဘူးလို့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့ ငြိမ်းချမ်းဖော်ဆောင်ရေး ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
ရခိုင်ပြည်ရဲ့အခြေအနေဟာ ထိလွှယ်ရှလွယ် ရှိတဲ့ အနေအထားဖြစ်တဲ့အတွက် ကျင်းပခွင့် မပေးသေးတာလို့ အစိုးရဘက်က ပြောတဲ့အကြောင်း သူက ပြောပါတယ်။
ဒီလို နိုင်ငံရေးဆွေးနွေးပွဲ မလုပ်နိုင်တဲ့အတွက် ရခိုင်လူထုရဲ့ ဘုံသဘောထားရပ်တည်ချက်ကို မရနိုင်ဘူးလို့ ရခိုင်ပြည်နယ် အဓိက အင်အားကြီး ပါတီတစ်ခု ဖြစ်တဲ့ ရခိုင်အမျိုးသားပါတီ ANP က ပါတီ ဒုတိယဥက္ကဋ္ဌ (၂) ဦးခိုင်ပြည်စိုးက ပြောပါတယ်။
ဒီလို ရခိုင်လူထုရဲ့ သဘောထားကို မရယူနိုင်ရင် ၂၁ ပင်လုံညီလာခံမှာ ဘာမှ ပြောဆိုစရာအကြောင်း ရှိမှာ မဟုတ်ဘူးလို့ ဦးခိုင်ပြည်စိုးက ဆိုပါတယ်။
လက်ရှိ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီရော၊ ရခိုင်ပြည်နယ်က အင်အားကြီးဆုံး ရခိုင်အမျိုးသားပါတီကရော ဗဟို ကော်မတီ အစည်းအဝေးတွေကို ခေါ်ယူသွားကြမှာ ဖြစ်ပြီး ပြည်နယ် အဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ပြုလုပ်ခွင့်မရတဲ့အတွက် လာမယ့် မေလ ၂၄ ရက်နေ့မှာ ကျရောက်မယ့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်သင့် မတက်သင့် ဆုံးဖြတ်သွားကြမယ်လို့ သိရပါတယ်။