USNS Fall River အမေရိကန်ရေတပ် သင်္ဘော မြန်မာနိုင်ငံကို ရောက်မယ်

us navy, myanmar

ဓာတ်ပုံ ရင်းမြစ်, US Embassy

ဓာတ်ပုံ ပုံစာ, USNS Fall River အမေရိကန် ရေတပ်သင်္ဘော မြန်မာနိုင်ငံမှာ ၅ရက် နေမယ်။

အမေရိကန်ရေတပ် အမြန် ပို့ဆောင်ရေးသင်္ဘော USNS Fall River ဟာ ယဉ်ကျေးမှု နှီးနှောဖလှယ်ရေးနဲ့ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ရန်ကုန်မြို့ကို မတ်လ ၂၁ရက်နေ့မှာ ရောက်ရှိလာမှာ ဖြစ်ပါတယ်။

ဒီသင်္ဘောကြီးဟာ အင်ဒို အာရှ ပစိဖိတ် ဒေသတလျှောက်မှာ ရှိတဲ့ နိုင်ငံတွေအကြား ပူးပေါင်းဆောင်ရွက်ရေးကို မြှင့်တင်တဲ့ HA/DR လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ ဘေးအန္တရာယ်တုံ့ပြန်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်မှု တခုဖြစ်တဲ့ ပစိဖိတ် မိတ်ဖက် နှစ်စဉ် အထူးတာဝန်အတွက် သီရိလင်္ကာနဲ့ မလေးရှားနိုင်ငံတွေအကြား ခရီးတထောက်နားတဲ့ သင်္ဘောကြီး ဖြစ်ပါတယ်။

USNS Fall River သင်္ဘောကြီးရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ဒုတိယကမ္ဘာစစ်ကာလ နှောင်းပိုင်းမှာ အမေရိကန် ရေတပ်သင်္ဘော မြန်မာနိုင်ငံ ဆိပ်ကမ်းကို ပထမဆုံးအကြိမ် လာရောက် လည်ပတ်တဲ့ တရားဝင် ခရီးစဉ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၅ရက်ကြာ ရောက်ရှိနေစဉ်အတွင်း အမေရိကန် ရေတပ်ရဲ့ အမှတ်၇ ရေတပ်သင်္ဘောက ဂီတ တီးဝိုင်းဟာ မြန်မာ ဂီတပညာရှင်တွေနဲ့ တွေ့ဆုံပြီး ဂီတ အနုပညာဆိုင်ရာ နှီးနှောဖလှယ်မှု အလုပ်ရုံ ဆွေးနွေးပွဲတွေ ပြုလုပ်သွားမှာ ဖြစ်သလို လာမယ့် သောကြာနေ့ ညနေမှာလည်း ရန်ကုန် အမေရိကန် စင်တာမှာ အခမဲ့ ဂီတ ဖျော်ဖြေပွဲတခု ပြုလုပ်သွားမယ်လို့ သိရပါတယ်။