ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့ ရုပ်သေး ဝတ်စုံနဲ့ မြန်မာ အလှမယ်
၆၅ ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲ ကို ဖိလစ်ပိုင် နိုင်ငံမှာ ကျင်းပ ခဲ့ပြီး မြန်မာ ကိုယ်စားပြု အလှမယ် မထက်ထက်ထွန်း က အကောင်းဆုံး National Costume ဆု ကို ဆွတ်ခူး ရရှိ ခဲ့ပါတယ်။
မြန်မာ့ ရုပ်သေး သဘင်ကို သရုပ်ဖော် ပြသ ခဲ့တဲ့ ဆုရ ဝတ်စုံ ဒီဇိုင်း ကို ကချင် လူငယ် လဇိန်ဂမ်ထွဲ က ဖန်တီး ခဲ့တာ ဖြစ်ပြီး ၂၀၁၃ ခုနှစ် က စပြီး တောက်လျှောက် ဝင်ပြိုင်ခဲ့တဲ့ ပွဲတွေမှာ မြန်မာ နိုင်ငံ က ပထမဆုံး ဆုချိတ် တာလည်း ဖြစ်ပါတယ်။
ကီလို ၄၀ လောက်လေးတဲ့ ဝတ်စုံကြောင့် စိတ်လှုပ်ရှားဖို့ အချိန်တောင် မရှိဘဲ အကောင်းဆုံး သရုပ်ပြ နိုင်ခဲ့တယ်လို့ မထက်ထက်ထွန်း က ပြောပါတယ်။ စင်ပေါ်တက်တဲ့ အချိန်မှာ ပရိသတ် က မြန်မာ လို့ အော်ဟစ် အားပေး သံတွေ ကြောင့် စိတ်ထဲမှာလည်း အရမ်းကို ကြည်နူးမိတယ် လို့ သူက ဆိုပါတယ်။
ဒီဝတ်စုံ ရွေးချယ်မှု နဲ့ ပတ်သက်လို့ အတိုက်အခံတွေ၊ စိတ် အနှောင့်အယှက် ဖြစ်စရာ တွေ ကြုံခဲ့ရတဲ့ အတွက် ဆုရပြီးတဲ့ အချိန်မှာ ဝတ်စုံ ဖန်တီး သူကို ချက်ချင်း ဆက်သွယ် အကြောင်းကြား ခဲ့ရတယ်လို့ Miss Universe Myanmar အလှမယ် က ပြောပါတယ်။
Country director ပြီးတော့ မထက်ထက်ထွန်း ကိုယ်တိုင် နဲ့ ဒီဇိုင်နာ လဇိန်ဂမ်ထွဲ တို့ အတူတကွ ပူးပေါင်းပြီး မြန်မာ့ ရုပ်သေး ဒီဇိုင်း ဝတ်စုံ ကို ဖန်တီး ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင်မှာ ကျင်းပ ပြီးစီး ခဲ့တဲ့ ၆၅ ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲကို နိုင်ငံတကာ အလှမယ် ၈၆ ယောက် က ပါဝင် ယှဉ်ပြိုင် ခဲ့ပါတယ်။ Miss Universe ဆု ကိုတော့ ပြင်သစ် အလှမယ် Iris Mittenaere က ဆွတ်ခူး ရရှိခဲ့တာ ဖြစ်ပါတယ်။
၂၀၁၃ ခုနှစ် ကနေ တောက်လျှောက် ယှဉ်ပြိုင် ခဲ့တဲ့ Miss Universe ပြိုင်ပွဲ တိုင်းမှာ မြန်မာ အလှမယ် တွေ အနေနဲ့ စကာတင် စာရင်းမှာ ရွေးချယ် ခံခဲ့ရခြင်း မရှိသေးပါဘူး။