ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင် အရေး သီးခြား စုံစမ်းမှု လုပ်ပေးဖို့ ၄၁ ဖွဲ့တောင်းဆို
ရခိုင်ပြည်နယ် မောင်တော ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှု တွေ ရှိနေတဲ့ အတွက် သီးခြား လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု တခု ပြုလုပ်ပေးဖို့ အဖွဲ့အစည်း ၄၁ ဖွဲ့က လက်မှတ်ရေးထိုး တောင်းဆို လိုက်ကြ ပါတယ်။
အစိုးရ က ဖွဲ့စည်းပေး ထားတဲ့ ရခိုင် အရေး ကော်မရှင် တွေက လူ့အခွင့်အရေး ချိုးဖောက် မှု တွေကို စုံစမ်း မှုတွေ လုပ်မယ်ဆိုတဲ့ ထုတ်ဖော် ပြောကြားချက်မျိုး မရှိတဲ့ အတွက် အခုလို တောင်းဆို ရတာ ဖြစ်ကြောင်း Action Committee for Democracy Development က မသဉ္ဇာ ရွှန်းလဲ့ရည် က ပြောပါတယ်။
ရခိုင်ပြည်နယ် မောင်တော ဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေကြောင်း စွပ်စွဲမှုတွေလည်း နိုင်ငံတကာမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင် ကော်မရှင် ဟာလည်း လူ့အခွင့်အရေး ကို အဓိက ထားပြီး စုံစမ်း စစ်ဆေးတဲ့ ကော်မရှင်မျိုး ဖြစ်သင့်တယ်လို့ မသဥ္ဇာရွန်းလဲ့ရည် က ပြောပါတယ်။
ဒုတိယ သမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ အစိုးရက ဖွဲ့စည်းပေးထားတဲ့ ကော်မရှင် အနေနဲ့ကလည်း လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ လုပ်နိုင်ပါ့မလား ဆိုတာကို လည်း သံသယ ရှိတယ်လို့ သူက ပြောပါတယ်။
အစိုးရ က ဖွဲ့စည်းပေး တဲ့ ကော်မရှင်ထဲမှာ အစိုးရ ဝန်ထမ်းတွေ ဆိုတာထက် သတင်းစာ ဆရာတွေ၊ နိုင်ငံတကာ က ယုံကြည်ရတဲ့ လူတွေကို ထည့်သွင်း ဖွဲ့စည်း သင့်တယ်လို့လည်း မသဥ္ဇာရွှန်းလဲ့ရည် က ပြောပါတယ်။
သီးခြား လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှု လုပ်ဖို့ တောင်းဆို ထားကြတဲ့ အဖွဲ့အစည်း တွေရဲ့ တောင်းဆို ချက်တွေကို အစိုးရ အဖွဲ့ဆီကို ပေးပို့ သွားမယ်လို့ မသဥ္ဇာရွှန်းလဲ့ရည် က ပြောကြား ခဲ့ပါတယ်။