ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်မီး မငြိမ်းတဲ့ မြန်မာပြည်မှာ ဒုက္ခသည် ၁၂% ရှိ
မြန်မာ နိုင်ငံမှာ ၂ဝ၁၇ အတွင်း လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီတွေ ပေးဖို့ လိုအပ်နေတဲ့ အရေ အတွက်ပေါင်း ၅ သိန်း ၂ သောင်း ကျော် ရှိနေတယ်လို့ ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့ ဖြစ်တဲ့ လူသားချင်း စာနာ နားလည်မှု ဆိုင်ရာ နိုင်ငံတကာ အကူအညီ တွေ ပေးရာမှာ ညှိနှိုင်း ဆောင်ရွက် ပေးတဲ့ ကုလသမဂ္ဂ အဖွဲ့ရုံးUNOCHA က ထုတ်ပြန် ထားပါတယ်။
လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက် ဖြစ်ပေါ်နေပြီး ၊ လူ အများအပြားဟာ နိုင်ငံတကာနဲ့ ပြည်တွင်းက အထောက်ပံ့ အကူအညီတွေ အပေါ် မှီခို နေရတဲ့ အခြေအနေဟာ တိုင်းပြည်ရဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုး အပေါ် အင်မတန် ထိခိုက်စေတယ်လို့ ပညာရှင် တချို့က သုံးသပ်ပါတယ်။
မြန်မာ နိုင်ငံမှာ လူဦးရေ ၅၁ သန်းကျော် ရှိပြီး စစ်ပွဲ တွေ ဖြစ်နေတဲ့ နယ်မြေ တွေထဲ နေထိုင် နေကြရသူ တွေ အရေအတွက် ၆.၄ သန်း ရှိ နေတယ် ၊ ဒီ အရေအတွက်ဟာ လူဦးရေ စုစုပေါင်းရဲ့ ၁၂% ဖြစ်ပြီး၊ အဲဒီထဲမှာ အမျိုးသမီး နဲ့ ကလေးသူငယ် တွေ အများအပြား ပါဝင် နေတယ်လို့ UNOCHA က ပြောပါတယ်။
လက်နက်ကိုင် ပဋိပက္ခ တွေကြောင့် အိုးအိမ် စွန့်ခွာ ထွက် ပြေး ရသူ အရေ အတွက်ဟာလည်း ၅ သိန်း ၂ သောင်း ၅ ထောင် ရှိနေတဲ့ အတွက် သူတို့ကို ထောက်ပံ့ ပေးဖို့ လာမယ့် ၂ဝ၁၇ မှာ၊ အမေရိကန် ဒေါ်လာ သန်း ၁၅ဝ လိုအပ် တယ်လို့ UNOCHA ရဲ့ အစီရင်ခံစာထဲမှာ ဖော်ပြ ထားပါတယ်။
ဒီလောက် ပမာဏမျိုး ရှိတဲ့ လူ အရေအတွက်ဟာ အကူအညီ အထောက်အပံ့ တွေ အပေါ်မှာ မှီခို အားထား နေရပြီး၊ ကုန်ထုတ် လုပ်မှု ထဲ မပါဝင် နိုင်တာ ဟာ တိုင်းပြည် စီးပွားရေး နဲ့ ဖွံ့ဖြိုး တိုးတက်ရေး အပေါ် ဆိုးကျိုး အနေနဲ့ သက်ရောက် စေတယ်လို့ စီးပွားရေး ဆိုင်ရာ မူဝါဒ တွေ အကြောင်း သုံးသပ် လေ့လာ နေတဲ့ ဘေဂဗေဒ ပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။
ဖွံ့ဖြိုးရေး နဲ့ ငြိမ်းချမ်းရေး ဆိုတာ ဟာ တစ်ခုကို တစ်ခု ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆိုသလို အပြန်အလှန် မှီခိုနေပြီး ကျေးလက်နဲ့ နယ်စွန်နယ်ဖျား တွေ ပါ မြို့ကြီးပြကြီး တွေနဲ့ ဖွံ့ဖြိုးမှု နှုန်း မကွာစေဖို့ဆို စစ်မက် ကင်းစင်ကာ တည်ငြိမ်မှု ရှိနေဖို့ လိုအပ် တယ်လို့ ဒေါက်တာ အောင်ကိုကိုက ဆိုပါတယ်။
အဲဒါမှလည်း လူသား စွမ်းအင် အရင်းအမြစ် တွေ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပညာရေး ကဏ္ဍ တွေမှာ ဖိဖိစီစီး ဆောင်ရွက် နိုင်တာမျိုး နဲ့၊ အလုပ်အကိုင် ရှာဖွေ နိုင်ရေး က အစ၊ သူတပါးရဲ့ အထောက်အပံ့ကို ငံ့လင့် နေရတာမျိုး မဟုတ်ပဲ ကိုယ့် ခြေထောက် ပေါ် ကိုယ် ရပ် နိုင်အောင် တနိုင်တပိုင် အသေးစား စီးပွားရေး လုပ်ငန်းတွေ လုပ်ဆောင် လာနိုင်လိမ့်မယ်လို့ ဒေါက်တာ အောင်ကိုကို က ရှင်းပြခဲ့ပါတယ်။
UNOCHA အဖွဲ့ရဲ့ သတိ ပေးမှု ထဲမှာ မြန်မာနိုင်ငံမှာ စစ်ဘေးကြောင့်သာ မကပဲ၊ သဘာဝဘေး အန္တရာယ်ကြောင့်လည်း ဒုက္ခသည်တွေ အရေအတွက် အများအပြား ရှိခဲ့ရတယ် လို့လည်း ထောက်ပြ ထားပါတယ်။
မြန်မာ နိုင်ငံဟာ ၂ဝဝ၂ ခုနှစ်က စလို့ ဆိုင်ကလုန်း မုန်တိုင်းနဲ့ ငလျင် တွေ အပါဝင် အလတ်စားနဲ့ အကြီးစား အဆင့်တွေ ရှိတဲ့ သဘာဝ ဘေး တွေ ကျရောက် လာခဲ့ပြီး၊ ရာသီဥတု အပြင်းထန် အဆိုးရွားဆုံးတဲ့ ကြုံရနိုင်တဲ့ အန္တရာယ် ရှိတဲ့ အညွှန်းကိန်း တွေ အရဆို ရင် မြန်မာ နိုင်ငံဟာ ၁၈၇ နိုင်ငံ ထဲမှာ ဒုတိယမြောက် နိုင်ငံ အထိအောင် သတ်မှတ် ခံထားရတယ်လို့ UNOCHA အဖွဲ့က ဆိုပါတယ်။
အခုလို စစ်မက်ကြောင့် ဖြစ်ပေါ် ရတဲ့ ဒုက္ခသည် တွေနဲ့ သဘာဝဘေးကြောင့် ဖြစ်လာရတဲ့ ဒုက္ခသည် တွေ အတွက် ကူညီ ထောက်ပံ့ ရေး အတွက် သာမက၊ ရေရှည် အတွက် ပြန်လည် ထူထောင် ရေး အတွက်ပါ စဉ်းစားပြီး စီမံကိန်း တွေ ချမှတ် လုပ်ဆောင် သွားဖို့ ကုလသမဂ္ဂ အဖွဲ့က သတိပေးထားပါတယ်။