ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရှမ်းပြည် မြောက်ပိုင်း နေရာတချို့မှာ ပစ်ခတ်မှုတွေ ဆက်ရှိ
ရှမ်းပြည်နယ် မြောက်ပိုင်း မုန်းကိုးနဲ့ မုံးပေါ် ဒေသတွေ ထဲက နေရာ ၆ ခု လောက်မှာ အစိုးရ စစ်တပ်နဲ့ကြား တိုက်ပွဲ တွေ ဆက်လက် ရှိ နေတယ်လို့ တအာင်း ပလောင် လွတ်မြောက်ရေး တပ် TNLA ဘက်က ပြောပါတယ်။
မုန်းပေါ် ဘက်မှာ အစိုးရ စစ်တပ် က စစ် ရဟတ်ယာဉ် အသုံးပြု တိုက်ခိုက် ခဲ့တယ်လို့ TNLA အထွေထွေ အတွင်းရေးမှုး တာ့ဘုန်းကျော်က ဘီဘီစီ ကို ပြောပါတယ်။
လတ်တလော တိုက်ပွဲတွေမှာ အထိခိုက် အကျဆုံး ဘယ်လောက် ရှိ သလဲ ဆိုတာကိုတော့ နှစ်ဘက် စလုံးက မထုတ်ပြန် ပါဘူး။
မြောက်ပိုင်း မဟာမိတ် အဖွဲ့ လို့ အမည် ပေးထားတဲ့ TNLA အပါအဝင် လူမျိုးစု လက်နက်ကိုင် ၄ ဖွဲ့ ပူးပေါင်း ထားတဲ့ တပ်ဖွဲ့ တွေက သူတို့ ဒေသတွေထဲ အစိုးရ စစ်တပ်က စစ်ရေး အရ ဖိအား ပေး ထိုးစစ် ဆင်တာတွေ ပြုလုပ် နေတာကို ကန့်သတ် စစ် ဆင်နွှဲပြီး လက်တုံ့ပြန် ရတာ ဖြစ်တယ် လို့ ကြေညာ ထားပါတယ်။
ကန့်သတ် စစ် လို့ ဆိုတာမှာ စစ်ရေး ပြုမူမယ့် နယ်မြေ ဒေသတွေကိုပဲ ကန့်သတ် ထားတာ ဖြစ်ပြီး၊ အချိန်ကာလ အတိုင်းအတာ အရတော့ အစိုးရ တပ်ဘက်က ထိုးစစ် ဆင်နေသ၍ တုံ့ပြန် နေရမှာ ဖြစ်တယ်လို့ တာ့ဘုန်းကျော်က ဆိုပါတယ်။
အစိုးရရဲ့ ထုတ်ပြန် ချက် ထဲမှာတော့ ကချင် လက်နက်ကိုင် KIA နဲ့ TNLA လက်နက်ကိုင် တွေဟာ ကွတ်ခိုင်မြို့ ထဲကို နိုဝင်ဘာ ၂၆ ရက် စနေနေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ် ခဲ့တယ်လို့ ပြောထားပါတယ်။