ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စီးပွားရေး ဆက်ဆံမှုကနေ သံတမန်ရေး ခိုင်မာအောင် ဂျပန်လုပ်မယ်
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် ဟာ နိုဝင်ဘာလ ၁ ရက်နေ့က ဂျပန်နိုင်ငံကို ရောက်ရှိ သွားပြီ ဖြစ်ပါတယ်။
ဒီခရီးစဉ်က မြန်မာ နိုင်ငံအတွက် နိုင်ငံရေး အရရော စီးပွားရေး အရပါ အရေးကြီးတယ်လို့ သုံးသပ် နေကြပါတယ်။
ဂျပန်နိုင်ငံ ကန်တ တက္ကသိုလ်က ဂုဏ်ထူးဆောင် ပါမောက္ခ ဒေါက်တာ အေးချမ်းကလည်း ဒီခရီးစဉ်ဟာ ဂျပန်နိုင်ငံ အတွက်ရော မြန်မာ အတွက်ပါ အရေးကြီးတယ်လို့ သုံးသပ်ပါတယ်။
တောင်တရုတ်ပင်လယ်မှာ တရုတ်က ရေတပ် အင်အား တိုးချဲ့လာမှု၊ သြဇာ ချဲ့ထွင်လာမှုစတဲ့ အာရှတိုက်မှာ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ရဲ့ သြဇာကွန်ရက် ဖြန့်ကျက်မှုကို ဂျပန်နိုင်ငံက အလွန် စိုးရိမ်တယ်ပြီး ဂျပန်ဖက်က ဒါကို တုံ့ပြန်ဖို့ ကြိုးစား လာနိုင်တယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ မြန်မာ နိုင်ငံက ဘယ်နိုင်ငံနဲ့မှ စစ်ရေးမဟာမိတ် လုပ်မထားသလို ဘယ်နိုင်ငံရဲ့ လွှမ်းမိုးမှု ကိုမှလည်း မခံတဲ့ အတွက် မြန်မာ နိုင်ငံကို စီးပွားဖက် နိုင်ငံ တစ်ခု အနေနဲ့သာ ဂျပန်က သဘောထားပြီး ဝင်ရောက်လာဖို့သာ ရှိတဲ့ အကြောင်း ဒေါက်တာ အေးချမ်းက ပြောပါတယ်။
ဒါကြောင့် ဂျပန် အနေနဲ့ အာဆီယံ ဂျပန် စီးပွားရေး ကွန်ရက်မျိုး ဖွဲ့စည်း လာနိုင်ပြီး ပထဝီ နိုင်ငံရေး အရ အလွန် အရေးကြီးတဲ့ မြန်မာ နိုင်ငံ ကို တတ်နိုင်သမျှ ထောက်ခံမှု ပေးလာနိုင်တယ် လို့လည်း သူက သုံးသပ်ပါတယ်။