ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်နယ်စပ် ကျေးရွာတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ကင်းမဲ့နေ
ရခိုင်ပြည်နယ် မောင်တော မြို့နယ် ထဲမှာ လုံခြုံရေး စိုးရိမ် မှုတွေကြောင့် ကျန်းမာရေး ဝန်ထမ်းတွေ အပါအဝင် အစိုးရ ဝန်ထမ်းတွေဟာ လုပ်ငန်းခွင် တွေကို စွန့်ခွာ တိမ်းရှောင် ခဲ့ရတဲ့ အတွက် ဒေသခံ အရပ်သားတွေ အတွက် အခက်အခဲတွေ ဖြစ်ပေါ် လာရပါတယ်။
ပတ်ဝန်းကျင် ရွာတွေ ကပါ မှီခို နေရတဲ့ အောင်သပြေ တိုက်နယ် ဆေးရုံမှာ ဝန်ထမ်း တစ်ယောက် မှ မရှိတော့တဲ့ အတွက် ရွာခံတွေ အနေနဲ့ ကျန်းမာရေး အတွက် အားကိုးရာ မရှိ ဖြစ်နေရတယ် လို့ အောင်သပြေ ရွာသား တစ်ယောက်က ပြောပါတယ်။
ဒါ့အပြင် လမ်းတွေ စျေးတွေ ပိတ်ထားဆဲ ဖြစ်နေလို့ နေရေးစားရေး အထွေထွေ အခက်အခဲတွေ တွေ့ကြုံ နေရတယ်လို့လည်း ဆိုပါတယ်။
အောင်သပြေ၊ အောင်ချမ်းသာနဲ့ ဗန္ဓုလ အပါအဝင် ပတ်ဝန်းကျင် ရွာတွေဟာ မောင်တော မြို့နယ် မြောက်ဘက် အစွန်ဆုံး ဘင်္ဂလာဒေ့ရှ်နဲ့ ကပ်ရပ် တည်ရှိတဲ့ ကျေးရွာတွေ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက် က ပြောပါတယ်။
အဲဒီ့ ရွာတွေမှာ အစိုးရ ဝန်ထမ်းတွေ မရှိတော့ ပေမယ့် ရွာသားတွေတော့ ဆက်လက် နေထိုင် နေကြဆဲ ဖြစ်ပါတယ်။
ဘူးသီးတောင် မြို့နယ် တောင်ပိုင်းမှာ တိုက်ပွဲ ရှိမနေ ပေမယ့်လည်း လုံခြုံရေး ဆိုင်ရာ ကြောင့်ကြစိတ်တွေ ကြောင့် ကျောက္ကာတိုင်နဲ့ ငှက်ပျောချောင်း အပါအဝင် ရခိုင်ရွာ တချို့က ကျေးရွာသားတွေ နေရပ် စွန့်ခွာ ထွက်ပြေး ခဲ့ကြ ပါတယ်။
အဲဒီလို ထွက်ပြေး လာသူ အယောက် ၈ဝ လောက် ဟာ ဘူးသီးထောင် မြို့နယ် ထဲက စပါးထား ဆိုတဲ့ ရွာကို ရောက်လာ ကြတယ်လို့ ရွာခံ တစ်ယောက်က ပြောပါတယ်။
ရခိုင်ရွာ အနည်းစု ဖြစ်နေတဲ့ ဒေသတွေမှာ အစိုးရဘက်က လုံခြုံရေး တိုးမြှင့်ချ ပေးတာမျိုး မရှိတဲ့ အတွက် အခုလို ထွက်ပြေး ရတဲ့ အထိ စိုးရိမ်မှုတွေ တိုးမြင့် လာနေတယ် ဆိုတဲ့ ဝေဖန်သံတွေ ထွက်ပေါ် နေပါတယ်။