ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရာထူးအမြင့်ဆုံး တရုတ်စစ်ဗိုလ်ချုပ်ကြီး စုံစမ်းစစ်ဆေးခံနေရ
တရုတ်နိုင်ငံရဲ့ ရာထူးအမြင့်ဆုံး စစ်ဗိုလ်ချုပ်ကြီးကို စည်းမျဉ်းစည်းကမ်းနဲ့ ဥပဒေ ဆိုးဆိုးဝါးဝါး ဖောက်ဖျက်ခဲ့မှုနဲ့ စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဗိုလ်ချုပ်ကြီး ဂျန် ယူရှားအပေါ် စွဲဆိုထားတဲ့ စွဲချက်တွေနဲ့ ပတ်သက်လို့ ကာကွယ်ရေးဝန်ကြီးဌာနက အသေးစိတ် ထုတ်ဖော် မပြောခဲ့ပါဘူး။ သူဟာ သမ္မတ ရှီကျင့်ဖျင်ရဲ့ အရင်းနှီးဆုံး စစ်ဘက်ဆိုင်ရာ မိတ်ဆွေအဖြစ် အများက ရှုမြင်ထားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလို မလျော်မကန် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်မျိုးဟာ အဂတိလိုက်စားသူမှု ကျူးလွန်သူတွေအပေါ် သုံးစွဲလေ့ရှိတဲ့ စွဲချက်မျိုး ဖြစ်ပါတယ်။
နောက်ထိပ်တန်း စစ်အရာရှိကြီးတစ်ဦး ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး လီယူ ဂျန်လီ ကိုလည်း စုံစမ်းစစ်ဆေးနေတယ်လို့ ကာကွယ်ရေး၀န်ကြီးဌာနက အဲဒီထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာအတွင်း စစ်တပ်တွင်းမှာ လူသိရှင်ကြား ရာထူးထုတ်ပယ်မှု အများဆုံးအဖြစ် အောက်တိုဘာလတုန်းက ထိပ်တန်းစစ်ဗိုလ်ချုပ်ကြီး ကိုးဦးကို ရာထူးကနေ ထုတ်ပယ်ခဲ့အပြီးမှာပဲ သူတို့နှစ်ဦး ရာထူးကနေ ထုတ်ပယ်ခံလိုက်ရတာ ဖြစ်ပါတယ်။
အသက် ၇၅ နှစ်အရွယ် ဗိုလ်ချုပ်ကြီး ဂျန် ဟာ ဗဟိုစစ်ဘက်ဆိုင်ရာ ကော်မရှင် (CMC) ရဲ့ ဒုတိယ ဥက္ကဋ္ဌ တစ်ဦး ဖြစ်ပါတယ်။ သမ္မတ ရှီကျင့်ဖျင် ဦးဆောင်တဲ့ ကွန်မြူနစ်ပါတီရဲ့ အဖွဲ့ဖြစ်တဲ့ ဒီကော်မရှင်ဟာ စစ်တပ်ကို ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။
ဂျန် ယူရှားဟာ အဖွဲ့ဝင် ၂၄ ဦးပါ ကွန်မြူနစ်ပါတီ ပေါ်လစ်ဗြူရိုအဖွဲ့မှာလည်း အဖွဲ့ဝင် တစ်ဦး ဖြစ်ပါတယ်။
သူ့ဖခင်ဟာ တရုတ်ကွန်မြူနစ်ပါတီကို တည်ထောင်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေထဲမှာ တစ်ဦး အပါအဝင် ဖြစ်ပါတယ်။
ဂျန် ယူရှား ဟာ ၁၉၆၈ ခုနှစ်က စစ်တပ်ထဲ ဝင်ခဲ့ပြီး ပျောက်ကျားတိုက်ခိုက်မှု အတွေ့အကြုံရှိသူ ထိပ်တန်းခေါင်းဆောင် အနည်းအပါးထဲက တစ်ဦးဖြစ်ပါတယ်။
တရုတ်စစ်တပ်မှာ သတ်မှတ်ထားတဲ့ ပင်စင်စားအရွယ်ထက် ကျော်လွန်ပြီး သူ့ကို ရာထူး ဆက်ပေးထားတာကို ကြည့်ခြင်းအားဖြင့် သူဟာ ခုချိန်ထိ သမ္မတ ရှီကျင့်ဖျင်ရဲ့ လူယုံတော် အဖြစ် ရှိနေခဲ့တယ်လို့ ယူဆရပါတယ်။
ဒီဇင်ဘာလတုန်းက ကျင်းပခဲ့တဲ့ ထိပ်တန်းအဆင့် ပါတီအခမ်းအနားတစ်ခုမှာ ဂျန် ယူရှားနဲ့ လီယူ ဂျန်လီ တို့ကို မတွေ့ရတဲ့အတွက် သူတို့နှစ်ဦး စုံစမ်းစစ်ဆေး ခံနေရဖွယ် ရှိတယ်ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့အပြီးမှာပဲ အခု ဒီထုတ်ပြန်ချက် ထွက်ပေါ်လာတာပါ။
အာဏာရလာပြီးကတည်းက သမ္မတ ရှီကျင့်ဖျင် ဟာ ဌာနပေါင်းစုံမှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးတွေကို ဆက်တိုက်လုပ်ခဲ့ပြီး အခုလတ်တလောမှာတော့ စစ်ဘက်ဆိုင်ရာ ဌာနတွေအပေါ် အကြီးအကျယ် အာရုံစိုက် လုပ်ဆောင်ခဲ့ပါတယ်။
အဂတိလိုက်စားမှုဟာ ကွန်မြူနစ်ပါတီအတွက် "အကြီးမားဆုံး ခြိမ်းခြောက်မှု အန္တရာယ်ကြီး" ဖြစ်တယ်လို့ သူက ဖော်ညွှန်းပြောဆိုခဲ့ပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးဟာ လေးနက် ရှုပ်ထွေးတဲ့ ဆောင်ရွက်မှုအဖြစ် ရှိနေဆဲပဲ လို့ ဆိုပါတယ်။
ဒီ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပေါ်လစီက ကောင်းမွန်တဲ့ အုပ်ချုပ်မှုကို မြှင့်တင်ပေးနေတယ်လို့ ပေါ်လစီရေးဆွဲသူတွေက ပြောနေပေမဲ့ ဒီပေါ်လစီကို နိုင်ငံရေးပြိုင်ဘက်တွေကို ဖြုတ်ချဖို့ လက်နက်တစ်ခုအဖြစ် အသုံးချနေတယ်လို့ တချို့က ဝေဖန်နေကြပါတယ်။
ဂျန် ယူရှားနဲ့ လီယူ ဂျန် တို့အပေါ် စုံစမ်းစစ်ဆေး ခံနေကြရတဲ့အတွက် ဗဟိုစစ်ဘက်ဆိုင်ရာ ကော်မရှင် (CMC) အဖွဲ့ထဲမှာ နဂိုမူလကတည်းက ပါဝင်ခဲ့တဲ့ အဖွဲ့ဝင် ခုနှစ်ဦးကနေ အခုအခါ ဥက္ကဋ္ဌ ရှီကျင့်ဖျင်နဲ့ စစ်တပ်စည်းမျဉ်းရေးရာဆိုင်ရာ တာဝန်ယူထားသူ ဂျန် ရှန်မင်း တို့ နှစ်ဦးပဲ ကျန်တော့မှာ ဖြစ်ပါတယ်။