ကိုဗစ်ကာကွယ်ဆေး ကိုယ်ဝန်ဆောင်တွေအတွက် စိတ်ချရကြောင်း ရှင်းပြချက်

ကိုဗစ်ကာကွယ်ဆေးထိုးနေတဲ့ ကိုယ်ဝန်ဆောင်သည်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုဗစ်ကာကွယ်ဆေးထိုးနေတဲ့ ကိုယ်ဝန်ဆောင်တစ်ဦး
    • ရေးသားသူ, ဂျက်ကီ ဝိတ်ဖီးလ်ဒ်
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာလုံးဆိုင်ရာ သတင်းမှားတိုက်ဖျက်ရေး

ကျန်းမာတဲ့ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကိုဗစ်ကာကွယ်ဆေးထိုးဖို့ကို အကြံပြုတော့မှာမဟုတ်ဘူးလို့ အမေရိကန်ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကန်နဒီ ဂျူနီယာက ပြီးခဲ့တဲ့လတုန်းက ပြောခဲ့တယ်။

အဲဒီနောက် ရက်အနည်းငယ်အကြာမှာ ရောဂါကာကွယ်ထိန်းချုပ်ရေးဌာန (CDC) က ကနေဒီနဲ့ မတူဘဲ ကိုဗစ်ကာကွယ်ဆေးကို ကလေးတွေရဲ့ ပုံမှန်ကာကွယ်ဆေးထိုးနှံမှုထဲမှာ ဆက်အကြံပြုထားတယ်လို့ ကြေညာခဲ့ပါတယ်။

ဒါပေမဲ့ ပြင်ဆင်ထားတဲ့ လမ်းညွှန်ချက်မှာ ကျန်းမာရေးဝန်ထမ်းတွေက ကာကွယ်ဆေးကို 'အကြံပြုနိုင်တယ်' လို့ပြောပြီး 'အကြံပြုသင့်တယ်' လို့မဖော်ပြတော့ပါဘူး။

အမေရိကန်က ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက်တော့ တရားဝင်အကြံပြုချက် ဖော်ပြတာ မရှိပါဘူး။

ကာကွယ်ဆေးထိုးနှံမှုအပေါ် တုံ့ဆိုင်းမှု ကမ္ဘာတစ်ဝန်း မြင့်တက်နေချိန်မှာ ဒီလို ပြောင်းလဲမှုတွေက မယုံကြည်မှုကို တိုးသွားစေနိုင်ပြီး ကာကွယ်ဆေးထိုးတာမှာ အဟန့်အတားဖြစ်စေနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သတိပေးထားပါတယ်။ ဒါကနေ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကြား ကာကွယ်နိုင်တဲ့ရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။

သိပ္ပံပညာအရ ဘာပြောလဲ

"ဒီနေ့ကစပြီး ကျန်းမာတဲ့ကလေးတွေနဲ့ ကျန်းမာတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုကို CDC ရဲ့အကြံပြုထားတဲ့ ကာကွယ်ဆေးထိုးနှံမှု အစီအစဥ်ကနေ ဖယ်ရှားလိုက်ပြီလို့ ကြေညာရတာ အလွန်ဝမ်းသာပါတယ်" လို့ ကနေဒီက မေလ ၂၇ ရက်နေ့မှာ ကြေညာခဲ့တယ်။

ဒါပေမဲ့ ကျန်းမာရေးဝန်ကြီးရဲ့ တစ်ဖက်သတ်ဆုံးဖြတ်ချက် ဖြစ်ပုံရတဲ့ ဒီကြေညာချက် ထွက်ပြီးကတည်းက CDC တရားဝင် ဝက်ဘ်ဆိုက်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် လမ်းညွှန်ချက်အသစ် မထုတ်ပြန်ခဲ့ပါဘူး။

ကိုဗစ်ကူးစက်ခံရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ အသက်နဲ့အခြေအနေတူတဲ့ ကိုယ်ဝန်ဆောင် မဟုတ်တဲ့အမျိုးသမီးတွေထက် ပိုပြင်းထန်တဲ့ရောဂါခံစားရပြီး ဆေးရုံတက်ရနိုင်ခြေများတယ်လို့ CDC က ဖော်ပြထားပါတယ်။

ကိုယ်ဝန်ဆောင်တွေ၊ ကိုယ်ဝန်ဆောင်ချင်သူတွေ၊ ဒါမှမဟုတ် လက်ရှိ မိခင်နို့တိုက်နေသူတွေကို "ကာကွယ်ဆေးထိုးတာဟာ သင်နဲ့သင့်မိသားစုကို ကာကွယ်ဖို့ အရေးကြီးတယ်" လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပေးထားပါတယ်။

"သူတို့နဲ့ သူတို့ရဲ့ကလေးတွေအတွက် ဘေးအန္တရာယ်အတွက် စိုးရိမ်စရာ မတွေ့ရဘူး" လို့ ဆက်ပြီး ဖော်ပြထားပါတယ်။

အရင်က ကာကွယ်ဆေးထိုးပြီးဖြစ်ဖြစ် မထိုးရသေးတာဖြစ်ဖြစ် ကိုယ်ဝန်ဆောင်စဉ်မှာ တစ်ကြိမ်ထိုးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အကြံပြုထားပါတယ်။

'အန္တရာယ်များတဲ့အခြေအနေ'

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘရာဇီး၊ အိန္ဒိယ၊ တောင်အာဖရိကနဲ့ ဥရောပအနှံ့အပြား အပါအဝင် နိုင်ငံအများအပြားက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကာကွယ်ဆေးထိုးနှံဖို့ ထောက်ခံချက်ပေးကြပါတယ်။

"ကိုယ်ဝန်ဆောင်တာက ကိုယ်ခံအားစနစ်ကို အားနည်းစေတာလိုမျိုး ခန္ဓာကိုယ်ကို နည်းလမ်းမျိုးစုံနဲ့ ပြောင်းလဲစေတယ်" လို့ ယူကေက လီဗာပူးတက္ကသိုလ်က အမျိုးသမီးကျန်းမာရေး ပါမောက္ခ ဒေါက်တာ ရှာကီလာ သန်ဂရာတီနမ် ကပြောပြပါတယ်။ ယူကေ ကျန်းမာရေးဌာန NHS ကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကာကွယ်ဆေးထိုးဖို့ "အလေးအနက် အကြံပြု" ထားပါတယ်။

"ကိုယ်ဝန်ဆောင်နေရင်း ကိုဗစ်ကူးစက်ခံရတာက အန္တရာယ်များတဲ့အခြေအနေတစ်ခု ဖြစ်စေတယ်" လို့ သူက ဘီဘီစီကို ပြောပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးထားရင် ဗိုက်ခွဲမွေးဖို့လိုတာ ဒါမှမဟုတ် မွေးကင်းစကလေးတွေ အထူးကြပ်မတ်ကုသမှု လိုအပ်တဲ့အန္တရာယ်ကိုလည်း လျော့ကျစေနိုင်တယ်လို့ သူက ပြောပါတယ်။

၂၀၂၄ ခုနှစ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေကို လေ့လာခဲ့တဲ့ ပါမောက္ခ သန်ဂရာတီနမ်က ကိုယ်ဝန်ဆောင်ချိန် ကာကွယ်ဆေးထိုးတာကနေ "ဘေးထွက်ဆိုးကျိုးအသစ် သက်သေမရှိဘူး" လို့ အလေးပေး ပြောပါတယ်။

ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေ ဒါမှမဟုတ် ကာကွယ်ဆေးကြောင့် ကိုယ်ဝန်ဆောင်စဉ် ဆိုးကျိုးဖြစ်နိုင်ခြေ တိုးလာတာမျိုးကို ဒီသုတေသနက မတွေ့ရှိခဲ့ပါဘူး။

"ဆေးထိုးတဲ့နေရာမှာ နာကျင်တာလိုမျိုးကိုပဲ အများဆုံး တွေ့ရပါတယ်။"

ကိုဗစ်ကာကွယ်ဆေးက ကိုယ်ဝန်ပျက်ကျမှု၊ လမစေ့ဘဲ မွေးဖွားမှု ဒါမှမဟုတ် တခြား ကိုယ်ဝန်ဆိုင်ရာပြဿနာတွေတွေ များလာစေတယ်ဆိုတဲ့ သက်သေမရှိဘူးလို့ NHS က ပြောပါတယ်။

ဒါ့အပြင် ကာကွယ်ဆေးထိုးတာရဲ့ အကျိုးကျေးဇူးတွေကိုလည်း ကောင်းကောင်း မှတ်တမ်းတင်ထားပြီးသား ဖြစ်ပါတယ်။

ကလေးတွေအနက် ခြောက်လအောက် ကလေးတွေဟာ ပြင်းထန်တဲ့ ကိုဗစ်ဖြစ်နိုင်ခြေ အမြင့်ဆုံးဖြစ်ပြီး ကာကွယ်ဆေးထိုးထားတဲ့ မိခင်တွေက ကလေးငယ်တွေကို ခုခံအားပဋိပစ္စည်းတွေ လွှဲပြောင်းပေးနိုင်တယ်ဆိုတဲ့ အထောက်အထားတွေက သူတို့ကို အရေးကြီးတဲ့ ကာကွယ်မှုကို ပေးနိုင်တာကို ပြနေပါတယ်။

ကနေဒီ(အလယ်)က ကလေးတွေအတွက် ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေးကို ထောက်ခံတဲ့ ကုသရေး အချက်အလက်တွေ မလုံလောက်ဘူးလို့ ပြောပါတယ်။ ဒီအမြင်ကို FDA ကာကွယ်ဆေးအကြီးအကဲ မာတီ မာကာရီကလည်း ထောက်ခံခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကနေဒီ(အလယ်)က ကလေးတွေအတွက် ကိုဗစ်ထပ်ဆောင်းကာကွယ်ဆေးကို ထောက်ခံတဲ့ ကုသရေး အချက်အလက်တွေ မလုံလောက်ဘူးလို့ ပြောပါတယ်။ ဒီအမြင်ကို FDA ကာကွယ်ဆေးအကြီးအကဲ မာတီ မာကာရီကလည်း ထောက်ခံခဲ့ပါတယ်။

"ကုသရေးအချက်အလက်တွေ အလုံအလောက် မရှိဘဲနဲ့ ကလေးတွေကို ထပ်ဆောင်းကာကွယ်ဆေးတွေ ထိုးခိုင်းတယ်ဆိုပြီး ပြီးခဲ့တဲ့ ဘိုင်ဒန် အစိုးရအဖွဲ့ကို သူက ဝေဖန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲဒီအပေါ် သဘောထား ကွဲလွဲခဲ့ကြပါတယ်။

ကမ္ဘာတစ်ဝန်းက နိုင်ငံအများအပြားက ၁၈ နှစ်အောက် ကလေးတွေအတွက် ကိုဗစ်အားဖြည့်ကာကွယ်ဆေးကို အကြံပြုတာကို ရပ်လိုက်ပြီး ပိုပြီးတိကျတဲ့နည်းလမ်းကို ဦးစားပေးလာကြပါတယ်။

ကလေးတွေမှာ ကိုဗစ်-၁၉ ပြင်းထန်နိုင်ခြေ နည်းပေမဲ့ ပုံမှန်ကာကွယ်ဆေးက ရောဂါအခံရှိသူတွေကို ကာကွယ်ပေးနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောကြတယ်။

"ကလေးအများစုက အထူးကြပ်မတ်ကုသမှုဌာနကို မရောက်ကြပါဘူး" လို့ ကလေးအထူးကု ဒေါက်တာ ဟယ်လင်း စတူးဝပ်က ပြောပါတယ်။

"ဒါပေမဲ့ ကာကွယ်ဆေးမထိုးတာက ထိုးထားတာထက်ပိုပြီးတော့ အန္တရာယ်ဖြစ်ဖို့ များပါတယ်။"

၂၀၂၄ ခုနှစ်မှာ Nature သိပ္ပံဂျာနယ်က ဖော်ပြတဲ့ ကိုဗစ်ကာကွယ်ဆေး ကလေးတွေအတွက် ဘေးကင်းရေးကို လေ့လာတဲ့ စစ်တမ်းတစ်ခုအရ ၅ နှ စ် ကနေ ၁၁ နှစ်အရွယ်တွေအတွက် အန္တရာယ်တိုးလာတာမျိုး မတွေ့ရှိခဲ့ပါဘူး။

၁၂ နှစ်ကနေ ၁၇ နှစ် ကြားအရွယ်တွေမှာတော့ ကိုဗစ်ကူးစက်ခံရခြင်းကနေ ဖြစ်ပေါ်လာတဲ့ အန္တရာယ်တွေက ကာကွယ်ဆေးထိုးရင် ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုး နည်းနည်းလေးထက် ပိုများတာကို တွေ့ရပါတယ်။

ကာကွယ်ဆေးဟာ အသက် ၅ နှစ်နဲ့‌အောက်ကလေးငယ်တွေအတွက် ဘေးကင်းပြီး ထိရောက်တယ်ဆိုတာကိုလည်း ပြခဲ့ပါတယ်။

အမေရိကန်မှာ CDC ရဲ့ 'အကြံပြုသင့်တယ်' ကနေ 'အကြံပြုနိုင်တယ်' ဆိုတဲ့ဆုံးဖြတ်ချက်ပြောင်းလဲမှုက ပုံမှန်ကာကွယ်ဆေးတွေရဲ့ ကုန်ကျစရိတ်ကို အာမခံပေးရတဲ့ ကျန်းမာရေးအာမခံတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာ မသိရသေးဘူး။

ကာကွယ်ဆေး ရနိုင်မှု နည်းသွားတာ ဒါမှမဟုတ် ကုန်ကျစရိတ် တက်လာတာမျိုးက ကာကွယ်ဆေးထိုးနှံမှုအပေါ် တုံ့ဆိုင်းမှုကို ပိုဖြစ်စေနိုင်ပါတယ်။

ကာကွယ်ဆေးထိုးဖို့ ဘာလို့ ပိုတုံ့ဆိုင်းလာတာလဲ။

ကပ်ရောဂါက ကာကွယ်ဆေးတွေရဲ့ဘေးကင်းမှုနဲ့ လိုအပ်ချက်တွေအပေါ် ကမ္ဘာလုံးဆိုင်ရာငြင်းခုံမှုကို ပိုဆိုးစေခဲ့ပြီး ပြည်သူတွေရဲ့ ယုံကြည်မှုကို သိသိသာသာ ထိခိုက်စေခဲ့တယ်။

"ကာကွယ်ဆေးတွေကို အတော်ယုံကြည်ခဲ့သူတွေတောင် အခု သိပ္ပံနည်းကျအချက်တွေကို သံသယဝင်လာကြတယ်" လို့ ဆွမ်ဆီးတက္ကသိုလ်က ပြည်သူ့ ကျန်းမာရေး သုတေသနပညာရှင် ဒေါက်တာဆိုင်မွန် ဝီလျံက ပြောပါတယ်။

Nature သိပ္ပံဂျာနယ်မှာ ၂၀၂၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ သုံးသပ်ချက်တစ်ခုက ကမ္ဘာတစ်ဝန်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကြားမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ တုံ့ဆိုင်းမှု ပိုမိုများပြားပြီး သတင်းမှားတွေနဲ့ မယုံကြည်မှုတွေက အဲဒီလို တွန်းအားပေးနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကာကွယ်ဆေးကို မယုံကြည်တာ အတော်များတယ်လို့ ပါမောက္ခ သန်ဂရာတီနမ်က သူ့အတွေ့အကြုံအရပြောပြပါတယ်။

"အစပိုင်းမှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေကို လေ့လာတဲ့သုတေသနနည်းပါးခဲ့ပြီး မသေချာမှုတွေ ရှိခဲ့ပါတယ်။"

အာဖရိက CDC အဆိုအရ အလယ်အာဖရိကသမ္မတနိုင်ငံ၊ ဂျီဘူတီ၊ ကင်ညာ၊ လိုက်ဘေးရီးယား၊ မာလာဝီနဲ့ တိုဂိုနိုင်ငံတွေမှာ အချက်အလက်မှားတွေ၊ လုပ်ကြံဖန်တီးထားတဲ့ အယူအဆတွေ၊ ဗိုင်းရပ်စ်အန္တရာယ်ကို ချဲ့ကားပြောဆိုမှုတွေနဲ့ ကာကွယ်ဆေးဘေးကင်းမှုကို မယုံကြည်မှုတွေက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှုန်းကို အဓိကဟန့်တားနေတဲ့အရာတွေဖြစ်တယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ နိုင်ငံပေါင်း ၁၁၂ နိုင်ငံကျော်မှာ ကာကွယ်ဆေးအားလုံးအတွက် ကလေးသူငယ် ကာကွယ်ဆေးထိုးနှုန်းတွေ ကျဆင်းနေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့ အဆိုအရ သိရပါတယ်။

"သုတေသနအရ မမှန်တဲ့သတင်းကို ခဏပဲကြားရရင်တောင် ကာကွယ်ဆေးထိုးနှုန်းကျ သွားနိုင်တယ်"လို့ လန်ဒန် ကျန်းမာရေးနဲ့ အပူပိုင်းဒေသ ဆေးပညာဆိုင်ရာကျောင်း လက်ထောက်ပါမောက္ခ ဒေါက်တာ အဲလက်ဇ် ဒီ ဖီဂရေဒိုကပြောပါတယ်။ ကပ်ရောဂါမဖြစ်ခင်ကတည်းက ယုံကြည်မှုကျဆင်းလာတာကို သူက ထောက်ပြခဲ့ပါတယ်။

ကပ်ရောဂါကာလအတွင်း "တင်းကျပ်တဲ့မူဝါဒတွေ" က ကာကွယ်ဆေးထိုးဖို့ တုံ့ဆိုင်းမှုကို ပိုမိုဖြစ်စေတယ်လို့ သူက ထပ်ပြောပါတယ်။ "အထူးသဖြင့် လုပ်ရတာနဲ့ ပြန်ရတာ အကျိုးသိပ်မရှိဘူးလို့ ယူဆတဲ့ လူငယ်တွေကြားမှာပါ။"

"ကနေဒီနဲ့ အမေရိကန် ပြန်လည်ကျန်းမာရေး လှုပ်ရှားမှုက ကာကွယ်ဆေးသံသယကို နောက်ထပ်အဆင့်မြင့်သွားအောင်လုပ်နေတယ်"လို့ ဆိုပါတယ်။

ကနေဒီရဲ့ထုတ်ပြန်ပြောဆိုမှုပြီးကတည်းက အချက်အလက်မှားတွေက အွန်လိုင်းမှာ များပြားလာခဲ့တယ်။ X ပေါ်က လူပြောများနေတဲ့ပို့စ်တွေမှာ mRNA ကိုဗစ်ကာကွယ်ဆေးတွေက ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအသေမွေးတာနဲ့ အချိန်မတိုင်မီ သေဆုံးတာတွေ ဖြစ်စေတယ်လို့ မှားယွင်း ပြောဆိုနေကြတယ်။

နေရာအများအပြား အထူးသဖြင့် ကျေးလက်နဲ့ ချို့တဲ့တဲ့ အသိုင်းအဝိုင်းတွေမှာ အစိုးရကို ယုံကြည်မှုမရှိတာနဲ့ ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ လုပ်ပုံကိုင်ပုံ မှားယွင်းမှုတွေက ကြာရှည်နေပြီ ဖြစ်တာကြောင့် ကာကွယ်ဆေးကို ပိုပြီးခုခံမှု ဖြစ်စေတယ်။

"အထောက်အထားတွေနဲ့ မပြောဆိုနိုင်ဘူးဆိုရင် စိုးရိမ်မှုတွေကို တိုးလာပြီး များသောအားဖြင့် ကာကွယ်ဆေးကို လူတွေရဲ့ ယုံကြည်မှု လျော့ကျစေပါတယ်" လို့ ပါမောက္ခ သန်ဂရာတီနမ်က ပြောပါတယ်။

ကာကွယ်ဆေးမထိုးတော့ရင် ဘာဖြစ်မလဲ။

တစ်ဦးချင်းရဲ့ အန္တရာယ်နဲ့ အကျိုးကျေးဇူးကိုသာ ထောက်ထားနေရင် ပိုကျယ်ပြန့်တဲ့ ပြည်သူ့ကျန်းမာရေး အကျိုးကျေးဇူးတွေကို လွတ်သွားနိုင်ပါတယ်။

ကာကွယ်ဆေးထိုးထားသူ များတဲ့အသိုင်းအဝိုင်းမှာ ဗိုင်းရပ်စ်ပြန့်ပွားနိုင်မှုနည်းတယ်ဆိုတာ ယုတ္တိအားဖြင့် သိနိုင်တယ်။

ကိုဗစ်ရောဂါဖြစ်ပွားမှုမြင့်နေတဲ့ အချိန်မှာ ကနေဒီဂျူနီယာရဲ့ ပြောဆိုမှု ထွက်လာတာပါ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့အချက်အလက်တွေအရ ဖေဖော်ဝါရီလအလယ်ကတည်းက ကိုဗစ် ဖြစ်ပွားမှုတွေ တိုးလာနေပါတယ်။ အထူးသဖြင့် ပစိဖိတ်အနောက်ပိုင်းဒေသ၊ အရှေ့တောင်အာရှနဲ့ မြေထဲပင်လယ်အရှေ့ပိုင်းဒေသတွေမှာ ပိုးတွေ့ရှိမှုနှုန်း တစ်နှစ်နီးပါးအတွင်း အမြင့်ဆုံး ဖြစ်နေပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေနဲ့ ပတ်သက်တဲ့ သတင်းမှားတွေက အရင်ကတည်းက ယုံကြည်မှုရထားပြီးသား တခြား ကာကွယ်ဆေးတွေအပေါ် ယုံကြည်မှုကိုလည်း ထိခိုက်စေခဲ့ပါတယ်။

ဝက်သက်လိုမျိုး တခြားရောဂါတွေ ကူးစက်ပြန့်ပွားတာဟာ ကာကွယ်ဆေးတွေအပေါ် သဘောထား ပိုဆိုးလာတာတွေကြောင့်လို့ အစိုးရတွေက ပြစ်တင်ပြောဆိုခဲ့ပါတယ်။

အမေရိကန်မှာ အခုအခါ သမိုင်းတစ်လျှောက် အကြီးဆုံး ဝက်သက် ပျံ့နှံ့မှုတွေထဲက တစ်ခုကို တွေ့နေရပါတယ်။ တောင်အမေရိကနဲ့ အာဖရိကတစ်လွှားမှာလည်း အလားတူ ဖြစ်ပွားမှုတွေ တိုးလာနေပါတယ်။

တစ်ချိန်တည်းမှာပဲ မော်ရိုကိုနိုင်ငံမှာ အရင်က မဖြစ်ဖူးတဲ့အခြေအနေနဲ့ ဝက်သက်ကပ်ရောဂါ ကျရောက်ခဲ့ပါတယ်။ အစိုးရပြောရေးဆိုခွင့်ရှိသူ မူစတာဖာ ဘိုင်တက်စ်က "ကာကွယ်ဆေးတွေကို ပြည်သူတွေ ကြောက်ရွံ့စေတဲ့ အချက်အလက်မှားတွေ" ကို အပြစ်တင်ခဲ့တယ်။

ဒေါက်တာစတီးဝပ်က ယူကေက အလားတူအခြေအနေမျိုးကို မီးမောင်းထိုး ပြောပြခဲ့ပါတယ်။

"ကာကွယ်ဆေးထိုးနှုန်းကျသွားကတည်းက ဝက်သက်ရောဂါ သိသိသာသာ မြင့်တက်လာခဲ့တာ" လို့ သူက ဘီဘီစီကို ပြောပါတယ်။

"ကြည်ညှာချောင်းဆိုးကလည်း ပြီးခဲ့တဲ့ ၁၈ လကျော်မှာ မြင့်တက်ခဲ့ပါသေးတယ်။"

အောင်မြင်တဲ့ ကာကွယ်ဆေးအစီအစဉ်ကို ဆက်ထိန်းသိမ်းဖို့အတွက် ပြည်သူတွေဟာ တိကျမှန်ကန်ပြီး ယုံကြည်စိတ်ချရတဲ့ အချက်အလက်တွေ လွယ်လွယ်ကူကူ ရဖို့ လိုအပ်တယ်လို့ သူက ဆိုပါတယ်။