နာတာရှည်ကိုဗစ် - ဓာတ်မှန်တွေကပြတဲ့ကိုယ်တွင်းပျက်စီးမှု

MRI Scan

ဓာတ်ပုံ ရင်းမြစ်, Getty Images

နာတာရှည် ကိုဗစ်ရောဂါဖြစ်တဲ့လူတွေဟာ ဆေးရုံတက်ဆေးကုသမှုခံယူပြီးတဲ့နောက်မှာတော့ အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါတွေ အတိုင်းအတာတစ်ခုအထိ ပျက်စီးနိုင်ခြေပိုများတယ်လို့ သုတေသနတစ်ခုက ဖော်ပြလာပါတယ်။

နာတာရှည်ကိုဗစ်ဆိုတာဟာ ကနဦးဖျားနာမှုထက်ကျော်လွန်ပြီး သီတင်းပတ်နဲ့ချီအောင် ဒါမှမဟုတ် လနဲ့ချီအောင် ရောဂါဒဏ်ကျန်နေခဲ့တာကို ခေါ်ဝေါ်တာဖြစ်ပါတယ်။

ပုံရိပ်ဖော်ရောဂါရှာဖွေတဲ့ MRI ဓာတ်မှန်တွေအရဆိုရင် ရောဂါအကင်းမသေတဲ့လူနာတွေဟာ အဆုတ်၊ ဦးနှောက်နဲ့ ကျောက်ကပ်တို့လို ကိုယ်တွင်းအင်္ဂါတစ်ခုထက်မနည်းမှာ ပုံမှန်မဟုတ်တဲ့ အနေအထားတွေဖြစ်လာနိုင်ခြေ ၃ ဆအထိ မြင့်နေတယ်ဆိုတာကို တွေ့ခဲ့ရတာပါ။

ဒါဟာ နာမကျန်းဖြစ်တဲ့အတိုင်းအဆနဲ့လည်း ချိတ်ဆက်မှုရှိတယ်ဆိုတာကို သုတေသီတွေက ယုံကြည်ကြပါတယ်။

အခုလို ကိုဗစ်ဖြစ်တဲ့လူတွေအတွက် ဒီလေ့လာချက်က ပိုထိရောက်တဲ့ ကုသမှုတွေပေးနိုင်ရေး အထောက်အကူဖြစ်ဖို့လည်း မျှော်လင့်ကြပါတယ်။

Lancet လန်းဆက် အသက်ရှုလမ်းကြောင်းဆိုင်ရာဆေးပညာဂျာနယ်ကနေ ထုတ်တဲ့ အခုလေ့လာချက်ဟာ ကိုဗစ်ဖြစ်လို့ ဆေးရုံတက် ဆေးကုသမှုခံယူခဲ့ကြရဖူးတဲ့ လူနာ ၂၅၉ ဦးကို လေ့လာခဲ့တာပါ။

ဒီလူနာတွေ ဆေးရုံက ဆင်းတာ ၅ လကြာပြီးတဲ့နောက်မှာတော့ MRI ရိုက်ကြည့်ခဲ့ရာမှာ အဲဒီလူတွေရဲ့ကိုယ်တွင်းအင်္ဂါ ဓာတ်မှန်တွေဟာ ကိုဗစ်မဖြစ်ဖူးသူ ၅၂ ဦးရဲ့ ဓာတ်မှန်တွေ ထက်စာရင် သိသိသာသာပြောင်းလဲမှု အတိုင်းအတာတစ်ခုအထိ ရှိတာကို ပြသနေပါတယ်။

အကြီးမားဆုံးရိုက်ခတ်မှုကတော့ အဆုတ်တွေမှာတွေ့ရတာဖြစ်ပြီး သူတို့ အဆုတ်တွေဟာ ပုံမှန် မဖြစ်မှုနှုန်း ၁၄ ဆလောက် ရှိနေတယ်ဆိုတာကို ဓာတ်မှန်တွေက ပြသပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီဓာတ်မှန်တွေအရဆိုရင် ကိုဗစ်ကူးစက်ဖူးသူတွေရဲ့ ဦးနှောက်မှာ ပုံမှန်မဖြစ်မှု ၃ ဆနဲ့ ကျောက်ကပ်တွေမှာဆိုရင် ၂ ဆလောက်ဖြစ်နေတာကို တွေ့ရပါတယ်။

ဒါပေမဲ့ နှလုံးနဲ့ အသည်းတွေရဲ့ ကျန်းမာရေးမှာတော့ သိသိသာသာ ခြားနားတာ မတွေ့ရပါဘူး။

ဒီ သုတေသနကို ဦးဆောင်လေ့လာခဲ့သူတွေထဲက တစ်ဦးလည်းဖြစ်တဲ့ အောက်စဖို့ဒ်တက္ကသိုလ်က ဒေါက်တာ ဘက်တီရာမန်ကတော့ ကိုဗစ်လက္ခဏာ အကင်းမသေကြသူတွေဟာ ကိုယ်အင်္ဂါပျက်စီးမှု ပိုဖြစ်နိုင်ခြေရှိတယ် ဆိုတာကို ပြသနေတယ်လို့ ပြောပါတယ်။

‘‘ကိုဗစ်ဖြစ်တုန်းက လူနာရဲ့အသက်၊ ရောဂါပြင်းထန်နှုန်းရော တခြားနာမကျန်းမှုအခံပါရှိနေမယ်ဆိုရင် ဒါတွေက ဒီလိုလူနာရဲ့ကိုယ်တွင်းအင်္ဂါ ပျက်စီးယိုယွင်းမှုကို ဦးတည်စေတာ ဟုတ်၊ မဟုတ်ဆိုတာတွေကိုလည်း အဓိကထား စဥ်းစားရမယ့် အချက်တွေဖြစ်ပါတယ်’’လို့ သူကပြောပါတယ်။

ကုသနည်းအသစ်

အခုလေ့လာတွေ့ရှိချက်တွေဟာ ကိုဗစ်ကြောင့် ဆေးရုံတင်ခဲ့ရသူတွေရဲ့ ရေရှည်သက်ရောက်မှုကို လေ့လာတဲ့ ကြည့်တဲ့ Phosp-Covid လို့ခေါ်တဲ့ ပိုကျယ်ပြန့်တဲ့ လေ့လာချက်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။

သုတေသီတွေဟာ MRI ဓာတ်မှန်တွေက ပြတဲ့ ကိုယ်တွင်းအင်္ဂါယိုယွင်းမှု လက္ခဏာအချို့ကိုလည်း တွေ့ထားပါတယ်။ ဥပမာအနေနဲ့ အဆုတ်တွေထဲမှာ ပုံမှန်မဟုတ်တဲ့အနေအထားကြောင့် ရင်ဘတ်တင်းကြပ်ပြီး ချောင်းဆိုးမှုဖြစ်ပါတယ်။

ဒါပေမဲ့ ကိုဗစ်ဒဏ် ကာလရှည်ခံစားရသူတွေမှာတွေ့ရတဲ့ လက္ခဏာတွေအားလုံးကတော့ ဓာတ်မှန်တွေပေါ်မှာမြင်ရတာတွေနဲ့ တိုက်ရိုက် ဆက်နွှယ်နေတာမျိုး မဟုတ်ပါဘူး။

ဒေါက်တာရာမန်ကတော့ ဆေးရုံတက်ခဲ့ရသူတွေကြားထဲမှာ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်း တစ်ခုထက်ပိုပြီး ပုံမှန်မဟုတ်ပုံပေါ်ပြီး ကနဦးကူးစက်မှုကနေ သက်သာသွားခဲ့သူတွေမှာလည်း စိတ်ပိုင်းနဲ့ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေ ရှိနေတယ်ဆိုတာကို သိရှိရတယ်လို့ ပြောပါတယ်။

‘‘ကျွန်မတို့ အခု မြင်တွေ့နေရတာကတော့ ကိုယ်တွင်းအင်္ဂါစုံ ရောဂါရှာဖွေရေး MRI ဓာတ်မှန်က ပြသတာတွေပါ။ ဒါတွေက ကိုယ်တွင်းအင်္ဂါ ၂ ခုကျော်အထိ သက်ရောက်မှုရှိတာကိုပြပြီး ပြင်းထန်နိုင်ခြေ ၄ ဆမြင့်တာနဲ့ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ အတော်လေး အဟန့်အတားဖြစ်နိုင်ခြေရှိပါတယ်’’လို့ သူက ပြောပါတယ်။

‘‘အခုကျွန်မတို့တွေ့ရှိချက်အရဆိုရင် အဆုတ်အပြင် ကျောက်ကပ်၊ ဦးနှောက်၊ စိတ်ကျန်းမာရေးတွေကိုပါ နောက်ဆက်တွဲ အလေးထားကုသရဖို့ လိုတယ်ဆိုတာကို မီးမောင်းထိုးပြနေပါတယ်။ အထူးသဖြင့် ကိုဗစ်နဲ့ဆေးရုံတက်ခဲ့ကြရသူတွေပေါ့’’

Phosp-Covid လေ့လာမှုကို ဦးဆောင်နေတဲ့ လက်စတာတက္ကသိုလ်က ပါမောက္ခ ခရစ် ဘရိုက်တလင်းကတော့ အခုသုတေသနဟာ ကိုဗစ်အကင်းမသေမှုလို့ သိကြတဲ့ ရောဂါမျိုးဖြစ်လာစေတဲ့ လက္ခဏာအစုကို ပိုပြီးနားလည်လာစေဖို့ လေ့လာတဲ့ အားထုတ်မှုလို့ ပြောပါတယ်။

‘‘ကိုဗစ်ဖြစ်လို့ ဆေးရုံမှာ တက်ရောက်ကုသမှုခံယူပြီး လနဲ့ချီကြာတာတောင် ကိုယ်တွင်းအင်္ဂါတွေမှာ အပြောင်းအလဲတွေရှိနေတယ်ဆိုတာကို တစ်ကိုယ်လုံးကို ပုံရိပ်ဖော်ပြီး လေ့လာထားတဲ့ ဒီလေ့လာချက် အသေးစိတ်ဓာတ်မှန်တွေက အတည်ပြုပေးထားနိုင်ပါတယ်’’

‘‘Phosp-Covid လေ့လာချက်က ကိုဗစ်အကင်းမသေမှုကို ဘယ်လိုကုသမှု အသစ်လုပ်မလဲ၊ ဘယ်လိုစစ်ဆေးမှုပြုလုပ်မလဲ၊ ဘာကြောင့် ဒီလိုဖြစ်တာလဲဆိုတာကို နားလည်လာဖို့ ဖြစ်သွားစေပါတယ်’’