ကိုဗစ်-၁၉ ဓာတ်ခွဲခန်း ယိုစိမ့်မှုက စခဲ့သလား

ဓာတ်ပုံ ရင်းမြစ်, Reuters
သတိ - ဒီသတင်းလွှာမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါဝင်နိုင်ပါတယ်။
ကိုဗစ် ၁၉ ဟာ တရုတ်အစိုးရ လက်အောက်က ဓာတ်ခွဲခန်း တခုကနေ မြစ်ဖျားခံခဲ့တာ ဖြစ်တယ်ဆိုပြီး အမေရိကန်က ပြောခဲ့ပါတယ်။ အဲဒါကြောင့်ပဲ လွန်ခဲ့တဲ့ ၃ နှစ်မှာ ကမ္ဘာတစ်ဝန်း ကူးစက်သွားခဲ့တဲ့ ကမ္ဘာ့ကပ်ရောဂါကြီးနဲ့ ပတ်သက်လို့ မေးခွန်းအသစ်တွေ ထွက်လာခဲ့ပါတယ်။ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာနမှာ ၂၀၁၈ ကနေ ၂၀၂၁ အထိ အကြီးအကဲ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ ရောဘတ် ရက်ဒ်ဖီးလ်ဒ် ကလည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဒီ ကိုဗစ် ၁၉ ဟာ တရုတ်ပြည်က ဓာတ်ခွဲခန်းတခုဆီကနေ မတော်တဆ ယိုစိမ့် ထွက်လာခဲ့တာ ဖြစ်တယ်လို့ ကွန်ဂရက်လွှတ်တော်မှာ အစီရင်ခံခဲ့ပါတယ်။
သူ့အယူအဆနဲ့ ပတ်သက်လို့ ပြည်ထောင်စု ထောက်လှမ်းရေး အဖွဲ့ အက်ဖ်ဘီအိုင်ရဲ့ အကြီးအကဲ ခရစ္စတိုဖာ ရေးက အက်ဖ်ဘီအိုင်ရဲ့ စုံစမ်းမှုတွေအရ ဒီကပ်ရောဂါဟာ ဓာတ်ခွဲခန်းထဲက စခဲ့တာ ဆိုတာ ဖြစ်နိုင်ကြောင်း ဖောက်စ် သတင်းဌာနကို ပြောခဲ့ပါတယ်။
သိပ္ပံပညာရှင် တော်တော် များများကတော့ ဓာတ်ခွဲခန်းထဲက ယိုစိမ့် ထွက်လာခဲ့တယ်ဆိုတာနဲ့ ပတ်သက်လို့ ဘာအထောက်အထားမှ မရှိဘူးလို့ ပြောကြပါတယ်။ အမေရိကန် အစိုးရ အေဂျင်စီတွေကရဲ့ အယူအဆတွေကလည်း အမျိုးမျိုး ဖြစ်နေကြပါတယ်။ ဆိုတော့ ဒီ ကပ်ရောဂါရဲ့ အစဟာ ဘယ်က ဆိုတာ အမေရိကန် အစိုးရထဲမှာတောင်မှ တူညီတဲ့ အယူအဆ မရှိကြဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တဖက်မှာ ဓာတ်ခွဲခန်းထဲကနေ ဗိုင်းရပ်စ် ယိုစိမ့် ထွက်လာဖို့ ဘယ်လောက်လွယ်ကူသလဲ ဆိုတာနဲ့ အရင်ကရော ဒီလို အဖြစ်မျိုးတွေ ကြုံခဲ့ဖူးသလား ဆိုတာဟာ စိတ်ဝင်စားစရာ ကောင်းပါတယ်။
အသေအပျောက် ဖြစ်ခဲ့ဖူးတဲ့ ယိုစမ့်မှု
အဲဒီလို အဖြစ်မျိုးတွေ ရှိခဲ့ပါတယ်။ ကြုံခဲ့ဖူးပါတယ်။ မြို့ကြီး ပြကြီးတွေမှာ ရှိတဲ့ ဓာတ်ခွဲခန်းတွေကနေ မတော်တဆ ဗိုင်းရပ်စ်တွေ ပေါက်ထွက် ယိုစိမ့် ပျံ့နှံ့ခဲ့ဖူးပါတယ်။ သာဓက ပြရရင် ကျောက်ကြီး ရောဂါပါ။
၁၉၇၇ ခုနှစ်မှ လုံးဝရှင်းပစ်နိုင်ခဲ့ပေမဲ့ အဲဒီ မတိုင်ခင် ၂၀ ရာစုနှစ်တွေအတွင်းမှာ ဒီရောဂါကြောင့် လူ သန်းပေါင်း ၃၀၀ လောက် အသက်ဆုံးရှုံးခဲ့ရဖူးပါတယ်။
အဲဒါကြောင့်လည်း လွန်ခဲ့တဲ့ ၁၉၇၈ ခုနှစ်က အသက် ၄၀ အရွယ် ဆေးပညာ ဆိုင်ရာ ဓာတ်ပုံဆရာ ဂျဲဘနက် ပါကာရဲ့ ဆေးစစ်ချက်အဖြေကလည်း အထိတ်တလန့် ဖြစ်စေခဲ့ပါတယ်။
အဲဒီ အချိန်က အရှေ့ဘာမင်ဂန် ဆေးရုံရဲ့ ကူးစက်ရောဂါ ဆိုင်ရာ အထူးကု ဆရာဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အလတ်စ်ဒါ ဂဲဒက်စ်က ဒီကြောက်စရာ ရောဂါကြီး ပြန်ပေါ်လာပြီလားဆို ဘာမင်ဂန်မှာ အထိတ်တလန့် ဖြစ်သွားခဲ့ရတယ်။ အစိုးရထဲမှာရော ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အထိပါ အထိတ်တလန့် ဖြစ်သွားခဲ့ရတယ်လို့ ပြောပါတယ်။
ကျောက်ကြီးရောဂါဟာ ကူးစက်ရောဂါ ဖြစ်ပြီး ကူးစက်ခံရသူတွေထဲက ၃ ပုံ တပုံကို အသက်ပါ သေဆုံးစေနိုင်တဲ့ ရောဂါဖြစ်ပြီး တက္ကသိုလ် ဓာတ်ခွဲခန်း တွေဆီမှာ စမ်းသပ်ရင်းက ယိုစိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မစ္စ ပါကာ ဘယ်လို ကျောက်ကြီးရောဂါ ကူးစက်ခံခဲ့ရသလဲ ဆိုတာ အတိအကျ အဖြေမရခဲ့ကြပါဘူး။ အစိုးရရဲ့ အစီရင်ခံစာထဲမှာတော့ ဒီကျောက်ကြီး ရောဂါကူးစက်ဖို့ ဖြစ်နိုင်ခြေ လမ်းကြောင်း ၃ ခုကို ချပြထားပါတယ်။ လေထဲမှာ ကူးစက်တာ၊ လူချင်း ထိတွေ့မှုကြောင့် ကူးစက်တာနဲ့ ဗိုင်းရပ်စ်ပိုးတွေ ရှိနေတဲ့ အသုံးအဆောင် ပစ္စည်း တခုခုဆီကနေ ကူးစက်တာ ဖြစ်နိုင်ကြောင်း ဖော်ပြထားပါတယ်။
သီးခြားခွဲနေစေတာနဲ့ ကွာရန်တင်း လုပ်ခဲ့တာတွေကြောင့် အဲဒီအချိန်မှာ မစ္စ ပါကာနဲ့ ထိတွေ့မှု ရှိခဲ့တာဟာ သူ့မိခင် တဦးတည်းသား ဖြစ်ခဲ့ပါတယ်။
မစ္စပါကာ အသက်ဆုံးရှုံးခဲ့ရပေမဲ့ မိခင်ဖြစ်သူကတော့ ရောဂါသိပ်မပြင်းဘဲ ပြန်လည် သက်သာ လာခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်မှာ နောက်ထပ် လူ ၂ ယောက် ထပ်သေဆုံးခဲ့ရပါတယ်။ ဖခင်ဖြစ်တဲ့ အသက် ၇၇ နှစ်အရွယ် ဖရက်ဒရစ်ခ် ဟာ ကွာရန်တင်းဝင်နေရစဉ်မှာပဲ နှလုံးရောဂါနဲ့ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။ သူ့သမီးဖြစ်သူရဲ့ အဖြစ်အတွက် စိတ်နှလုံး ဖိစီးပြီး အခုလို ဖြစ်သွားခဲ့ရတာလို့ ယူဆကြပါတယ်။ ကျန်တဦးကတော့ ဘာမင်ဂန် ကျောက်ကြီး ရောဂါဆိုင်ရာ ဓာတ်ခွဲခန်းရဲ့ အကြီးအကဲ ဖြစ်တဲ့ ပါမောက္ခ ဟင်နရီ ဘက်ဒ်ဆင်ဖြစ်ပြီး သူ့ကတော့ သူ့ကိုယ်သူ အဆုံး စီရင်သွားခဲ့တာ ဖြစ်ပါတယ်။
လုံခြုံမှု အမြင့်အဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီအဖြစ်အပျက် နောက်ပိုင်းမှာ အာဏာပိုင်တွေက ဓာတ်ခွဲခန်းတွေက တဆင့် ယိုစိမ့်မှုနဲ့ ပတ်သက်လို့ ပြန်လည် သုံးသပ်ခဲ့ကြပြီး ဗိုင်းရပ်စ်ထားတဲ့ နေရာတွေကို လျှော့ချဖို့ အတွက် ဆောင်ရွက်ခဲ့ကြပါတယ်။
ကမ္ဘာ့ကျန်းမာရေး အဖွဲ့ရဲ့ ၁၉၇၉ သဘောတူညီချက် ထဲမှာလည်း နောက်ဆုံး ကျန်နေတဲ့ ကျောက်ကြီး ရောဂါပိုး နမူနာတွေကို အမေရိကန် ပြည်ထောင်စုက အတ္တလန်တာ မြို့မှာ ရှိတဲ့ ရောဂါ ထိန်းချုပ်ရေး စင်တာများ CDC နဲ့ ရုရှားက ဆိုက်ဘေးရီးယားမှာ ရှိတဲ့ နိုဗိုစီဘရစ္စခ် ဒေသတွင်းက ဗက်တာ ဓာတ်ခွဲခန်းမှာပဲ ထားရှိပါတယ်။ အဲဒီ ဓာတ်ခွဲခန်းတွေဟာ ကမ္ဘာပေါ်မှာ လုံခြုံမှု အရှိဆုံးနဲ့ အကောင်းဆုံး ဓာတ်ခွဲခန်းတွေ ဖြစ်တာကြောင့် ရွေးချယ်ခဲ့တာပါ။ ဒါပေမယ့် အဲဒီ ဓာတ်ခွဲခန်းတွေမှာတောင် အထိတ်တလန့် အဖြစ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါသေးတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ က CDC မှာ ဒေါင့်သန်းပိုးနမူနာတွေကို စမ်းသပ်မှု လုပ်ပြီးနောက်မှာ သေသေချာချာ ပိုးမသတ်ခဲ့တာကြောင့် လူတချို့ ကူးစက်ခံရမယ့် အရေးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဘယ်သူမှတော့ ကူးစက်ခံခဲ့ရခြင်း မရှိပါဘူး။
၂၀၁၉ ခုနှစ် အတွင်းကလည်း ဗက်တာ ဓာတ်ခွဲခန်းမှာ ဓာတ်ငွေ့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အဆောက်အအုံတလုံးမှာ ပြတင်းပေါက်မှန်တွေ ပေါက်ကွဲခဲ့ရပြီး ဝန်ထမ်းတယောက်လည်း မီးလောင်ဒဏ်ရာတွေ ရသွားပြီး အထူးကြပ်မတ် ကုသဆောင်မှု ကုသမှု ခံယူခဲ့ရပါတယ်။ အာဏာပိုင်တွေတော့ ဒီပေါက်ကွဲမှုနဲ့ ဆက်စပ်ပြီး ဘယ်သက်ရှိပိုးမှ ကူးစက်ပျံနှံ့မှု မရှိဘူးလို့ ပြောခဲ့ပါတယ်။
သေစေလောက်တဲ့ အမှားများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တချို့ လုံခြုံမှု အမြင့်ဆုံး ဓာတ်ခွန်ခန်းတွေမှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေမှာတော့ အဲဒီက ဝန်ထမ်းတွေနဲ့ အနီးမှာ နေထိုင်ကြသူတွေမှာပါ ကူးစက်မှုတွေ ကြုံခဲ့ရပါတယ်။
ပြင်သစ်က သိပ္ပံပညာရှင် အမျိုးသမီးတယောက် ဓာတ်ခွဲခန်း ပစ္စည်းတခုကြောင့် ရှမိသွားခဲ့ပြီး ၁၀ နှစ်အကြာမှာ သေဆုံးသွားခဲ့ပါတယ်။ အဲဒီနောက်ပြီး ပြင်သစ်မှာ လုံခြုံရေး အစီအမံတွေကို ထပ်မံ မြှင့်တင်ခဲ့ရပါတယ်။
Émilie Jaumain ဟာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က သူ့အသက် ၃၃ နှစ်အရွယ်မှာ ကူးစက်နိုင်တဲ့ ပရီယွန်လို့ ခေါ်တဲ့ ပရိုတိန်းတမျိုးနဲ့ ထိတွေ့မှုဖြစ်ပြီး ၁၀ နှစ် အကြာမှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပရိုတိန်းကြောင့် နွားတွေမှာ BSE ဆိုတဲ့ ရောဂါနဲ့ လူတွေမှာ CJD ဆိုတဲ့ ရောဂါတွေ ဖြစ်ပွားနိုင်ပါတယ်။ သူ့မှာ အဲဒီလို ကူးစက်ခံရနိုင်တယ်ဆိုတာကို သိခဲ့ပေမယ့် ဒီရောဂါကို ကုသနိုင်မယ့် ကာကွယ်ဆေးတွေရော ကုထုံးတွေရော မရှိခဲ့ပါဘူး။
တရုတ်ပြည် အနောက်မြောက်ပိုင်းက လန်ကျိုးမှာ ရှိတဲ့ ဇီဝဆေးဝါးစက်ရုံမှာလည်း ချို့ယွင်းမှုတွေ ဖြစ်ခဲ့ပြီး လူပေါင်း ၁၀,၀၀၀ လောက် အန္တရာယ်ပေးနိုင်တဲ့ ရောဂါမျိုးဖြစ်စေနိုင်တဲ့ ပိုးတွေ ကူးစက်ခံခဲ့ရပါတယ်။
အဲဒီမှာ တိရစ္ဆာန်တွေအတွက် ဘရုဆဲလ်လာ ဘက်တီးရီးယား ကာကွယ်ဆေး ထုတ်လုပ်နေတာ ဖြစ်ပြီး သုံးစွဲနိုင်တဲ့ ရက်လွန်နေတဲ့ ပိုးသတ်ဆေးတွေကို သုံးခဲ့တာကြောင့် ဖြစ်ပါတယ်။ အဲဒါကြောင့် ပိုးတွေ ပျံ့သွားခဲ့ပြီး အနီးမှာရှိတဲ့ သုတေသနရုံးက လုပ်သားတွေ ကူးစက်ခံခဲ့ရပါတယ်။ အဲဒီနောက်မှာ မြို့ထဲက လူထောင်ပေါင်းများစွာမှာပါ ကူးစက်မှုတွေ ဖြစ်ခဲ့ရပါတယ်။
သေစေလောက်တဲ့ အထိ မဆိုးပေမယ့် တုပ်ကွေးလို ရောဂါလက္ခဏာတွေ ပြပြီး နာတာရှည် ကျန်းမာရေး ပြဿနာတွေလည်း ပေးနိုင်ပါတယ်။ အဲဒီ ပိုးကို အမေရိကန် ပြည်ထောင်စုနဲ့ ဆိုဗီယက်ပြည်ထောင်စုတို့မှာ ဇီဝလက်နက်အဖြစ် အသုံးပြုနိုင်ဖို့ ဖန်တီးခဲ့ကြတာ ဖြစ်ပါတယ်။
အခု ကူးစက်မှုနဲ့ ကြုံခဲ့ရသူတွေကို လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပေးပြီး နစ်နာကြေးတွေလည်း ပေးခဲ့ရပါတယ်။ အဲဒီလို အဖြစ်မျိုးတွေက ဖြစ်ခဲတယ်လို့ မဆိုသာပါဘူး။ ဓာတ်ခွဲခန်း ဝန်ထမ်းတွေရဲ့ အမှားအယွင်းတွေကြောင့် အနီးအနားမှာ နေထိုင်ကြသူတွေမှာ ရောဂါပိုး ကူးစက်မှုတွေ ကြုံရလေ့ ရှိပါတယ်။
ပဟေဠိဆန်သော ယိုစိမ့်မှု
နောက်ပြီး ဘယ်လိုဘယ်ပုံ ဖြစ်ခဲ့ရတယ်ဆိုတာ အဖြေမရှာနိုင်တဲ့ ဓာတ်ခွဲခန်းတွေကနေ ရောဂါပိုးတွေ ကူးစက်ပျံ့နှံ့လာတဲ့ အဖြစ်မျိုးတွေ လည်း ရှိခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ က ထိုင်ဝမ်က တိုင်ပေမြို့မှာ ရှိတဲ့ ဓာတ်ခွဲခန်း ဝန်ထမ်းတဦးဟာ ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကို လေ့လာရာနေ ရောဂါကူးစက်ခံခဲ့ရပါတယ်။
စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ရမှာ လုံခြုံမှုပိုင်းမှာ တင်းကြပ်မှု အားနည်တာကို တွေ့ရပေမယ့် ဘယ်ဟာ မှားသွားသလဲ ဆိုတာကို အဖြေမထုတ်နိုင်ခဲ့ကြပါဘူး။ တချို့ကတော့ အသက်ရှူရင်းကနေ ပိုးဝင်သွားခဲ့တာ ဖြစ်မယ်လို့ မှန်းဆကြသလို တချို့ကလည်း ကိုယ်ဝတ်ထားတဲ့ အကာအကွယ် ပစ္စည်းတွေကို စနစ်တကျ မဖယ်ရှားမိတာကြောင့် ဖြစ်မယ်လို့ ဆိုကြပါတယ်။
ဓာတ်ခွဲခန်းတွေမှာ ဒီလို ပဟေဠိဆန်တဲ့ ယိုစိမ့်မှုမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ကမ္ဘာ့ကပ်ရောဂါကြီးအထိ ဖြစ်သွားခဲ့ရတဲ့ တရုတ်ပြည်က ကိုဗစ် ၁၉ ကူးစက်မှုရဲ့ အစကရော ဒီလိုပဲလား၊ ဒါမှမဟုတ် တိရစ္ဆာန်တွေ ဆီကနေတဆင့် သဘာဝအတိုင်း ကူးစက်ခဲ့တာလား ဆိုတာနဲ့ ပတ်သက်လို့တော့ အဖြေထုတ်နိုင်ဖို့ ကြိုးစားနေကြဆဲ ဖြစ်ပါတယ်။








