ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဧပြီ ၆ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - မြန်မာငလျင်ကူညီရေး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတုံ့ပြန်ချက်
သမ္မတထရမ့် အစိုးရက နိုင်ငံတကာဖွံ့ဖြိုးရေးဆိုင်ရာအမေရိကန်အေဂျင်စီ(USAID) လည်ပတ်မှုကို ဆိုင်းငံ့ထားတာကြောင့် မြန်မာက ငလျင်ကို ဝါရှင်တန်ဘက်က မကူညီနိုင်ဖြစ်နေတယ်ဆိုတဲ့စွပ်စွဲချက်တွေကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက တုံ့ပြန်လိုက်ပါတယ်။
အမေရိကန်အနေနဲ့ အရင်တုန်းက သဘာဝဘေးအန္တရာယ်တွေကို အကူအညီပေးသလိုမျိုး မြန်မာငလျင်ကို ဘာကြောင့် မတုံ့ပြန်နိုင်ခဲ့လဲဆိုတာကို ဘီဘီစီက မေးမြန်းချိန်မှာတော့ ''ကမ္ဘာမှာ ကျွန်တော်တို့ အစိုးရတစ်ရပ်တည်းရှိတာမဟုတ်ဘူး'' လို့ သူက ပြောပါတယ်။
အခုသီတင်းပတ်အစောပိုင်းတုန်းကတော့ USAID ကို ဖျက်သိမ်းဖို့ ပြင်နေတာကြောင့် မြန်မာငလျင်ကို အမေရိကန်က ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ရှာဖွေရေး ခွေးတွေ မလွှတ်နိုင်တာဆိုပြီး USAID အရာရှိ ၃ ဦးက ပြောထားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုကတော့ အမေရိကန်ပြည်ထောင်စုဟာ တခြားလိုအပ်ချက်ရှိသူတွေ၊ နောက် အမေရိကန်အမျိုးသားအကျိုးစီးပွားနဲ့ဆက်စပ်တဲ့ဦးစားပေးစရာကိစ္စတွေနဲ့ ချိန်ညှိပြီး ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာမှု အကျပ်အတည်းကို ဟန်ချက်ညီအောင် လုပ်ဆောင်ရတာလို့ ပြောပါတယ်။
''ကမ္ဘာမှာ တခြားနိုင်ငံတွေအများကြီး ရှိနေတာပဲ။ အဲဒီနိုင်ငံတွေ ပါဝင်လာအောင်လည်း တောင်းဆို သင့်တယ်''
''ကျွန်တော်တို့ လုပ်နိုင်တဲ့အပိုင်းကို လုပ်မှာပဲ။ အဲဒီမှာ ကျွန်တော်တို့ လူတွေရောက်နေပြီ။ ထပ်လည်း ရောက်ဦးမှာ။ ကျွန်တော်တို့ တတ်နိုင်သမျှ ကူသွားမယ်၊ (ဒါပေမဲ့) လွယ်လွယ်ကူကူလုပ်ကိုင်လို့ ရတဲ့နေရာမဟုတ်နေပြန်ဘူး။ ကျွန်တော်တို့ကို မကြိုက်တဲ့ စစ်ခေါင်းဆောင်တွေရှိနေတယ်'' လို့ ရူဘီယိုက ပြောပါတယ်။
ထရမ့်အကြံပေး ဘီလျံနာသူဌေး အီလွန်မက်စ်က ဦးဆောင်ပြီး USAID ကို ပိတ်ဖို့အထိ ပြင်နေတာကြောင့် အိမ်ဖြူတော်ဟာ မတ်လ ၂၈ ရက်ကလှုပ်ခတ်ခဲ့တဲ့မြန်မာငလျင်ဆီ အသက်တွေကယ်ဖို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မြန်မြန် မလွှတ်နိုင်ခဲ့တာလို့ USAID အရာရှိဟောင်းတစ်ဦးက အခုတစ်ပတ်အတွင်း ပြောထားပါတယ်။
ပုံမှန်ဆို ငလျင်တွေမှာ အမေရိကန်ဟာ အနံ့ခံခွေးတွေအပါအဝင် ကူညီကယ်ဆယ်ရေးလုပ်သား ၂၀၀ နီးပါးကို အထူးကိရိယာတွေနဲ့အတူ စေလွှတ်လေ့ရှိပြီး မြေပြင်ကို တုံ့ပြန်မှု အမြန်ဆုံးလုပ်နိုင်တဲ့ပြည်ပ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။
ပြီးခဲ့တဲ့တစ်ပတ်ကတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ငလျင်ဘေးသင့်တဲ့ဒေသတွေဆီကို အကြံပေး ၃ ဦးပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ကို လွှတ်ထားတယ်လို့ပြောပါတယ်။
မြန်မာဟာ ငလျင်ကူညီရေးအတွက် အမေရိကန်ကို တရားဝင် အကူအညီတောင်းခံထားတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အခုသီတင်းပတ်အစောပိုင်းမှာ ပြောထားပါတယ်။
ဒါပေမဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုကတော့ ဘယ်လ်ဂျီယံနိုင်ငံ၊ မြို့တော် ဘရပ်ဆဲမှာပြုလုပ်တဲ့ နေတိုး(Nato) အဖွဲ့အစည်းအဝေးပွဲ တစ်ခုမှာ ငလျင်နဲ့ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေကို အပြစ်ဖို့ ပြောပါတယ်။
USAID အရာရှိဟောင်းတွေကတော့ သူတို့လုပ်ငန်းဟာ နိုင်ငံရေးနဲ့မဆက်နွှယ်ဘူးလို့ ရှုမြင်ကြပြီး အရင်တုန်းကလည်း နိုင်ငံရေးမတည်ငြိမ်တဲ့နိုင်ငံတွေကို ဝင်ခွင့်ရခဲ့တာကို ထောက်ပြပြောဆိုပါတယ်။
''ပြောထားခဲ့သလိုပါပဲ။ ကျွန်တော်တို့ဟာ လူသားချင်းစာနာမှုအကျပ်အတည်းကို ဆက်ပြီး ကူညီချင်ပါတယ်။ တခြားနိုင်ငံတွေလည်း ဒီလိုလုပ်ဖို့ လိုအပ်ပါတယ်။ တရုတ်ဆို သိပ်ကို ချမ်းသာတဲ့နိုင်ငံပါ။ အိန္ဒိယလည်း ချမ်းသာတာပဲ။ တခြားနိုင်ငံအများကြီးလည်း ရှိတယ်။ အားလုံး ကူညီသင့်တယ်'' လို့ သူက ပြောပါတယ်။
တဖက်မှာလည်း တရုတ်နဲ့ အိန္ဒိယတို့ဟာ မြန်မာငလျင်အတွက် ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေကို ပထမဆုံး စေလွှတ်တဲ့နိုင်ငံတွေထဲမှာပါဝင်ပါတယ်။
ငလျင်အလွန် ကူညီကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့အချို့ကို စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့တွေက စာရင်းကောက်ယူနေ
ငလျင်ဒဏ်သင့်အရပ်တွေမှာ လူထုကို ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ လူမှုကူညီရေးအသင်းတွေကို စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက အတွင်းကျကျ မေးမြန်းပြီး စာရင်းကောက်ယူနေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။
စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ငလျင်ဒဏ် ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ဘယ်အဖွဲ့အစည်းမဆို သီးခြား ရပ်တည်ဆောင်ရွက်ခွင့် မရှိဘဲ အုပ်ချုပ်ရေးအဖွဲ့တွေဆီ ကြိုတင်ခွင့်ပြုချက်တောင်းယူဖို့၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ပူးပေါင်းနိုင်မှသာ ခွင့်ပြုပေးဖို့ကို ဧပြီ ၅ ရက်မှာ ကျင်းပခဲ့တဲ့ စစ်ကောင်စီအစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။
ဒုစစ်ခေါင်းဆောင် ပြောကြားပြီးနောက်ပိုင်း မန္တလေးတိုင်းနဲ့ ပဲခူးတိုင်းထဲက ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို မနေ့ကနဲ့ ဒီနေ့တွေမှာ စာရင်းတွေကောက်ယူတာလို့ သိရပါတယ်။
"အဖွဲ့အစည်းနာမည်တွေ၊ ဘယ်တုန်းက တည်ထောင်တာလဲ၊ ဘယ်က အလှူငွေတွေရတာလဲ ဆိုတဲ့ မေးခွန်းတွေ မကဘူး အဖွဲ့ဝင်တွေရဲ့ နာမည်တွေ၊ တက်ခဲ့တဲ့ကျောင်း၊ အလုပ်အကိုင်တွေကို အသေးစိတ်တွေမေးတာ" လို့ ပဲခူးတိုင်းထဲမှာ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
ဒီလို အသေးစိတ်ကောက်ယူတာတွေကြောင့် လူမှုကူညီရေးအဖွဲ့တွေမှာ ရှိနေတဲ့ လူငယ်တွေဟာ ပုဂ္ဂိုလ်ရေးအချက်အလက် စုဆောင်းခံရမှာကို စိုးရိမ်ချက်တွေရှိနေတယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေအတွက် အကူအညီပေးတဲ့ လုပ်ငန်းတွေမှာပါ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးအဖွဲ့တွေကို အသိပေးပြီးမှ လုပ်ကိုင်ရမှာ၊ စစ်ကောင်စီက ဖွဲ့စည်းပေးထားတဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ကိုင်ရမှာဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ် လုပ်ကိုင်ခွင့်မရမှာကိုလည်း အကူအညီပေးသူတွေ စိုးရိမ်နေကြရပါတယ်။
နောင်ချိုနဲ့ ညောင်ရွှေကို စစ်တပ်က လေကြောင်းပစ်ခတ်မှုလုပ်
ငလျင်ဒဏ် ကယ်ဆယ်ရေးအတွက် ယာယီအပစ်ရပ်မယ်လို့ ထုတ်ပြန်ထားတဲ့ စစ်ကောင်စီတပ်ဟာ ဧပြီ ၅ ရက် တစ်ရက်တည်းမှာတင် ရှမ်းမြောက်၊ နောင်ချိုမြို့နယ်နဲ့ ရှမ်း-ကယား(ကရင်နီ)နယ်စပ်က နေရာ သုံးခုကို လေကြောင်းကနေ ဗုံးကြဲတာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ တအာင်းတပ် (TNLA)ထုတ်ပြန်ချက်အရ သိရပါတယ်။
နောင်ချိုမြို့နယ်၊ နောင်လင်ကျေးရွာနဲ့ နမ့်ဆောင်ဟူး ကျေးရွာကို ဧပြီ ၅ ရက် ည ၁၀ နာရီဝန်းကျင်မှာ ဗုံး သုံးကြိမ်ကြဲချခဲ့တာကြောင့် နေအိမ် ၄ လုံး ထိခိုက်ပျက်စီးသွားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
ညောင်ရွှေမြို့နယ်၊ အင်းလေးတောင်ဘက်ခြမ်းက ရေပူကျေးရွာနဲ့ ဘုရားတောင်ရွာတွေကို စစ်ကောင်စီနဲ့ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေက တိုက်ပွဲဖြစ်ပွားတာ မရှိဘဲ ဧပြီ ၅ ရက် ၊ မတ် ၃၁ နဲ့ မတ် ၃၀ ရက်တွေမှာ ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ အင်းလေးဒေသ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
"လက်နက်ကြီးပစ်ခတ်သွားတဲ့နေရာက စကားအင်းဘက်ကျတယ်။ ဖယ်ခုံဘက်နဲ့ ပိုနီးတယ်။ အင်းလေး ကန်မှာတော့ လတ်တလော ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားနေကြရတာပေါ့။ အဲဒီဘက်မှာတော့ ငလျင်ဒဏ်တော့ ထိတယ်မကြားဘူး။ ဒါပေမဲ့ လက်နက်ကြီးနဲ့ လေကြောင်းကို ကြောက်နေရတာပေါ့"လို့ အင်းလေးဒေသခံက ဘီဘီစီကို ပြောပါတယ်။
စကားအင်းဒေသဟာ ရှမ်း-ကယား(ကရင်နီ) နယ်စပ်ဖြစ်ပြီး ရှမ်းတောင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လှုပ်ရှားတဲ့နေရာတွေထဲက တစ်ခုလည်းဖြစ်တာကြောင့် ပြီးခဲ့တဲ့နှစ်မှာ စစ်တပ်၊ ပအို့ဝ်ပြည်သူ့စစ် ပူးပေါင်း တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေကြား တိုက်ပွဲဖြစ်တဲ့ဒေသလည်းဖြစ်ပါတယ်။
ဧပြီ ၄ ရက်တုန်းကလည်း မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း၊ ပင့်ကူတောင်အောက်နားကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့သလို ဧပြီ ၃ ရက်တုန်းကလည်း သပိတ်ကျင်းမြို့နယ် ၇ မိုင်ကိုလည်း လေကြောင်းကနေ ၄ ကြိမ် ဗုံးကြဲခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
မိုးကုတ်မြို့ကို တအာင်းတပ်က ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ခဲ့တာဖြစ်ပြီး မိုးကုတ်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ သပိတ်ကျင်းမြို့နယ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ကလည်း ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းအတွင်း ထိန်းချုပ်ခဲ့ပါတယ်။
မိုးရွာနိုင်ခြေကြောင့် ငလျင်ဒဏ်သင့်အရပ်တွေမှာ အမိုးအကာ ကြိုစီစဉ်ဖို့ သတိပေးမှုရှိလာ
ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေ ၇၀ ရာခိုင်နှုန်းရှိပြီး တိမ်ထုတွေက ရခိုင်ကမ်းရိုးတန်းဘက်ကို ရွေ့လျားလာတဲ့အတွက် ငလျင်ဒဏ်သင့် ဒေသတွေမှာ မိုးရွာနိုင်ခြေမြင့်လာတယ် မိုးလေဝသ စောင့်ကြည့်သူ ဦးဝင်းနိုင်က ပြောပါတယ်။
ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းက လေဖိအားနည်း ရပ်ဝန်းကတဆင့် မုန်တိုင်းဖြစ်လာနိုင်ခြေနဲ့ မြန်မာ့ကမ်းရိုးတန်းဘက်ကို တိမ်တိုက်တွေရွေ့လျား ဝင်ရောက်လာမယ်ဆိုရင် ဧပြီ ၈ ရက်နေ့မှာ စတင်မိုးရွာနိုင်တယ်လို့လည်း ပြောပါတယ်။
ငလျင်ဒဏ်သင့် ဒေသတွေမှာ အမိုးအကာတွေ စတင်စီစဉ်ဆောင်ရွက်သင့်ပြီဖြစ်သလို ရုတ်တရက် မိုးများနိုင်တာကြောင့် ရေကြီးမယ့် အန္တရာယ်လည်း ရှိနေတယ်လို့လည်း သူက အသိပေးပါတယ်။
ဒါ့အပြင် ငလျင်ဒဏ်ထိထားတဲ့ မြေအောက်မြေထုလွှာ အခြေအနေတွေကြောင့် မြေပြိုတာ၊ မြေကျွံနိုင်တာတွေလည်း ရှိတဲ့အတွက် ကြိုတင်ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့လည်း ဦးဝင်းနိုင်က သတိပေးထားပါတယ်။
တနင်္သာရီ၊ မွန်၊ ကရင်၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူး၊ နေပြည်တော်၊ ကယား၊ ရှမ်း၊ ရခိုင်နဲ့ ချင်းပြည်နယ်တွေမှာ နေရာစိပ်စိပ် ရွာနိုင်သလို မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာတော့ နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင်တယ်လို့လည်း သိရပါတယ်။
ဒီနှစ်ရဲ့ မိုးဦးစမယ့်ကာလကလည်း ဧပြီ ၁၆ ရက်မှာ စမှာဖြစ်တယ်လို့ ပြောပါတယ်။
"ဧပြီ ၁၆ ရက်မှ မိုးကြိုကာလရောက်မယ်၊ အခုက ၁၆ ရက်နေ့ မတိုင်ခင် မိုးရွာတယ်။ မိုးရွာတယ်၊ မိုးသည်းတယ်၊ လေတိုက်တယ်၊ မိုးကြိုမရောက်ခင်ကိုပဲ မိုးရွာတယ်ပေါ့နော်။ ဒါက အစွန်းရောက် ရာသီဥတု လာနီညာရဲ့ သက်ရောက်မှုတစ်ခုဖြစ်ပါတယ်"လို့ ဦးဝင်းနိုင်က ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် နေအိမ်တွေ ပြိုကျပျက်စီးလို့ နေစရာခက်ခဲဖြစ်နေတဲ့ မန္တလေး၊ စစ်ကိုင်း အပါအဝင် ငလျင်ဘေးခံရတဲ့ ပြည်သူတွေဟာ လမ်းဘေးနေရာတွေ၊ ဘောလုံးကွင်းလို နေရာမျိုးတွေမှာ ယာယီတဲတွေနဲ့ နေနေကြရပါတယ်။
ဧပြီ ၅ ရက် ညပိုင်းမှာ လေပြင်းတိုက်ပြီး မိုးရွာခဲ့တာကြောင့် "မိုးရွာတာ၊ လေတိုက်တာက ငါးမိနစ်လောက်ပဲ။ ခဏလေးပေးမဲ့လည်း တော်တော်ပြင်းတယ်။ ယာယီစခန်းတဲလေးတွေ လွင့်ကုန်တယ်"လို့ စစ်ကိုင်းမြို့မှာ အကူအညီပေးရေး လုပ်နေတဲ့ ပရဟိတအဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ထုတ်ပြန်ချက်အရတော့ နေပြည်တော်၊ တိုင်းနဲ့ပြည်နယ် အားလုံးမှာ နေရာကျဲကျဲ မိုးထစ်ချုန်းရွာမယ်လို့လည်း သိရပါတယ်။
ငလျင်ဒဏ်ကြောင့် သေဆုံးသူတွေကို ငွေကျပ် ၁၀ သိန်းစီ ထောက်ပံ့မယ်လို့ စစ်ခေါင်းဆောင်ပြော
အင်အားပြင်း ငလျင် လှုပ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့သူ တစ်ယောက်ကို ငွေကျပ် ၁၀ သိန်းစီ ထောက်ပံ့သွားမယ် လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ပြောလာပါတယ်။
မနေ့ ဧပြီလ ၅ ရက်တုန်းက နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအစိုးရဖွဲ့ အစည်းအဝေးမှာ သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
အဆောက်အအုံ ထိခိုက်ပျက်စီးတဲ့အပေါ် မူတည်ပြီး ထောက်ပံ့တာတွေကိုလည်း ဆောင်ရွက် ပေးသွားမှာ ဖြစ်သလို ဆောက်လုပ်ရေးပစ္စည်းတွေ ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချတာတွေ မရှိအောင် လုပ်ဖို့ လိုတယ်လို့လည်း စစ်ခေါင်းဆောင်က ပြောပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာပြုလုပ်ခဲ့တဲ့ ဘင်းမ်းစတက် ထိပ်သီးဆွေးနွေးပွဲကို ဧပြီလ ၄ ရက်မှာ တက်ရောက်ရင်း မြန်မာနိုင်ငံအတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ရအောင် အကူအညီပေးဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ပြောခဲ့တယ်ဆိုတဲ့အကြောင်းကိုလည်း စစ်ခေါင်းဆောင်က အဲဒီအစည်းအဝေးမှာ ထည့်ပြောပါတယ်။
ဧပြီ ၅ ရက်အထိ ရရှိတဲ့ စာရင်းအရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ အရေအတွက်ဟာ ၃,၄၅၅ ယောက်၊ ထိခိုက်ဒဏ်ရာရသူ ၄,၈၄၀ ယောက်၊ ပျောက်ဆုံးသူ ၂၁၄ ယောက် ရှိပြီလို့လည်း သူက အဲဒီ အစည်းအဝေးမှာ ထုတ်ပြောပါတယ်။
ထိခိုက်ပျက်စီးတဲ့ အဆောက်အဦပေါင်း ၅,၂၂၀ ကျော်၊ စာသင်ကျောင်းပေါင်း ၁,၈၂၀ ကျော်၊ ဘုန်းတော်ကြီးနဲ့ သီလရှင်စာသင်တိုက်ပေါင်း ၂,၇၅၀ ကျော်၊ ဘုရားစေတီပေါင်း ၄,၈၀၀ ကျော်၊ ဆေးရုံဆေးခန်း ၁၇၀ နီးပါး၊ တံတား ၁၇၀ နီးပါး နဲ့ အမြန်လမ်းမတလျှောက် လမ်းပိုင်း ၁၈၀ ကျော်ထိ ပျက်စီးခဲ့တယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မြန်မာစစ်ခေါင်းဆောင်ကတော့ ငလျင်ကြောင့် ထိခိုက်သူတွေ ကျန်းမာရေး စောင့်ရှောက်အပိုင်းလည်း ထည့်ပြောသွားသလို ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့အထဲမှာ ခြေလက်အင်္ဂါ ဆုံးရှုံးသွားရသူတွေကိုလည်း မှတ်တမ်းပြုစုထားဖို့လည်း ဆိုပါတယ်။
နေပြည်တော်မှာရှိနေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ မြန်မာနိုင်ငံဆိုင်ရာဒုတိယကိုယ်စားလှယ်ကတော့ မြန်မာရဲ့ကျန်းမာရေးအခြေအနေဟာ နှစ်ထပ်ကွမ်း အရေးပေါ် အခြေအနေဖြစ်နေတယ်လို့ သောကြာနေ့တုန်း ကုသမဂ္ဂသတင်းဌာနကို ပြောထားပါတယ်။
ကလောနဲ့ သာစည်က ငလျင်သင့်ရွာ ၄ ရွာ အကူအညီမရသေး
ငလျင်ဒဏ်သင့်ခဲ့တဲ့ ရှမ်းပြည်နယ်၊ ကလောမြို့နယ်ထဲက တောင်နီ၊ တောင်ပဲ့ ကျေးရွာ၊ မန္တလေးတိုင်း သာစည်မြို့နယ်၊ စေတီတောင်ရွာနဲ့ စေတီမြောက်ရွာတို့ကို အကူအညီပေးရေး အဖွဲ့အစည်းတွေ ရောက်မလာတဲ့အတွက် အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီကျေးရွာတွေထဲက နေအိမ်ပေါင်း ၇၀ ဝန်းကျင်ဟာ ပြိုကျပျက်စီးသွားတယ်လို့လည်း သိရပါတယ်။
"တော်တော်များများက အဲဒီရွာတွေမှာ ငလျင်ဒဏ်ခံရတယ်ဆိုတာ မသိကြဘူး။ လမ်းတွေလည်းပျက်တော့ ဆက်သွယ်သွားလာရေးလည်း ခက်ခဲတယ်။ ဒေသတွင်း ပရဟိတအဖွဲ့တွေတောင် အဲဒီရွာတွေမှာ ဖြစ်တာ မသိကြဘူး"လို့ အကူအညီပေးရေးအတွက် ကြိုးစားနေတဲ့ ကိုမိုင်းကောင်းဆိုင်က ပြောပါတယ်။
ထိခိုက်ပျက်စီးတာတွေကို စာရင်းကောက်ယူထားတဲ့ ကျေးရွာတွေထဲမှာတောင် ဒီကျေးရွာတွေရဲ့ နာမည်တွေ မပါထားသေးဘူးလို့လည်း သူက ပြောပါတယ်။
ထိခိုက်သေဆုံးတာ မရှိပေမဲ့ လောလောဆယ် ယာယီနေထိုင်ဖို့နဲ့ အစားအသောက်တွေ လိုအပ်နေတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ ထုတ်ပြန်ချက်အရ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၄၅၅ ယောက်၊ ဒဏ်ရာရသူ ၄၈၄၀ ယောက် ရှိပြီး နိုင်ငံပေါင်း ၂၆ နိုင်ငံက အကူအညီပေးရေးတွေ ရောက်ရှိနေတယ်လို့ သိရပါတယ်။
ငလျင်ဒဏ်ကူညီရေး မလေးရှားနဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးတွေ နေပြည်တော်ရောက်
မြန်မာနိုင်ငံထဲက ငလျင်ဒဏ်သင့် မြို့နယ်တွေမှာ ရွေ့လျားဆေးရုံတွေ ဆောက်ဖို့ အပါအဝင် အကူအညီပေးရေး လုပ်ငန်းတွေနဲ့ ပတ်သက်လို့ မလေးရှားနဲ့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးတွေက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဧပြီ ၅ ရက်မှာ တွေ့ဆုံကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မလေးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဟာ အာဆီယံ ဥက္ကဋ္ဌရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။
အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ ငလျင်ဒဏ်သင့် ဒေသတွေမှာ အသေးစား ခွဲစိတ်တာတွေ ဆောင်ရွက်နိုင်တဲ့ ရွေ့လျား ဆေးရုံတွေ ဆောင်ရွက်ပေးဖို့၊ အစားအေသာက်တွေ၊ တကိုယ်ရေသုံး ပစ္စည်း လိုအပ်တာတွေ၊ အပျက်အစီးတွေ ဖယ်ရှားရေးအတွက် စက်ကိရိယာ ပစ္စည်း လိုအပ်တာတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ပြင်းထန်ငလျင် လှုပ်ခတ်တာကြောင့် ထိခိုက် ပျက်စီး ဆုံးရှုံးတာတွေ ဖြစ်ပေါ်နေချိန်မှာ ကူညီကယ်ဆယ်ရေးတွေ ပေးပို့ခဲ့တာတွေ၊ ကူညီကယ်ဆယ်ရေး အထောက်အကူပြု ပစ္စည်းတွေ ပေးပို့တာတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးကြပါတယ်။
မြန်မာနိုင်ငံမှာ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ရက်ကနေ ဧပြီ ၅ ရက်နေ့အထိ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၃၄၅၅ ယောက်၊ ဒဏ်ရာရသူ ၄၈၄၀ နဲ့ ပျောက်ဆုံးသူ ၂၁၄ ယောက် ရှိနေပြီလို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် ၁၀ ရက်ကြာတဲ့အထိ အဆောက်အဦအောက်မှာ ပိမိပြီး သေဆုံးသူတွေကို ဆက်လက်ရှာဖွေနေကြတုန်း ဖြစ်တဲ့အတွက် စစ်ကောင်စီ ထုတ်ပြန်တဲ့ လူရေအတွက်ထက် ပိုများနိုင်တယ်လို့ ရှာဖွေကယ်ဆယ်ရေးမှာ အကူအညီပေးနေသူတွေက ပြောကြပါတယ်။
၁၀ ရက်အတွင်း ငလျင် လှုပ်ခတ်မှုပေါင်း အကြိမ် ၉၀ နီးပါးရှိလာ
ရစ်ခ်တာစကေး ၇ ဒသမ ၇ ရှိ အင်အားပြင်းငလျင် လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ နေ့လယ်ကနေ ဒီနေ့ ဧပြီ ၆ ရက် မနက် ၇ နာရီခွဲ ဝန်းကျင်အထိ ငလျင်လှုပ်ခတ်မှုပေါင်း ၈၈ ကြိမ်ရှိတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မိုးဇလဌာနရဲ့ ထုတ်ပြန်ချက်တွေအရ တစ်ရက်တာ ငလျင်လှုပ်တဲ့ အကြိမ်တွေကို ဘီဘီစီက လေ့လာကြည့်တဲ့အခါ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ တစ်ရက်တည်းမှာတင် ၁၃ ကြိမ် ရှိခဲ့ပါတယ်။
မတ် ၂၈ ကနေ ဧပြီ ၅ ရက်အထိ တစ်ရက်တာအတွင်း လှုပ်ခတ်တဲ့ အကြိမ်အရေအတွက်ဟာ အနည်းဆုံး ၆ ကြိမ်ကနေ ၁၃ ကြိမ်အထိ ရှိနေပါတယ်။
နောက်ဆက်တွဲငလျင်တွေ လှုပ်ခဲ့တဲ့ နေရာတွေက မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေဖြစ်ပြီး အင်အား ရစ်ခ်တာစကေး အနည်းဆုံးက ၂ ဒသမ ၈ ဖြစ်ပြီး စစ်ကိုင်းပြတ်ရွေ့ကြောရှိတဲ့ တိုင်းနဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။
မနေ့ မတ်လ ၅ ရက် တစ်ရက်တည်းမှာတင် ငလျင်ကြီးဒဏ်သင့်အရပ်တွေမှာသာမက ပဲခူးတိုင်းထဲက တောင်ငူ၊ ရေတာရှည်၊ ဖြူးမြို့နယ်တွေမှာလည်း ငလျင်ငယ်တွေလှုပ်ခတ်ခဲ့ပါတယ်။
အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ကလည်း စစ်ကိုင်းပြတ်ရွေ့ လှုပ်ရှားမှုဟာ အလျား ၄၆၀ ကီလိုမီတာနဲ့ အကျယ် ၁၅ ကီလိုမီတာ ကျယ်တယ်လို့ အမေရိကန်ဘူမိဆိုင်ရာ သုတေသနအဖွဲ့ (USGS) ရဲ့ ခန့်မှန်းထား တယ်လို့ ထုတ်ပြန်ထားပါတယ်။
နောက်ဆက်တွဲငလျင်တွေဟာ ဧပြီ ၄ ရက်ကနေ ဧပြီ ၁၁ ရက်အထိ ရစ်ခ်တာစကေး အင်အား ၃ နဲ့အထက် အကြိမ်ရေ (၂၀ ကနေ ၂၂၀ ကြား)၊ ရစ်ခ်တာစကေး အင်အား ၄ နဲ့အထက် ငလျင်တွေက ၂ ကြိမ်ကနေ ၂၂ ကြိမ်ကြား၊ အင်အား ၅ နဲ့အထက်က ၄ ကြိမ်အထိ၊ အင်အား ၆ နဲ့အထက်က ၁ ကြိမ် ဖြစ်ပေါ်နိုင်သေးတယ်လို့ NUG က USGS ရဲ့ ခန့်မှန်းချက်ကို ကိုးကားပြီး ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။