လယ်တွေကပျက် မျိုးစပါးကခက်နေတဲ့ ရခိုင်တောင်သူတွေ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် နေအိမ်အဆောက်အဦတွေ ပျက်စီးဆုံးရှုံးခဲ့ရပြီး လူပေါင်းရာနဲ့ချီသေဆုံးမှု၊ လယ်ယာသုံးကျွဲနွားများထောင်ချီ သေဆုံးမှုတွေ ဖြစ်ပွားခဲ့ရတဲ့ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ရခိုင် ပြည်နယ်က မုန်တိုင်းသင့် လယ်သမားတွေဟာ သူတို့ဘဝတွေ ပြန်စဖို့အတွက် နှစ်အတန်ကြာ အချိန်ယူရဖို့ ရှိနေပါတယ်။

ပုံမှန်အားဖြင့်ဆိုလို့ရှိရင် ရခိုင်ပြည်နယ်အတွင်းက တောင်သူတွေဟာ သူတို့ရဲ့လယ်မြေတွေမှာ မိုးစပါးစိုက်ပျိုးနိုင်ရေးအတွက် ဇွန်လဆန်မှာပဲ လယ်စထွန်ကြရတာပါ။

ရခိုင်ဒေသကတောင်သူတွေရဲ့ ဒေသဓလေ့အရ ပြောဆိုလေ့ရှိကြတာကတော့ သင်္ကြန်လွန်လို့ ၄၅ ရက်ဆိုရင် ထွန်ရေးပြင်ချိန်စပြီလို့ ဆိုကြပါတယ်။

အခုနှစ်မှာတော့ မုန်တိုင်းကြောင့် နေအိမ်တွေပြိုပျက်ခဲ့ရတာကြောင့် ယာယီနေထိုင်နိုင်ရေး အတွက် တောင်သူတွေမှာအရေးတကြီးလုပ်ကိုင်နေကြရတော့ ထွန်တုံးချချိန်လည်း နောက်ကျနေကြရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မိုးစပါးစိုက်ပျိုးကြတဲ့ လယ်မြေအများစုရှိကြတဲ့နေရာတွေဟာ ပင်လယ်နဲ့နီးတဲ့နေရာတွေ၊ မြစ်ချောင်းတွေရှိတဲ့ နေရာတွေမှာ ဖြစ်ပါတယ်။ တချို့ကမ်းရိုးမြို့နယ်တွေမှာ ဆိုလို့ရှိရင် လယ်မြေတွေကို ဆားငန်ဒီရေတွေ ဝင်ရောက်တဲ့အတွက် စပါးစိုက်ပျိုးလို့ မရကြတာကြောင့် တာတမံတွေဆည်ဖို့ပြီး ပင်လယ်ဒီရေဝင်ရောက်မှုကို တားဆီးပြီးစိုက်ပျိုးလုပ်ကိုင်နေကြရတာ ဖြစ်ပါတယ်။

မေလ ၁၄ ရက်နေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မုန်တိုင်းကြောင့် ပင်လယ်ဒီရေတွေ မြင့်တက်ခဲ့တဲ့အတွက် ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်အများစုတို့မှာ လယ်မြေတွေ ဆားငန်ရေလွှမ်းမိုးခံလိုက်ကြရပါတယ်။

အထူးသဖြင့် စစ်တွေ၊ မြေပုံ၊ ပေါက်တော၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စတဲ့မြို့နယ်တွေမှာ အများဆုံး ပျက်စီးမှုတွေရှိခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပျက်စီးသွားခဲ့တဲ့ လယ်မြေတွေဘယ်လောက်ရှိတယ်ဆိုတာ တိတိကျကျစာရင်းကောက်ယူနိုင်ခြင်းမရှိသေးပေမယ့် ခန့်မှန်းခြေအားဖြင့်တော့ ရခိုင်မြောက်ပိုင်းက လယ်ယာမြေဧရိယာအားလုံးရဲ့ တစ်ဝက်နီးပါးခန့်ရှိနိုင်တယ်လို့ တောင်သူလယ်သမားသမဂ္ဂက ပြောပါတယ်။

အခုလို ဆားငန်ရေလွှမ်းမိုးခဲ့တဲ့နေရာတွေက လယ်မြေတွေမှာ ဆားပျော်ဝင်မှုတွေကြောင့် မြေပျက်စီးသွားခဲ့ပြီး စပါးစိုက်ပျိုး လို့မဖြစ်ထွန်းတော့ဘူးလို့ တောင်သူတွေကပြောဆိုကြပါတယ်။

ပင်လယ်ဒီရေလွှမ်းမိုးခံလိုက်ရပြီး ဆားငန်ဓာတ်များနေတဲ့ လယ်မြေတွေကို စပါးစိုက်ပျိုးနိုင်ဖို့အတွက် အနည်းဆုံး သုံးနှစ်လောက်ထိကြာမှ ပြန်လည်စိုက်ပျိုးဖြစ်ထွန်းလာနိုင်တယ်လို့ သိရပါတယ်။

နောက်ထပ်အခက်အခဲတခုက လယ်လာလုပ်ငန်းတွေမှာအသုံးပြုနေကြတဲ့ ကျွဲနွားတွေသေဆုံးသွားခဲ့တဲ့ပြဿနာပါ။ လက်မှုလယ်ယာကို အဓိကထားပြီး စိုက်ပျိုးလုပ်ကိုင်ကြတဲ့ ဒေသမှာ အခုလိုကျွဲနွားတွေသေဆုံးသွားခဲ့တဲ့အတွက်လည်း တောင်သူတွေစပါးစိုက်ပျိုးဖို့အတွက် အခက်အခဲတစ်ခုထပ်ပြီးတော့ ကြုံခဲ့ရတာဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်စာရင်းတွေအရ ရခိုင်ပြည်နယ်အတွင်း မုန်တိုင်းကြောင့် အနည်းဆုံးမြို့နယ် ၁၀ ခုအတွင်းမှာ ကျွဲနွားကောင်ရေ (၁၀၀၀၀) ကျော်ခန့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“မုန်တိုင်းထဲ နေအိမ်တွေလည်းပျက်စီး၊ ကျွဲနွားတွေလည်းသေဆုံးခဲ့ကြရတော့ ကျွဲနွားမရှိတဲ့သူတွေမှာ အခက်အခဲဖြစ်ကြတယ်။ လယ်ထွန်ဖို့အတွက် စက်ရှိတဲ့သူတွေဆီကနေငှားပြီးတော့ စက်အားမှပဲထွန်ကြရတာပေါ့နော်။”လို့ တောင်သူဦးမောင်စောရွှေက ပြောပါတယ်။

မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန်ကြုံတွေ့ခဲ့ရတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခွင်မှာတော့ အခုနှစ် မိုးစပါးစိုက်ပျိုးဖို့ အတွက် တောင်သူတွေအခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

ရခိုင်ပြည်နယ်ဟာ လယ်ယာစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြတဲ့ ဒေသတစ်ခုဖြစ်ပေမယ့် တခြားဒေသတွေမှာလိုမျိုး ဆည်ရေတွေသုံးပြီး သီးထပ်စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးနေကြတာမဟုတ်ဘဲ မိုးစပါးတစ်ခုတည်းကိုသာ စိုက်ပျိုးလုပ်ကိုင် နေကြတာဖြစ်ပါတယ်။

အခုနှစ်မှာတော့ မုတ်သုံအကြိုကာလမှ မိုခါမုန်တိုင်းဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ တစ်ခုလုံးဟာ ပျက်စီးမှုတွေနဲ့ကြုံခဲ့ရတာပါ။ လေးဘေးကြောင့် ပျက်စီးသွားခဲ့တဲ့ဒေသတွေမှာ ပြန်လည်ထူထောင်ရေးအတွက် အရေးတကြီးလုပ်ဖို့လိုအပ်နေသလို စိုက်ပျိုးရေးကဏ္ဍမှာလည်း တောင်သူတွေအချိန်မီစိုက်ပျိုးနိုင်ရေးအတွက် အကူအညီတွေလုပ်အပ်နေတယ်လို့ ရခိုင်ပြည်တောင်သူလယ်သမားသမဂ္ဂက ပြောပါတယ်။

“မျိုးစပါးအခက်အခဲ”

လေးဘေးဒဏ်ကို မြို့ပေါ်မှာထက် တောင်သူတွေ အဓိကနေထိုင်ကြတဲ့ နယ်ဘက်ကျေးရွာတွေမှာ ပိုမိုခံစားခဲ့ကြရတာကို တွေ့ရပါတယ်။ နေအိမ်ပျက်စီးသွားခဲ့ရသလို သိုလှောင်ထားတဲ့စပါးတွေ၊ မျိုးစပါးတွေလည်း ဆုံးရှုံးခဲ့ကြရတယ်လို့ မြောက်ဦးမြို့နယ် ကျီရာပြင်ကျေးရွာက တောင်သူ ဦးမောင်စောရွှေက ပြောပါတယ်။

မိုးတွင်းလယ်ယာလုပ်ငန်းခွင့်ဝင်တဲ့အချိန် သူတို့မှာသိုလှောင်ထားကြတဲ့ဆန်စပါးတွေကို စားသုံးကြရတာဖြစ်ပါတယ်။ ဝမ်းစာစပါးတွေ ဆုံးရှုံးခဲ့ကြရသလို မျိုးစပါးတွေပါဆုံရှုံးးလိုက်ကြရတော့ အခုနှစ်မှာ စပါးစိုက်ပျိုးဖို့အတွက် မျိုးစပါးတွေမရှိဘဲ ဖြစ်နေကြရပါတယ်။

တချို့တောင်သူတွေကတော့ လယ်စထွန်နေကြပြီဖြစ်ပေမယ့် မျိုးစပါးမရှိကြတာကြောင့် ရှိတဲ့သူတွေဆီကနေ ဈေးကြီးပေးပြီးတော့ ဝယ်ယူကြရသလို မဝယ်နိုင်တဲ့သူတွေမှာတော့ ချေးငှားပြီးတော့ လုပ်ကိုင်နေကြရတယ်လို့ တောင်သူတွေက ပြောကြပါတယ်။

ရခိုင်ပြည်နယ်မှာတော့ စပါးစိုက်ပျိုးတဲ့ပုံစံနှစ်မျိုးကို ကျင့်သုံးကြပါတယ်။ ပျိုးထောင်ပြီးစိုက်ပျိုးတာနဲ့ ကြဲပက်ပြီးတော့ စိုက်ပျိုးတာဖြစ်ပါတယ်။ အများစုကတော့ ကြဲပြီးတော့စိုက်ပျိုးသူတွေများကြပါတယ်။ မျိုးစေ့ကိုကြဲပြီးတော့စိုက်ပျိုးလို့ရှိရင် လယ်တစ်ဧကမှာ အနည်းဆုံးမျိုးစပါး တစ်တောင်းထိအသုံးပြုရတယ်လို့ ပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးတဲ့လယ်မြေဧကပေါင်း ၁၀၂၀၀၀ ကျော်ရှိပြီး အဲ့ဒီထဲ လယ်မြေအများစုတို့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာရှိနေတာဖြစ်ပါတယ်။ မုန်တိုင်းဝင်ရောက်ခဲ့တဲ့အတွက် လယ်မြေပျက်စီးမှုတွေအပြင် မျိုးစပါးလိုအပ်ချက်ရှိနေတဲ့ အခြေအနေကို ဖြေရှင်းပေးနိုင်ဖို့အတွက် ကြိုးစားနေတယ်လို့ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌ ဦးကျော်ဇံကပြောပါတယ်။

“အခုနှစ်လယ်ယာလုပ်ငန်းအတွက် အဓိကပြဿနာက မျိုးစပါးပါ။ မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့တဲ့မျိုးစပါးတွေကို အစားထိုးပေးနိုင်ဖို့အတွက် ကျွန်တော်တို့ကြိုးစားနေပါတယ်။ မျိုးစပါးတွေကို ပြည်မဘက်ကနေမှာယူထားပါတယ်။ အခက်အခဲရှိတာက သယ်ယူခွင့်မရတာပါ။ နယ်လုံတို့ ဝန်ကြီးချုပ်တို့ သူတို့ရဲ့ ခွင့်ပြုချက်ရမှ သယ်ယူခွင့်ပြုမယ်ဆိုတော့ ဒါနဲ့ပတ်သက်လို့ အကြောင်းကြားထားတာကြပါပြီ။ ခုထိဘာမှ မထူးသေးဘူး။”လို့ ဦးကျော်ဇံက ပြောပါတယ်။

ရခိုင်မှာ မကြာခင်လပိုင်းအတွင်း တောင်သူတွေစပါးစိုက်ပျိုးနိုင်ရေးအတွက် လိုအပ်နေတဲ့မျိုးစပါး တောင်းပေါင်း လေးသောင်းလောက် လိုအပ်ချက်ရှိနေတယ်လို့ တောင်သူလယ်သမားသမဂ္ဂက ခန့်မှန်းပါတယ်။

"စပါးစိုက်ဖို့ ငွေတိုးတွေနဲ့အရင်းစိုက်နေရ”

လက်ရှိအခြေအနေအရ လူမှုဘဝတွေပျက်စီးသွားခဲ့တဲ့ကြသလို အလုပ်အကိုင်တွေမရှိကြဘဲ ဝင်ငွေတွေလည်းမရှိကြတာကြောင့် လက်လုပ်လက်စားရခိုင်ဒေသခံတွေအားလုံးဟာ အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

တောင်သူတွေမှာတော့ နေအိမ်တွေလည်းပြုပြင်ဆောက်လုပ်ကြရ၊ ကျွဲနွားတွေလည်းသေဆုံး၊ လယ်တွေလည်းဆားငန်ရေဝင်ပြီး ပျက်စီး၊ မျိုးစပါးပါမကျန်တဲ့အခြေနေကိုကြုံနေကြရတာပါ။ လတ်တလောမှာတော့ မိုးကလည်း ပုံမှန်နီးပါးရွာသွန်းလာနေပြီဆိုတော့ သူတို့ရဲ့လယ်တွေကိုစပြီးထွန်ရေးပြင်ကြရတော့မှာဖြစ်ပါတယ်။

အများစုကတော့ လယ်တွေထွန်ဖို့အခက်အခဲတွေရှိနေကြသလို စပါးစိုက်ပျိုးဖို့အတွက် ငွေကြေးအခက်အခဲတွေနဲ့ကြုံနေကြရတာကြောင့် လိုအပ်တဲ့ငွေတွေကို အတိုးနဲ့ချေးငှားပြီးတော့ လုပ်ကိုင်နေကြရတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ်က လယ်သမားတစ်ဦးကပြောပါတယ်။

စပါးကလည်း မစိုက်လို့မဖြစ်တာကြောင့် ရတဲ့နည်းနဲ့ငွေချေးယူပြီး အရင်းအနှီးတွေလုပ်ကြရတယ်လို့ပြောပါတယ်။ ငွေ ၁၀၀ မှာ ၁၀ ကျပ် ဒါမှမဟုတ် ၈ ကျပ်နှုန်းနဲ့ချေးယူပြီး လိုအပ်တဲ့ပစ္စည်းတွေဝယ်။ အလုပ်သမားတွေငှား။ ရိက္ခာတွေစုဆောင်းပြီး လယ်ထွန်ဖို့စပြင်နေကြပြီလို့ဆိုပါတယ်။

“ကျွန်တော်တို့မှာက ရှိတဲ့ငွေတွေလည်း အိမ်တွေဘာတွေပြင်ရတော့ ကုန်ပါပြီ။ လယ်လုပ်ဖို့ပိုက်ဆံမှမရှိတော့တာ။ သူများတွေဆီက ချေးရတာပေါ့။ အတိုးနှုန်းများလို့ ချေးငွေမယူချင်ရင် စပါးမစိုက်ဖို့ပဲရှိတော့တယ်။အကုန်လုံးက အခက်အခဲတွေချည်းပါပဲ။”လို့ ပုဏ္ဏားကျွန်းမြို့နယ်က တောင်သူတစ်ဦးက ပြောပါတယ်။

ရခိုင်မှာ စစ်ကောင်စီနဲ့ အေအေတို့အကြား နှစ်ဖက်တိုက်ပွဲတွေပြင်းထန်ခဲ့တဲ့အချိန် ၂၀၂၀ ခုနှစ်လောက်ကစလို့ စိုက်ပျိုးစရိတ်ချေးငွေတွေ မရတော့ဘဲဖြစ်နေကြတာပါ။ ဒေသတွင်းတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် စပါးမစိုက်ပျိုးနိုင်ကြသလို့ စိုက်ပျိုးထားကြတဲ့လယ်တွေကိုလည်း ရိတ်သိမ်းဖို့အခက်အခဲတွေနဲ့ကြုံကြရတာကြောင့် ချေးယူထားကြတဲ့ စိုက်ပျိုးစရိတ်ချေးငွေတွေကို ပြန်မဆပ်နိုင်တာကြောင့် အစိုးရက ချေးငွေရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။

သွင်းအားစုရိတ်တွေကလည်း ဈေးကြီးတော့ လွန်ခဲ့တဲ့နှစ်တွေကတောင် ဓာတ်မြေဩဇာကို လိုသလောက်မသုံးနိုင်ကြတဲ့အခြေအနေဖြစ်ပါတယ်။ ကုန်ဈေးနှုန်းမြင့်မားတာတွေ၊ အလုပ်သမားခမြင့်မားတာတွေအပြင် ဓာတ်မြေဩဇာရှားပါးမှုတွေကြောင့် တောင်သူတွေအတွက် စပါးစိုက်ပျိုးရာမှာ အခက်အခဲမျိုးစုံကို ကြုံနေကြရတာဖြစ်ပါတယ်။

“စစ်ကောင်စီက စရိတ်မျှပေး”

မိုခါကြောင့် အခက်အခဲတွေနဲ့ ကြုံနေကြရတဲ့အချိန် တောင်သူတွေ အချိန်မီစပါးစိုက်ပျိုးနိုင်ဖို့ စစ်ကောင်စီဘက်ကတော့ အကူအညီတွေပေးနေတယ်လို့ဆိုပါတယ်။ ဇွန်လ ၁၈ ရက် အထိတော့ စက်မှုလယ်ယာဌာနကနေ ထွန်ယက်ပေးနေတဲ့ လယ်မြေဧက တစ်ထောင်ကျော်ထိ ပြီးစီးနေပြီဖြစ်တယ်လို့ အစိုးရကိုတင်ပြလာကြောင်း သိရပါတယ်။

အဲ့ဒီထွန်ယက်ပေးနေတဲ့လယ်မြေတွေဟာ အမှန်တကယ် လယ်လုပ်ဖို့အခက်အခဲတွေနဲ့ကြုံနေရတဲ့ တောင်သူတွေရဲ့လယ်ယာမြေတွေကိုထွန်ယက်ပေးနေတာလား၊ အစိုးရရဲ့ပုံမှန်စိုက်ပျိုးနေကျ စံပြစပါးစိုက်ကွက်တွေကို ဦးစားပေးပြီးထွန်ယက်နေတာလားဆိုတော့ တိတိကျကျမသိရပါဘူး။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်စတဲ့ မြို့နယ်တွေမှာ လယ်မြေတွေကိုစက်မှုလယ်ယာက ထွန်ယက်ပေးနေတာတွေရှိတယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

အစိုးရမှာရှိတဲ့ထွန်စက်တွေအပြင် ပုဂ္ဂလိကပိုင်ထွန်စက်တွေကိုပါ ငှားပြီးတော့ ထွန်ရက်နေတာဖြစ်တယ်လို့သူကဆိုပါတယ်။

ဒါ့အပြင် တောင်သူတွေမှာ အရေးတကြီးလုပ်အပ်နေတဲ့ မျိုးစပါးတွေကိုလည်း အစိုးရကဝယ်ယူပြီးတော့ တောင်သူတွေဆီ စရိတ်မျှပေး စီမံကိန်းနဲ့ရောင်းချပေးဖို့ပြင်ဆင်နေတယ်လို့ သိရပါတယ်။

“ရခိုင်ပြည်နယ်အတွက် မျိုးစပါးအခက်အခဲရှိတာကြောင့် ကျွန်တော်တို့အစိုးရအစီစဉ်နဲ့ မျိုးစပါးတင်း သုံးသောင်းဝယ်ယူထားပါတယ်။ ဒီရက်ပိုင်း ကားတွေနဲ့ သယ်လာဖို့ရှိပါတယ်။ တောင်သူတွေကိုတော့ စရိတ်မျှပေးသဘောမျိုးနဲ့ အကူအညီပေးသွားမှာပါ။”လို့ ဦးလှသိန်းက ပြောပါတယ်။

အဲ့ဒီမျိုးစပါးတွေဟာ ဧရာဝတီတိုင်းဘက်က စပါးတွေကိုဝယ်ယူထားတာဖြစ်ပါတယ်။ တောင်သူတစ်ယောက်ကို တင်းဘယ်လောက်ဝယ်ခွင့်ရမလဲ၊ ဘယ်ဈေးနဲ့ရောင်းချပေးမလဲဆိုတာတော့ မသိရသေးပါဘူး။

အခုလိုအခြေနေမျိုးမှာ ရခိုင်ပြည်နယ်အတွက် မရှိမဖြစ်လိုအပ်သလို အဓိကကျတဲ့စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ စပါးစိုက်ပျိုးရေးအတွက် မျိုးစပါးနဲ့ သွင်းအားစုတွေကို အလွယ်တကူရရှိအောင် အစိုးရအနေနဲ့ စီမံကိန်းကြီးတစ်ခုချမှတ်ပြီးတော့ အကူအညီတွေပေးသင့်တယ်လို့ ရခိုင်ပြည်တောင်သူလယ်သမား သမဂ္ဂက ထောက်ပြပြောဆိုကြပါတယ်။