ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဟွန်ဆန် နဲ့ ဆာဆာကာဝါ မြန်မာပြည်လာမယ်
ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် နဲ့ ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါ တို့ က မြန်မာနိုင်ငံကို အတူသွားကြဖို့ သဘောတူညီခဲ့တယ်လို့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် က ထုတ်ပြောပါတယ်။
မနေ့ အောက်တိုဘာ ၁၁ ရက်က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ က ကမ္ဘောဒီးယားပြည်သူ့ပါတီမှာ နှစ်ဦးတွေ့ဆုံချိန် သဘောတူညီခဲ့တာလို့ဆိုပါတယ်။
ဆယ်စုနှစ်များစွာ ကမ္ဘောဒီးယား နိုင်ငံ ခေါင်းဆောင်တစ်ဦးအနေနဲ့ ရှိခဲ့တဲ့ အတွေ့အကြုံကို အသုံးချပြီး မြန်မာ ရဲ့ အခြေအနေပုံမှန်ပြန်ဖြစ်ဖို့ မှာ အဓိကနေရာကနေ ကူညီပေးဖို့ ဆာဆာကာဝါက ဟွန်ဆန်ကို ပြောခဲ့တယ်လို့ဆိုပါတယ်။
ဟွန်ဆန်ကလည်း သူ့အနေနဲ့ ဝန်ကြီးချုပ်မဟုတ်တော့ပေမဲ့ မြန်မာနိုင်ငံ ရဲ့ အခြေအနေတိုးတက်မှုကိုမြင်လိုတယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဆာဆာကာဝါ ဟာ ဟွန်ဆန်ရဲ့သားဖြစ်သူ လက်ရှိဝန်ကြီးချုပ် ဟွန်မာနက် နဲ့ လည်းတွေ့ဆုံခဲ့ပြီး “ ကမ္ဘောဒီးယား ရဲ့ ငြိမ်းချမ်းရေး နဲ့ အမျိုးသားစည်းလုံးညီညွတ်မှုဟာ ပဋိပက္ခတွေနဲ့ မလုံခြုံတဲ့နိုင်ငံတွေအတွက် စံနမူနာ ပြုစရာ နိုင်ငံ”လို့ မှတ်ချက်ပြုပြောခဲ့ကြောင်း ကမ္ဘောဒီးယားသတင်းတွေကရေးပါတယ်။
ဟွန်မာနက်ကလည်း ဒီပူးတွဲခရီးစဥ်ကိုထောက်ခံကြောင်း ပြောခဲ့တယ်လို့ဆိုပါတယ်။
ဟွန်ဆန်ဟာ အာဆီယံ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူတဲ့ ၂၀၂၂ ခုနှစ် က ကမ္ဘောဒီးယားဝန်ကြီးချုပ်အနေနဲ့ နေပြည်တော်ကို ၂ ရက်တာ သွားခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
အဲဒီအချိန်က မြန်မာစစ်ခေါင်းဆောင်ကို အသိမှတ်ပြုတွေ့တယ်လို့ အဓိပ္ပာယ်ဖွင့်ခဲ့ကြပြီး ဝေဖန်မှုတွေကြုံခဲ့ရသလို စစ်ခေါင်းဆောင်ကို ဖျောင်းဖျဖို့ ရည်ရွယ်ခဲ့တဲ့ သူ့ရဲ့မြန်မာခရီးစဥ်ဟာ မအောင်မြင်ခဲ့ပါဘူး။
ဒါပေမဲ့ မစ္စတာဟွန်ဆန်ကတော့ မြန်မာ့နိုင်ငံရေး ပဋိပက္ခကို ကိုင်တွယ်ဖြေရှင်းရာမှာ စိတ်ရှည်သည်းခံမှု မြင့်မားဖို့ လိုအပ်တယ်လို့ အာဆီယံခေါင်းဆောင်တွေကို ပြောခဲ့ပါတယ်။
တကယ်တော့ အဲဒီအချိန်ကတည်းက ဟွန်ဆန်ဟာ သူ့ရဲ့ မြန်မာခရီးစဥ်မှာ လက်ရှိဝန်ကြီးချုပ်ဖြစ်နေတဲ့ သားဖြစ်သူ ဟွန်မာနက်ကိုပါ နေပြည်တော်ကို ခေါ်သွားခဲ့တာပါ။
မစ္စတာဟွန်ဆန် ရဲ့ ခရီးစဉ်အပြီးမှာ အဲဒီအချိန်က အာဆီယံ ဥက္ကဋ္ဌ ရဲ့ အထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်း ဟာ မြန်မာနိုင်ငံကို ၂၀၂၂ ခုနှစ်အတွင်း နှစ်ကြိမ်လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးဖို့ နဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီရင်ခံရေးသားပြီး တိုက်တွန်းခဲ့တာပါ။
ဒါပေမဲ့ အဲဒီအချိန်က ဒေါ်အောင်ဆန်းစုကြည်ဟာ အမှုရင်ဆိုင်နေရသူ ဖြစ်လို့ ဥပဒေအရပေးတွေ့ခွင့်မရှိဘူးတဲ့ဆိုတဲ့အကြောင်းပြချက် နဲ့ ပရတ်ဆော့ခွန်းကို နဲ့ပေးတွေ့ဖို့ စစ်ကောင်စီကငြင်းခဲ့ပါတယ်။
မြန်မာနိုင်ငံနည်းတူ ကမ္ဘောဒီးယား ဟာ ပြည်တွင်းစစ် နဲ့ ဆယ်စုနှစ်များစွာ ကြုံခဲ့ရပေမဲ့ ငြိမ်းချမ်းရေးအဖြစ် ပြောင်းလဲပေးနိုင်ခဲ့တဲ့ ကမ္ဘောဒီးယားရဲ့ “အဓိက ပဲ့ကိုင်သူ” အဖြစ် ဟွန်ဆန် ရဲ့ စွမ်းဆောင်နိုင်မှုကို လေးစားကြောင်း ဆာဆာကာဝါက ပြောခဲ့ပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယား ရဲ့ ပြည်တွင်းစစ်အတွေ့အကြုံနဲ့ ငြိမ်းချမ်းရေးပြောင်းလဲနိုင်ခဲ့ပုံကို သုတေသန စာတမ်း ပြုစုပြီး ဟွန်ဆန် ရဲ့ အောင်မြင်မှု နဲ့ ခေါင်းဆောင်မှု အတွေ့အကြုံများကို မျှဝေဖို့လည်း တောင်းဆိုခဲ့ပါတယ်။
Asian Vision Institute (AVI) အာရှအမြင်အင်စတီကျူ ရဲ့ သုတေသနဆိုင်ရာ တာဝန်ခံဖြစ်သလို နိုင်ငံတကာ လေ့လာရေး နှင့် ပြည်သူ့ရေးရာ မူဝါဒ (IISPP) က ကထိက ဖြစ်တဲ့ သောင်မန်ဒေးဗစ်ကတော့ ဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ရဲ့ သြဇာလွှမ်းမိုးမှု ရှိနေဆဲပဲလို့သုံးသပ်ပါတယ်။
“ မစ္စတာဟွန်ဆန်က ဝန်ကြီးချုပ်မဟုတ်တော့ပေမဲ့ မြန်မာနိုင်ငံ နဲ့ ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကို တိုးမြှင့်တင်လုပ်ဆောင်ပေးဖို့ အဓိကကျတဲ့ ပုဂ္ဂိုလ်အဖြစ် ဆက်လက်ရှိနေပါ တယ်” လို့ သူကပြောပါတယ်။
“ သူ့ (ဟွန်ဆန်) ရဲ့ အတွေ့အကြုံနဲ့ မြန်မာစစ်တပ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေအပြင် နီပွန်ဖောင်ဒေးရှင်းကလည်း မြန်မာ့ ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ လုပ်ဆောင်နေတာကြောင့် မစ္စတာဟွန်ဆန် နဲ့ နီပွန်ဖောင်ဒေးရှင်းတို့ ပေါင်းပြီး မြန်မာ့နိုင်ငံရေးပြဿနာဖြေရှင်းနိုင်မှာပါ '' လို့ သောင်မန်ဒေးဗစ် က ဆက်ပြီးပြောပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက မြန်မာပြည်သွားမယ့် ရက်ကို ထုတ်ဖော်ပြောတာ မရှိသေးသလို စစ်ကောင်စီကိုဆက်သွယ်မေးမြန်းထားပေမဲ့ ပြန်လည်ဖြေကြားတာမရှိပါဘူး။
တဖက်က မစ္စတာ ဆာဆာကာဝါ ရဲ့ အခန်း ကဏ္ဍ ကလည်း မြန်မာ့နိုင်ငံရေးအပေါ် သြဇာရှိတယ်ဆိုတဲ့ ရှုမြင်ချက်တွေ အကဲခတ်တွေမှာရှိပါတယ်။
မစ္စတာ ဆာဆာကာဝါဟာ အာဏာသိမ်းပြီးနောက် မြန်မာစစ်ကောင်စီဆီကို အစောဆုံးလာတွေ့တဲ့ သံတမန်ထဲပါခဲ့သလို စစ်တပ်နဲ့ သင့်မြတ်မှုရှိသူလို့ သတ်မှတ်ခံရသူပါ။
ဒါပေမဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ခင်မင်ရင်းစွဲရှိသူဖြစ်သလို တိုင်းရင်းသား လက်နက်ကိုင်ထဲ ရက္ခိုင့်တပ်တော် အေအေ နဲ့ လည်း ခိုင်မာတဲ့ဆက်ဆံရေးရှိနေတာပါ။
စစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့အကြားက တိုက်ပွဲတွေရပ်စဲဖို့အတွက် အာဏာမသိမ်းခင်ကရော အာဏာသိမ်းပြီးနောက်ပါ ကြားဝင်ဆောင်ရွက်ပေးခဲ့သူဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်မှာပဲ ရခိုင်မှာ တစ်ကျော့ပြန်တိုက်ပွဲတွေ ရပ်စဲသွားခဲ့တာဖြစ်ပါတယ်။
ဒါတွေအပြင် မစ္စတာ ဆာဆာကာဝါ နဲ့ သူ့ရဲ့ နီပွန်ဖောင်ဒေးရှင်းဟာ တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် ဖြစ်ပေါ်လာဖို့ အပါအဝင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဥ်ထဲမှာ ထဲထဲဝင်ဝင်ပါခဲ့တာဖြစ်ပါတယ်။
နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ယိုဟေးဆာဆာကာဝါကို မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန် အစိုးရ အထူးသံတမန် အဖြစ် ၂၀၁၃ ကနေ စပြီး တာဝန်ပေးထားတာပါ။
"ကျွန်တော်ဟာ မြန်မာနိုင်ငံထဲမှာ လူသာချင်း စာနာ နားလည်မှု ဆိုင်ရာ အကူအညီတွေ အပါအဝင် လှုပ်ရှားမှုတွေ နှစ်ရှည်လများ လုပ်ကိုင်နေသူ ဖြစ်တဲ့ အတွက် အရပ်သား တစ်ယောက် ဖြစ်ပေမယ့်လည်း ငြိမ်းချမ်းရေး အကျိုးဆောင် အထူးသံတမန် တာဝန်ကို ဂျပန်အစိုးရက ကျွန်တော့်ကို ပေးပါတယ်။ အဲဒီ အထူးသံဆိုတဲ့ ရာထူးတာဝန်မှာ ဘာတွေ လုပ်ဆောင်ရမယ် ဆိုပြီး အသေ သတ်မှတ်ထားတာ၊ ကန့်သတ် ပြဋ္ဌာန်းထားတာ မရှိပါဘူး။ ကျွန်တော်ကတော့ မြန်မာနိုင်ငံထဲက အဖွဲ့တိုင်း၊ အုပ်စုတိုင်းနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့ ပြောတာတွေကို နားထောင်ပါတယ်။ ဆွေးနွေးပွဲ စကားဝိုင်းတွေဆီ အရောက်သွားကြဖို့ တိုက်တွန်းပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဥ်ထဲ ပါဝင် ပတ်သက်နေသူတွေ အားလုံးရဲ့ ယုံကြည်မှုကို ရဖို့ဆိုတာ ငြိမ်းချမ်းရေးတမန်ရဲ့ အဓိက တာဝန်ပဲလို့ ပြောရင် ရပါတယ်" ဆိုပြီး ဆာဆာကာဝါ ကိုယ်တိုင် သူ့ရဲ့ ဘလော့ဂ်စာမျက်နှာမှာ ရေးသားခဲ့ဖူးပါတယ်။
ဆာဆာကာဝါက သူ့ကိုယ်သူ ဆိုင်းလင့် ဒစ်ပလိုမေစီ နည်း ကိုသုံးတဲ့ သံတမန်လို့ ပုံဖော်ထားသူပါ။
"ဆိုင်းလင့် ဒစ်ပလိုမေစီ" အသံမဆူညံစေတဲ့ သံခင်းတမန်ခင်း နည်း ဆိုတာ တော်တော်လေး ပျော့ပျော့ပြောင်းပြောင်း သဘောထားနဲ့ အငြင်သာဆုံး ချဉ်းကပ်တာ ဖြစ်တယ်လို့ နိုင်ငံတကာ ဆက်ဆံရေး ပညာရပ်မှာ ဖွင့်ဆိုကြပါတယ်။
"ဘယ်လို ဝေဖန်မှုတွေ အပုပ်ချမှုတွေ ရှိနေပါစေ၊ မြန်မာနိုင်ငံထဲ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေကို ဖြေရှင်းရေးမှာ ကူညီနိုင်ဖို့ ကျွန်တော် နေ့စဥ် ကြိုးစားအားထုတ် နေပါတယ်။ ကျွန်တော့်ရဲ့ မစ်ရှစ် ၊ ရည်မှန်းချက် အထမြောက် အောင်မြင်ဖို့ ဆိုင်းလင့် ဒစ်ပလိုမေစီ နည်းကိုပဲ အခိုင်အမာ စွဲကိုင်သွားမယ်" လို့ မစ္စတာ ဆာဆာကာဝါက ရေးဖူးပါတယ်။
လာမယ့် အောက်တိုဘာ ၁၅ ရက်မှာ စစ်ကောင်စီ လုပ်မယ့် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲမှုဆိုင်ရာ သဘောတူစာချုပ် NCA လက်မှတ်ထိုးတဲ့ ၈ နှစ်ပြည့်အခမ်းအနားကို ဆာဆာကာဝါ တက်ဖို့ရှိနေလားဆိုတဲ့ ယူဆချက်တွေလည်းရှိနေပါတယ်။
မြန်မာနဲ့ အရှေ့တောင်အာရှဆိုင်ရာနိုင်ငံရေးအခင်းအကျင်းလေ့လာသူ တစ်ဦးကတော့ သူတို့နှစ်ဦး က စစ်ကောင်စီကို လာပြီးညှိနှိုင်းတာမျိုး ဖြစ်နိုင်ပြီး ပိုဆိုးလာတဲ့ အရပ်သား ပစ်မှတ်ထားတိုက်ခိုက်တာတွေကို အရှိန်လျှော့ဖို့ ညှိနှိုင်းကြမှာမျိုးလောက်သာဖြစ်နိုင်တယ်ဆိုပြီးသုံးသပ်ပါတယ်။
"ရနိုင်သလောက် ညှိနှိုင်းဖို့ပေါ့ ။ အများကြီးလည်း စစ်ကောင်စီလိုက်လုပ်မှာမဟုတ်တာလည်းသူတို့သိတယ်။ ဒီတော့ ဖြစ်နိုင်သလောက် လာပြီး ညှိတာမျိုးပဲဖြစ်မှာပါ ''
ဒါပေမဲ့ မစ္စတာ ဆာဆာကာဝါ ပြောတဲ့ ဆိုင်းလင့် ဒစ်မလိုမေစီ ငြင်သာစွာ ချည်းကပ်ခြင်း နည်းလမ်း ဆိုတာကို ဖော်ပြနေတာ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဆိုတဲ့ နိုင်ငံရေး တောင်းဆိုမှုမျိုးကို စစ်ကောင်စီ အပေါ် သူက ဖိအားပေး ပြောတာမျိုး ရှေ့ပိုင်းမှာ မတွေ့ခဲ့ရပါဘူး။
ဒါပေမဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း နဲ့ ဒေါ် အောင်ဆန်းစုကြည် ကိုပေးတွေ့ထားသလို မစ္စတာဆာဆာကာဝါ ဒီတခါမြန်မာပြည်ခရီး ဖြစ်ခဲ့ရင် သူကရော ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့တောင်းဆိုမလား ၊စစ်ကောင်စီကရော ပေးတွေ့မလားဆိုတာကိုလည်း အကဲခတ်တွေက စောင့်ကြည့်နေပါတယ်။