ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ပထမဆုံး ပြစ်ဒဏ်စချ
မုံရွာသပိတ်ကော်မတီ ဦးဆောင်သူတစ်ယောက်ဖြစ်တဲ့ မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုဝေမိုးနိုင်ကို ပုဒ်မ ၅၀၅-က နဲ့ စွဲဆိုထားတဲ့ အမှု ၅ မှု အတွက် တစ်မှုကို ၂ နှစ်စီ နဲ့ စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်တယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။
မုံရွာအကျဉ်းထောင်အတွင်း အထူး တရားရုံးမှာ ဒီကနေ့ ကြားနာ စစ်ဆေးမှု အတွင်း သူ့အမှုကို လိုက်ပါ ဆောင်ရွက်ပေးတဲ့ ရှေ့နေလည်း မပါဘဲ အခုလို ပြစ်ဒဏ် ချမှတ်လိုက်တာလို့ ဆိုပါတယ်။
ဒီပုဒ်မနဲ့ စွဲဆိုတဲ့ အမှု သုံးမှုက အာဏာသိမ်းမှုကိုဆန့်ကျင် ဆန္ဒပြမှုနဲ့ ပတ်သက်လို့ တရားစွဲခံရတဲ့ အမှု ဖြစ်ပြီး ကျန်တဲ့ နှစ်မှုက အကြမ်းမဖက် အာဏာဖီဆန်တဲ့ စီဒီအမ် လှုပ်ရှားမှာပါဝင်ကြသူတွေကို အတင်းအဓမ္မ လုပ်ငန်းခွင်ကို ပြန်ခေါ်သူတွေကို ပြင်းပြင်းထန်ထန် ပြောဆိုဝေဖန်မှုနဲ့ ပတ်သက်ပြီး တရားစွဲခံရတာလို့ သိရပါတယ်။
၅၀၅-က နဲ့ စွဲဆိုထားတဲ့ အမှု ၅ မှု အတွက် ပြစ်ဒဏ် ချမှတ်ပြီးပေမဲ့ နောက်ထပ် အဲဒီ ၅၀၅ က နဲ့ပဲ စွဲဆိုခံထားရတဲ့ နောက်ထပ် တစ်မှုကတော့ ပြစ်ဒဏ်ချဖို့ ကျန်သေးတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
ဒါ့အပြင် ဒလန်အမှု၊ လူသတ်မှု နဲ့ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုတို့နဲ့ စွဲဆိုထားတဲ့ အမှုတွေ အတွက် ဆက်လက် ကြားနာ စစ်ဆေးနေပါတယ်။
ပုဒ်မ ၃၀၂-၂- ၂ နဲ့ စွဲဆိုခံထားရတဲ့ လူသတ်မှု အတွက် စွဲချက်တင်တဲ့ အမိန့် ချမှတ်ပြီးနောက် တရားလို ဘက်က ပြန်ခေါ်သက်သေကို လာမယ့်တစ်ပတ် သြဂုတ်လ ၁၇ ရက်နေ့မှာ စစ်ဆေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။
လူသတ်မှု စွဲချက် ပုဒ်မ ၃၀၂ နဲ့ တရားစွဲဆိုခံထားရတဲ့ အမှုတွေမှာက နောက်က ပုဒ်မခွဲလေးတွေအပေါ် မူတည်ပြီး အမြင့်ဆုံး ပြစ်ဒဏ်တွေ ပြောင်းလဲသွားတယ်လို့ ဥပဒေဆိုင်ရာ နားလည်သူတွေက ပြောပါတယ်။
အခု ကိုဝေမိုးနိုင်ကို စွဲဆိုထားတဲ့ အမှုတွေထဲမှာ အမြင့်ဆုံးချနိုင်တဲ့ အမှု အဖြစ် ပုဒ်မ ၃၀၂-၂-၂ နဲ့ စွဲဆိုခံထားရပြီး အဲဒီအရ ဆိုရင် ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ အနှစ် ၂၀ ဖြစ်စေ၊ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ သိရပါတယ်။
မုံရွာလူထုသပိတ်တွေမှာ နေ့စဥ်ရက်ဆက် ပါဝင်ခဲ့တဲ့ ကိုဝေမိုးနိုင်ကို မုံရွာမြို့မှာ ပြီးခဲ့တဲ့နှစ် ဧပြီလ ၁၅ ရက်မှာ ဆန္ဒပြနေစဥ် ကားနဲ့တိုက် ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။
ဘယ်နှမှု အမိန့်ချပြီး ဘယ်နှမှု ကျန်လဲ
ကိုဝေမိုးနိုင်ကို စွဲဆိုထားတဲ့အမှုတွေထဲမှာ ၅၀၅ က နဲ့ပဲ စွဲဆိုခံထားရတဲ့ နောက်ထပ် တစ်မှုကို ပြစ်ဒဏ်ချဖို့ ကျန်သေးတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။
အဲဒီ အမှုက ဆိုင်ကယ် သပိတ်ကို ဦးဆောင်ပြီး အကြမ်းဖက်ရန် လှုံ့ဆော်မှု ဆိုပြီး စွပ်စွဲခံ ထားရတာ ဖြစ်ပါတယ်။
ဒါကြောင့် လောလောဆယ်မှာ တရားစွဲဆိုပြီး စွဲချက်တင်ခံထားရတဲ့ အမှု ၉ မှုမှာ ၅ မှုက ပြစ်ဒဏ်ချမှတ်ပြီး ဖြစ်လို့ ဆက်လက် ကြားနာ စစ်ဆေးနေဆဲ အမှု ၄ မှု ကျန်ပါတယ်။
ဒါပေမဲ့ အခုလ သြဂုတ်လထဲမှာပဲ မုံရွာမြို့နယ် တရားရုံးမှာ စွဲဆိုတဲ့ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဆိုင်ရာ ပုဒ်မ ၂၅ နဲ့ စွဲဆိုတဲ့ အမှု တခု ထပ်တိုးလာတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ အဲဒီ အမှု အတွက်က စွဲချက် တင်မတင် စတင် ကြားနာမှု မလုပ်ရသေးပါဘူး။
ဒါကြောင့်ကိုဝေမိုးနိုင် သူ ရင်ဆိုင်ရတဲ့ အမှု စုစုပေါင်းက ၅ မှု ကျန်ရှိနေပါတယ်။
မုံရွာ လူထုသပိတ်တွေမှာ ပါဝင်ခဲ့ပုံ
စစ်အာဏာသိမ်းတာကိုဆန့်ကျင်ကန့်ကွက်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြသပိတ်စစ်ကြောင်းတွေက အာဏာသိမ်းစတင်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းကနေ မုံရွာမြို့ပေါ်မှာနေ့စဉ်ရှိနေခဲ့တာပါ။လူထုကို မိန့်ခွန်းစကားတွေ အမြဲချွေတတ်တဲ့သူဟာ မုံရွာမှာ ဦးဆောင်နေကြသူတွေထဲ အထင်ပေါ်ဆုံး သပိတ်ခေါင်းဆောင်အဖြစ် အများက သတ်မှတ်ခဲ့ကြပါတယ်။
အရင်ကာလတွေကတည်းကကိုဝေမိုးနိုင်ဟာ နိုင်ငံရေးမှာ လှုပ်ရှားတက်ကြွခဲ့ပြီး မုံရွာတက္ကသိုလ်ကျောင်းသား သမဂ္ဂကို စတင်တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်သလို၊ ဥက္ကဋ္ဌတာဝန်ကိုလည်း ယူခဲ့ဖူးပါတယ်။
ဦးသိန်းစိန် သမ္မတလက်ထက်မှာ စစ်တပ်က ဖိနှိပ်မှုတွေကို ဖော်ညွှန်းတဲ့ ဆဲဗင်းဇူလိုင်နေ့ အမှတ်တရ အခမ်းအနားကို မုံရွာမှာလုပ်ခဲ့တဲ့ အတွက် အဲဒီအချိန်က အာဏာပိုင်တွေရဲ့ အမှုစွဲတင်ခံရတာမျိုးတွေ ကြုံခဲ့ရဖူးသလို၊ ဘာသာရေး ကွဲပြားမှုကြောင့် အမုန်းတရားတွေ မရှိစေဖို့ လှုပ်ရှားမှုတွေ မှာလည်း ပါဝင်ခဲ့တဲ့ သူဖြစ်ပါတယ်။