သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ဖမ်းဆီးခံရတာက မုံရွာသပိတ် အပေါ် ဘယ်လိုသက်ရောက်မလဲ

မုံရွာ ပင်မသပိတ်စစ်ကြောင်းမှာ အမြဲဦးဆောင်နေတဲ့ ကိုဝေမိုးနိုင် ဒီနေ့ ဧပြီလ ၁၅ ရက် နေ့လယ်ပိုင်းလောက်က ဖမ်းဆီးခံရပြီဆိုတဲ့ သတင်းက မြန်မာပြည်တွင်းမှာ ခပ်မြန်မြန်ပဲ ပျံ့နှံ့သွားပါတယ်။

သူနဲ့ လူငယ်တချို့ ဆိုင်ကယ်တွေနဲ့ မောင်းလာစဉ် မျက်နှာချင်းဆိုင် တဖက်လမ်းကြောက မောင်းလာတဲ့ အရပ်သား ကားတစ်စီးက သူတို့ဘက်ကို ခေါင်းထိုး တိုက်ချလိုက်တာကို မှတ်တမ်းတင်ထားတဲ့ ဗီဒီယိုကိုလည်း အွန်လိုင်းမှာ လူအများက ဖြန့်ဝေခဲ့ကြပါတယ်။

"သူက လဲသွားတယ်၊ ကားနဲ့တိုက်တဲ့အရှိန်နဲ့ ဆိုတော့ မထနိုင်ဘူး၊ ကားထဲက သေနတ်တွေနဲ့ ဆင်းလာကြတာ၊ ဆင်းလာကြပြီး ရိုက်တာ၊ ရိုက်တာ၊ ပက်ပက်စက်စက်ရိုက်တာ၊ သူ့ဆိုင်ကယ်လေးလဲ ကြေမွလို့၊ နောက်ထပ် ကားတွေနဲ့ ရောက်လာကြပြီး၊ ခေါ်သွားကြတာ၊ ရိုက်တာ၊ ရိုက်တာ၊ သနားပါတယ်။"

သူ ကားနဲ့ တိုက်ချခံရပြီး ဖမ်းဆီးခံရပုံကိုတွေ့လိုက်ရတဲ့ မြို့ခံ အမျိုးသမီးတစ်ယောက်က ဘီဘီစီကို ပြန်ပြောပြတာပါ။

မုံရွာမြို့ သာစည်လမ်းပေါ်မှာ သူအဖမ်းခံရတဲ့နောက် နာရီပိုင်းအတွင်းမှာပဲ ရန်ကုန်မှာ ရှိတဲ့ ဆွီဒင်နိုင်ငံ သံရုံးက သူဆိုင်ကယ်စီးလာတာကို ကားနဲ့တိုက်ခဲ့တယ်ဆိုတာကို သိထားကြောင်း ထုတ်ဖော်ပြောဆိုပြီး သူအပါအဝင် ဖမ်းဆီးခံရသူတွေ အားလုံးကို သင့်တော်လုံလောက်တဲ့ ကုသမှုပေးဖို့၊ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ တောင်းဆိုလိုက်ကာ၊ ကိုဝေမိုးနိုင် အခြေအနေကို အနီးကပ်စောင့်ကြည့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

မုံရွာသပိတ်နဲ့ သူ

စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြသပိတ်စစ်ကြောင်းတွေက ဖေဖော်ဝါရီလ ၇ ရက်နေ့ကတည်းကနေ ဒီနေ့အထိ မုံရွာမြို့ပေါ်မှာ နေ့စဉ်ရှိလာနေခဲ့တာပါ။ လူထုကို မိန့်ခွန်းစကားတွေ အမြဲချွေတတ်တဲ့ သူဟာ မုံရွာမှာ ဦးဆောင်နေကြသူတွေထဲ အထင်ပေါ်ဆုံး သပိတ်ခေါင်းဆောင်အဖြစ် အများကသတ်မှတ်ကြပါတယ်။

အရင်ကာလတွေကတည်းက ကိုဝေမိုးနိုင်ဟာ နိုင်ငံရေးမှာ လှုပ်ရှားတက်ကြွခဲ့ပြီး မုံရွာတက္ကသိုလ်ကျောင်းသား သမဂ္ဂကို စတင်တည်ထောင်သူတွေထဲက တစ်ယောက်ဖြစ်သလို၊ ဥက္ကဋ္ဌတာဝန်ကိုလည်း ယူခဲ့ဖူးပါတယ်။ ဦးသိန်းစိန် သမ္မတလက်ထက်မှာ စစ်တပ်က ဖိနှိပ်မှုတွေကို ဖော်ညွှန်းတဲ့ ဆဲဗင်းဇူလိုင်နေ့ အမှတ်တရ အခမ်းအနားကို မုံရွာမှာလုပ်ခဲ့တဲ့ အတွက် အဲဒီအချိန်က အာဏာပိုင်တွေရဲ့ အမှုစွဲတင်ခံရတာမျိုးတွေ ကြုံခဲ့ရဖူးသလို၊ ဘာသာရေး ကွဲပြားမှုကြောင့် အမုန်းတရားတွေ မရှိစေဖို့ လှုပ်ရှားမှုတွေ မှာလည်း ပါဝင်ခဲ့တဲ့ သူပါ။

မနှစ်က ကိုဗစ် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေမှာလည်း တက်ကြွစွာပါဝင်ခဲ့သူ အဖြစ်လည်း မုံရွာလူထုက သူ့ကို သိထားကြပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့တွေက တခြားနိုင်ငံအနှံ့အပြားမှာ လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက် ဖြိုခွဲသလို မုံရွာမှာလည်း ပစ်ခတ်နှိပ်ကွပ်တာပါ။

စစ်အာဏာသိမ်း ဆန့်ကျင်ရေး သပိတ်ကို ဘာလို့ အခုလောက် အထိ ရက်ကြာကြာ ထိန်းနိုင်ခဲ့ သလဲလို့ သူ့ကို ဘီဘီစီက ဒီ ဧပြီလ လဆန်းပိုင်းကပဲ မေးခဲ့ပါသေးတယ်။

ကိုဝေမိုးနိုင်က မုံရွာလူထုရဲ့ ကာကွယ်ပေးမှုတွေ၊ စိတ်ဓာတ်ခိုင်မာမှုတွေနဲ့ သပိတ်က ရှင်သန်နေတာပါလို့ ဆိုခဲ့ပြီး မုံရွာ သပိတ်အတွက် သူတို့ကို အကာအကွယ်ပေးထားတဲ့ လမ်းပေါ်က ခံတပ်တွေ အဖြိုခံခဲ့ရတဲ့ အခြေအနေကိုလည်း ထည့်ပြီး ပြောပြခဲ့ပါတယ်။

"လမ်းပေါ်တက်တဲ့ သပိတ်ဆိုတာတော့ အခြေအနေပေါ်မူတည်ပြီး ခေတ္တရပ်သွား တာမျိုး ဖြစ်သွားနိုင်တယ်၊ ခဏငြိမ်ပြီး ပုံစံတစ်မျိုးနဲ့ သွားဖို့ ကြိုတင်ပြင်ဆင်တာမျိုးတွေလည်း ဖြစ်နိုင်တယ်" လို့လည်း သူက ပြောခဲ့ပါတယ်။

ဒါပေမယ့် လူထုရဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး စိတ်ဓာတ်က ဘယ်တော့မှ ပျက်ယွင်းသွားမှာ မဟုတ်ကြောင်းနဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မီတီ CRPH ဦးဆောင်မှုက သူတို့အတွက် အမြဲရှိနေမှာလို့လည်း ဆိုခဲ့ပါတယ်။

ခေါင်းဆောင်အဖမ်းခံရတဲ့ မုံရွာသပိတ်ရှေ့ရေး

မုံရွာမှာ ထူးခြားချက်က မြို့တဖက်ခြမ်းမှာ ပုံမှန်အတိုင်းလှုပ်ရှား စည်ကားနေပြီး၊ တဖက်ခြမ်းမှာတော့ လမ်းတွေပိတ်၊ လူတွေက လမ်းပေါ်ထွက် ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဖြစ်နေတာပါ။

တခြားမြို့တွေမှာ ရှိနေတဲ့ လမ်းပေါ်ထွက် ဆန္ဒပြတာတွေကို စစ်ကောင်စီ တပ်တွေက တိုးပြီးနှိပ်ကွပ်လာနေသလို မုံရွာမှာလည်း အခုလို ဆန္ဒပြခေါင်းဆောင် တစ်ယောက်ကို ကားနဲ့ တိုက်ပြီး ဖမ်းတဲ့အထိ ဖြိုခွင်းပါတယ်။

သူနဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သလို မန္တလေး လူထုသပိတ်တွေကြားက သူ့လိုပဲ ထင်ရှားတဲ့ ခေါင်းဆောင်တစ်ယောက် ဖြစ်တဲ့ ဒေါက်တာ တေဇာစန်းက နောက်ထပ် ကိုဝေမိုးနိုင်တွေ အများကြီး ဖြစ်လာမယ်လို့ ဆိုပါတယ်။

"ဝေမိုးနိုင်ကြောင့် တေဇာစန်းကြောင့် ၂၀၂၁ လူထုအရေးတော်ပုံကြီး ဖြစ်လာတာမဟုတ်ဘူး၊ အရေးတော်ပုံကြီးကြောင့်သာ ကျွန်တော်တို့က တစ်စုံတစ်ရာ လူသိများလာတာသာဖြစ်တယ်၊ ……..တစ်ပွင့်ကြွေရင် နှစ်ပွင့်ဝေမယ်။"

"စစ်အာဏာသိမ်းလိုက်ကတည်းက လူတွေမှာ လုံခြုံမှုဆိုတာ မရှိတော့ဘူး၊ လမ်းပေါ်မှာလည်း မလုံခြုံဘူး၊ အိမ်ထဲမှာ နေလည်း မလုံခြုံဘူး။"

"သူတို့ စစ်ကောင်စီ လုပ်နိုင်တာ၊ လုပ်တတ်တာက လူတွေကို ဖမ်းပြ၊ သတ်ပြပြီး ကြောက်ရွံ့အောင် လုပ်တာပဲတတ်တာဖြစ်တယ်။ ……. ငြိမ်သက်သွားမှာကို သူတို့ကလိုချင်တယ်၊ တို့အရေး အသံကို သူတို့ ကြောက်ရွံ့ ကြတယ်။ CDM ကို သူတို့ ကြောက်ရွံ့ကြတယ်" လို့ ဆိုရင်း သူတို့ လက်လျှော့ သွားမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မုံရွာသပိတ်ရဲ့ ရှေ့ရေးအလားအလာနဲ့ ပတ်သက်လို့ စစ်ကိုင်းတိုင်းက ၈၈ မျိုးဆက်တယောက် ဖြစ်တဲ့လှုပ်ရှားတက်ကြွသူ ကိုဝင်းဇော်ခိုင်က "မုံရွာရဲ့ နိုင်ငံရေးအမြင်ကျယ်မှု၊ လူထုရဲ့ စည်းရုံးမှုဘယ်လောက်ရှိသလဲဆိုတာကို အရေးတော်ပုံကာလတစ်လျှောက်လုံး အားလုံး မြင်ကြရပြီး ဖြစ်တယ်၊ ခေါင်းဆောင်တစ်ယောက်ဖမ်းခံရပေမယ့်လည်း မုံရွာလူထုက အရေးတော်ပုံကြီးအောင်မြင်သည်အထိ ရပ်ကွက်တိုင်းမှာ သပိတ်တွေကို ဆက်လက် လုပ်သွားကြမှာပါ၊ အဲဒီလို လုပ်နိုင်မယ့် အင်အားတွေ၊ သတ္တိတွေ၊ ယုံကြည်မှုတွေ မုံရွာလူထုကြီးမှာ ရှိနေပါတယ်" လို့ မှတ်ချက်ချပြောပါတယ်။