ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
"မီးခိုးမြူတွေနည်းသွားဖို့ သင်္ကြန်မိုးကို မျှော်မိတယ်"- တာချီလိတ်ဒေသခံ
ထိုင်း-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းက တာချီလိတ်မြို့မှာ လေထုညစ်ညမ်းမှုဟာ ဒီနေ့ ဧပြီလ ၈ ရက်မှာ အမြင့်ဆုံးကို ရောက်နေပါတယ်။
လေထုညစ်ညမ်းမှုကို တိုင်းတာမှုအရ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း တိုင်းတာမှုအရ တာချီလိတ်မြို့ရဲ့ ဝန်းကျင်လေထုအရည်အသွေး PM2.5 ဟာ ကျန်းမာရေးအတွက် အန္တရာယ်များတဲ့ နီညိုရောင် အဆင့်ကိုရောက်နေတယ်လို့ တာချီလိတ်ခရိုင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနက ထုတ်ပြန်ပြောဆိုပါတယ်။
ထိုင်းနိုင်ငံနဲ့ နယ်စပ်ချင်းထိစပ်နေသလို လာအိုနိုင်ငံနယ်စပ်နဲ့လည်း နီးကပ်နေတဲ့ တာချီလိတ်မြို့မှာ နှစ်စဥ်အခုလိုကာလတွေဟာ တောမီးလောင်တာနဲ့ တောင်ယာ မီးရှို့မှုတွေကြောင့် မီးခိုးမြူတွေ ထူထပ်ပြီး လေထုညစ်ညမ်းမှု မြင့်တက်လေ့ရှိပါတယ်။
မီးခိုးမြူတွေအုံ့ဆိုင်းနေတဲ့အခြေအနေဟာ ၁၀ ရက်လောက်ရှိနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ရက်ပိုင်းက မိုးအနည်းငယ် ရွာခဲ့တာကြောင့် ကောင်းကင်မှာ အနည်းငယ်ပြန်ကြည်လင်သွားပေမဲ့ အခုတော့ မီးခိုးမြူပြန်လည် မြင့်တက်နေတာ ၂ ရက်တိတိရှိပြီလို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
‘’အပြင်ထွက်တယ်ဆိုရင် မျက်လုံးစပ်တယ်။ ဆိုင်ကယ်စီးသွားရင်တော့ မက်စ်တပ်၊ ဆိုင်ကယ်ဦး ထုပ်ဆောင်းပေါ့။ ဒီလိုပဲ ထွက်ရတာပဲလေ။ ဒီနှစ်က ပိုဆိုးတယ် ၁၀ ရက်လောက်ဖြစ်နေပြီ။ မီးခိုးမြူက ပါးသွားလိုက် ပြန်သိပ်လာလိုက်နဲ့။ မနှစ်တုန်းကထက် ပိုကျနေတယ်။ ဒီနေ့လည်း တနေ့လုံး နေလုံး မတွေ့ရဘဲ မှိုင်းမှိုင်းကြီးဖြစ်နေတယ်။ လူကြီးပိုင်းတွေကတော့ အိမ်ထဲမှာပဲ နေကြတယ်။ အလုပ်သွားအလုပ်ပြန်လုပ်ရတဲ့ လူငယ်ပိုင်းတွေပဲ အပြင်ထွက်ကြတယ်’’လို့ တာချီလိတ်မြို့၊ အာခါစျေးအနီးနေထိုင်သူတစ်ဦးက ပြောပါတယ်။
တောင်ယာမီးရှို့ ရာသီရောက်တိုင်းမှာ မြန်မာဘက်က တာချီလိတ်မြို့မှာရော၊ ထိုင်းဘက်ခြမ်းက မယ်ဆိုင်မြို့မှာပါ မီးခိုးမြူတွေ အန္တရာယ်အဆင့်အထိ မြင့်တက်လာတဲ့အခြေအနေ ရောက်လေ့ရှိပေမဲ့ ဘယ်ဘက်က ရှို့တဲ့မီးကြောင့် နှစ်နိုင်ငံနယ်နိမိတ်ကောင်းကင်မှာ အခုလို မီးခိုးမြူတွေ ထူလာရတယ်ဆိုတာ ပြောပြဖို့ ခက်တယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
‘’တာချီလိတ်က တောင်တွေကြားထဲမှာဆိုတော့ ဒီလိုတောင်ယာရှင်းချိန်မှာ ဘယ်သူက စလို့ စမှန်းမသိတဲ့ မီးခိုးတွေ တက်လာတာပါပဲ။ ထိုင်းဘက်က ရှို့တာဆိုရင်တော့ မီးရှို့တဲ့နေရာကို စောင့်ကြည့်တဲ့ ဖုန်းအပလီ ကေးရှင်းလိုကနေ စောင့်ကြည့် ကြည့်မတ်လိုက်ရင် ရှို့တာရပ်သွားတာပဲ။ မြန်မာဘက်ကတော့ နည်းပညာ လည်း အဲဒီလောက် မရှိတော့ ဒီအချိန်ဆို မီးခိုးငွေ့ကို ရှုနေရတာပါပဲ’’ လို့ တာချီလိတ်ဒေသခံ တစ်ဦးက ပြောပါတယ်။
မီးခိုးမြူငွေ့ပြဿနာကို ၃ နိုင်ငံတိုက်ဖျက်မယ်
တောင်ယာနဲ့ တောမီးကြောင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ အန္တရာယ်ကြုံနေရချိန်မှာပဲ အဲဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာ၊ ထိုင်းနဲ့ လာအိုနိုင်ငံခေါင်းဆောင်တွေ လောလောလတ်လတ် ဆွေးနွေးထားကြပါတယ်။
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ လာအိုနိုင်ငံ ဝန်ကြီးချုပ် ဆွန်ဆေး စီပန်ဒွန်တို့ အွန်လိုင်းကနေ သောကြာနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
ဒေသတွင်းဖြစ်ပွားနေတဲ့ ဒီအရေး ဆွေးနွေးပွဲကို ထိုင်းဝန်ကြီးချုပ်က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုင်း၊ မြန်မာ၊ လာအို ၃ နိုင်ငံကြား တပ်ဖွဲ့တွေ ပူးပေါင်းဖြေရှင်းသွားဖို့ သဘောတူခဲ့ကြပါတယ်။
ထိုင်းဝန်ကြီးချုပ်ကတော့ မီးခိုးမြူငွေ့ အန္တရာယ်က ၃ နိုင်ငံက ပြည်သူတွေရဲ့ ကျန်းမာရေးထိခိုက်လာတဲ့ အထိဖြစ်လာတာကြောင့် နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ ပြောသလို ဒီပြဿနာကို လာမယ့်လမှာ အင်ဒိုနီးရှားနိုင်ငံက ဦးဆောင်မယ့် ၄၂ ကြိမ်မြောက် အာဆီယံ အစည်းအဝေးပွဲအတွင်းမှာ ဆွေးနွေးသွားမယ်လို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ တာချီလိတ်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန တာဝန်ရှိသူ တစ်ဦးကတော့ ‘’ အဓိက ကတော့ လာအိုဘက်က မီးစရှို့ရာကနေ လေထုညစ်ညမ်းမှု စဖြစ်တာ။ လေထုညစ်ညမ်းမှု မတ်လကတည်းက မြင့်တက်လာတာပါ။ ပြီးခဲ့တဲ့မတ်လ ၂၄၊ ၂၅ ရက်မှာ မြင့်တက်လာပြီး လကုန်ပိုင်းမှာ နည်းနည်းပြန်ကျသွားတယ်။ အခုတော့ မနေ့ကထက်စာရင် ဒီနေ့က လေထုညစ်ညမ်းမှု ပိုမြင့်တက်ပြီး အန္တရာယ်ရှိတဲ့ နီညိုရောင်အဆင့်ကို ရောက်သွားတယ်။ သတင်းအချက်အလက်တွေကိုတော့ ကျွန်တော်တို့ လူမှုကွန်ရက်ကနေ တချိန်နဲ့တပြေးညီ ဖြန့်ဝေနေပါတယ်။ သက်ဆိုင်ရာအာဏာပိုင်တွေဆီလည်း အချက်အလက် ပေးပို့မျှဝေနေတယ်’’ လို့ ဘီဘီစီကို ပြောပါတယ်။
နယ်စပ်ဖြတ်ကျော်တဲ့ မီးခိုးမြူငွေ့တွေ ထူထပ်မှုကြောင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင်ထဲမှာတော့ ဒေသခံတွေ အနေနဲ့ အလုပ်ကိုမလာဘဲ အိမ်ကနေပဲ အလုပ်လုပ်ကြဖို့၊ ဖျော်ဖြေရေးနေရာတွေ ဆိုရင်လည်း လေအေးပေးစက် တပ်ဆင်ပြီး လေဝင်လေထွက်ကောင်းအောင် စီမံဖို့ စတာတွေကို ချင်းရိုင်အာဏာပိုင်တွေက မနေ့ကတည်းက ညွှန်ကြားထားတာတွေ့ရပါတယ်။
တာချီလိတ်ကို ပြည်တွင်းလေယာဥ်ဆင်းသက်မှုတွေ ပိတ်ထား
တာချီလိတ်မြို့က ကောင်းကင်မှာ မတ်လ နှောင်းပိုင်းကစလို့ လေထုညစ်ညမ်းမှု မြင့်တက်နေပြီး ပြီးခဲ့တဲ့ရက်တွေအတွင်း မီးခိုးမြူငွေ့တွေ ထူထပ်နေတာကြောင့် တာချီလိတ်လေဆိပ်ကို ဆင်းသက်တဲ့ ပြည်တွင်းလေကြောင်းခရီးစဥ်တွေလည်း ရပ်နားထားရပါတယ်။
ဒါ့ကြောင့် တာချီလိတ်ကနေ ရန်ကုန်ကို သွားမယ့် လေကြောင်းခရီးစဥ်နဲ့ တခြားခရီးစဥ်တွေက ခရီးသည်တွေဟာ အနီးဆုံးလေဆိပ်ရှိရာ တာချီလိတ်မြို့နဲ့ မိုင် ၁၀၀ ကျော်အကွာက ကျိုင်းတုံမြို့ လေဆိပ်ဆီ ခရီးတစ်ထောက်သွားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
‘‘မီးခိုးမြူုကြောင့် လေယာဥ်တွေ မဆင်းတော့ဘူး။ အခု ကျိုင်းတုံကနေ သွားစီးနေရတယ်။ ကားခက လူတစ်ယောက်ကို ဘတ် ၅၀၀ ပေးရတယ်’’ လို့ မနက်ဖြန်မှာ လေဆိပ်ဆင်းမယ့် တာချီလိတ်ဒေသခံ တစ်ဦးက ပြောပါတယ်။
ဒါဟာ ထိုင်း- မြန်မာ နယ်စပ်ဖြစ်တာကြောင့် တာချီလိတ်မှာ မြန်မာကျပ်ငွေအစား ထိုင်းဘတ်ငွေကို တွင်တွင် ကျယ်ကျယ်အသုံးပြုတဲ့အခြေအနေကို ပြသနေသလို တဖက်မှာလည်း လေယာဥ်စီးမယ့် ခရီးသည်တွေဟာ မီးခိုးမြူအန္တရာယ်ကြောင့် ထိုင်းဘတ်ငွေ ၅၀၀ (မြန်မာကျပ်ငွေ လေးသောင်းကျော်) ထပ်မံကုန်ကျ ခံနေရတာ ဖြစ်ပါတယ်။
တာချီလိတ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကပဲ တာချီလိတ်မြို့၊ ပုန်းထွန်ရပ်ကွက်မှာ တောမီးလောင်မှုဖြစ်ခဲ့ တာကြောင့် မီးသတ်တပ်ဖွဲ့နဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက မီးငြှိမ်းသတ်ခဲ့ရပါသေးတယ်။
‘‘အဆုတ်ရောဂါအခံရှိသူတွေကတော့ မီးခိုးနံ့ကြောင့် ထိခိုက်တာရှိတယ်။ အရင်နေ့တွေတုန်းက နည်းနည်းလေး ပါးသွားတယ်။ တစ်ကိုယ်စွတ်ရုံ မိုးလည်း နည်းနည်းကျတယ်ဆိုတော့လေ။ အခုဟာက တော်တော်ကြီးကို အခြေအနေဆိုးနေတယ်။ ဒီရက်ပိုင်း မိုးမရွာဘူးဆိုရင် အခြေအနေက ပိုဆိုးလာနိုင်မယ်လို့ ထင်တယ်။ သင်္ကြန်နီးပြီဆိုတော့ ဒီရက်ပိုင်း သင်္ကြန်မိုးကိုပဲ မျှော်နေတာပေါ့လေ။ ရွာလိုက်ရင်တော့ မီးခိုးမြူတွေက ချက်ချင်းပျောက်သွားရော’’လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ထိုင်းနိုင်ငံဟာ မီးခိုးမြူငွေ့အန္တရာယ်အမြင့်ဆုံး ခရိုင် ၆ ခုထဲမှာ တာချီလိတ်မြို့နဲ့ နယ်စပ် မယ်ဆိုင်မြို့ရှိရာ ချင်းရိုင်ခရိုင်ကိုလည်း ထည့်သွင်းထားပြီး အဲဒီခရိုင်တွေမှာ မီးခိုးမြူငွေ့လျှော့ချနိုင်ဖို့ တိမ်အတုဖန်တီးကာ မိုးရွာအောင် လုပ်ဆောင်လေ့ရှိပါတယ်။
မြန်မာနိုင်ငံဘက်ခြမ်းမှာတော့ တာချီလိတ်မြို့ မြို့တွင်းလမ်းမကြီးတွေမှာ မနက်ပိုင်းနဲ့ ညနေပိုင်းတို့မှာ မီးသတ်ကားတွေနဲ့ ရေဖြန်းတာတွေလုပ်နေပါတယ်။
မီးခိုးမြူငွေ့ ထူထပ်နေတဲ့အန္တရာယ်ကြောင့် သက်ကြီးရွယ်အို၊ ကလေးသူငယ်၊ ကိုယ်ဝန်ဆောင်တွေ၊ အသက်ရှုလမ်းကြောင်းရောဂါရှိသူတွေနဲ့ နှလုံးရောဂါရှိသူတွေအနေနဲ့ နေအိမ်ထဲမှာပဲ နေကြဖို့၊ အပြင်ထွက်ရင် နှာခေါင်းစီးတပ်ဖို့၊ မျက်စိစပ်လာရင် သန့်စင်တဲ့ ရေစိုဝတ်နဲ့ သုတ်ပေးဖို့၊ အသက်ရှု လမ်းကြောင်းဆိုင်ရာဝေဒနာတွေပေါ်လာရင် နီးစပ်ရာ ဆေးရုံနဲ့ ကျန်းမာရေးဌာနတွေဆီသွားဖို့ တာချီလိတ်ခရိုင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက တိုက်တွန်းထားပါတယ်။