ထိုင်းဝန်ကြီးချုပ်ရွေးပွဲ ဘယ်တော့အဆုံးသတ်မလဲ

    • ရေးသားသူ, ဇေယျာထွန်း
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

ထိုင်းနိုင်ငံလွှတ်တော်မှာ ဝန်ကြီးချုပ်လောင်းရွေးချယ်ပွဲကို ဒီနေ့မှာ ဒုတိယအကြိမ်ပြုလုပ်ခဲ့ပေမဲ့ ဝန်ကြီးချုပ်လောင်းနေရာအတွက်အဆိုပြုခံရတဲ့ Move Forward ရှေ့သို့ချီပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရက်ဟာ အဆိုပြုအဆင့်မှာတင် ကန့်ကွက်မဲရာချီကြုံခဲ့ရပါတယ်။

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီအပါအဝင် ညွန့်ပေါင်းပါတီ ၈ ပါတီက ပီတာ့ကို ဝန်ကြီးချုပ်လောင်းနေရာအတွက် ဒီနေ့မှာ ဒုတိယအကြိမ် ထပ်မံအဆိုပြုခဲ့ပေမဲ့ စစ်တပ်ခန့်အထက်လွှတ်‌တော်အမတ်တွေရဲ့ ကန့်ကွက်ဆွေးနွေးတာတွေ ကြုံခဲ့ရတာပါ။

ပီတာလင်ဂျာရိုရက်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ဒုတိယအကြိမ်အဆိုကို တင်သင့်၊ မတင်သင့် မဲခွဲဆုံးဖြတ်ရာမှာတော့ ညွန့်ပေါင်းပါတီအမတ်တွေရဲ့ စုစုပေါင်းမဲ ၃၁၂ မဲသာ ထောက်ခံမဲရခဲ့ပြီး စစ်တပ်ခန့် အထက်လွှတ်တော်အမတ် ၂၅၀ နဲ့ ရှေးရိုးစွဲပါတီတွေဘက်က အမတ်တွေ စုစုပေါင်း ၃၉၅ မဲ ကန့်ကွက်မဲရခဲ့ပါတယ်။

ဝန်ကြီးချုပ်လောင်းတစ်ဦးတည်းကို ၂ ခါအဆိုတင်ခွင့်ရှိလား

Move Forward ပါတီခေါင်းဆောင် အမတ် ပီတာ လင်ဂျာရိုရက်ကို ဝန်ကြီးချုပ်လောင်းအဖြစ် လွှတ်တော်မှာ ၂ ကြိမ်တိတိ အဆိုတင်တာဟာ လွှတ်တော်နည်းဥပဒေနဲ့ ဖွဲ့စည်းပုံအရ ကိုက်ညီမှုရှိမရှိကို အမတ်တွေ အကြိတ်အနယ်ဆွေးနွေးခဲ့ကြပါတယ်။

စစ်တပ်ခန့်အပ်တဲ့အထက်လွှတ်တော်အမတ်အချို့ကတော့ လွှတ်တော်နည်းဥပဒေ အမှတ် ၄၁ နဲ့ မညီဘူးလို့ ကန့်ကွက်ပါတယ်။

အဲဒီနည်းဥပဒေ ၄၁ ဆိုတာ လွှတ်တော်အတွင်းမှာ အဆိုတစ်ခုတင်သွင်းတဲ့အခါ ရလဒ်အပြောင်းအလဲမရှိဘူးဆိုရင် အဲဒီအဆိုကို ဒုတိယအကြိမ်မတင်သွင်းရဆိုတဲ့သတ်မှတ်ချက်ဖြစ်ပါတယ်။

Move Forward ပါတီခေါင်းဆောင် အမတ် ပီတာ လင်ဂျာရိုရက်ကို ပြီးခဲ့တဲ့တစ်ပတ်တုန်းက ကျင်းပခဲ့တဲ့ လွှတ်တော်အစည်းအဝေးပွဲမှာ မဲပေးခဲ့ပြီးဖြစ်ပေမဲ့ ဝန်ကြီးချုပ်ဖြစ်ဖို့ မဲအပြည့်မရခဲ့တာကြောင့် ရှုံးခဲ့တာကို စစ်တပ်ခန့်အထက်လွှတ်တော်အမတ်တွေက ဆိုလိုတာဖြစ်ပါတယ်။

Move Forward ပါတီလွှတ်တော်အမတ် ဝီရော လက်ခန်နာဒီဆုန်ကတော့ ဝန်ကြီးချုပ်နေရာအတွက် လိုအပ်လို့ မဲအကြိမ်ကြိမ်ပေးရတဲ့အခါ လွှတ်တော်လုပ်ထုံးလုပ်နည်းဟာ နိုင်ငံ့ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက်ကို ကျော်လွန်လို့ မရဘူးလို့ ဆွေးနွေးပါတယ်။

ထိုင်းနိုင်ငံဖွဲ့စည်းပုံအရ ဝန်ကြီးချုပ်နေရာအတွက် အဆိုတင်ခံရသူတစ်ဦးဟာ လိုအပ်တဲ့ ထောက်ခံမဲ ၃၇၆ မဲ မပြည့်မချင်း လွှတ်တော်က ဝန်ကြီးချုပ်ရွေးချယ်မှုကို မဲခွဲဆုံးဖြတ်နိုင်ခွင့် အကြိမ်ရေ မကန့်သတ်ထားတာကို သူက ထောက်ပြဆွေးနွေးတာ ဖြစ်ပါတယ်။

လွှတ်တော်တွင်းနဲ့ လွှတ်‌တော်ပြင်ပဖိအားတွေ ရင်ဆိုင်နေရတဲ့ ပီတာ

ပြုပြင်ပြောင်းလဲရေးသမားလို့ သိကြတဲ့ MFP ပါတီခေါင်းဆောင် ပီတာ လင်ဂျာရိုရက်ဟာ ဒီနေ့ တစ်ရက်တည်းမှာ လွှတ်တော်တွင်းရော၊ လွှတ်‌တော်ပြင်ပ ဖိအားတွေပါ ရင်ဆိုင်ခဲ့ရပါတယ်။

လွှတ်တော်တွင်းမှာ သူ့ကို ဝန်ကြီးချုပ်လောင်းအဖြစ် တင်သွင်းတဲ့အဆိုကို ကန့်ကွက်မဲတွေနဲ့ ရင်ဆိုင်ခဲ့သလို လွှတ်တော်အမတ်တာဝန်ဝတ္တရားတွေကနေ ယာယီဆိုင်းငံ့တဲ့ ဖွဲ့စည်းပုံခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို ကြုံခဲ့ရတာပါ။

ပီတာဟာ လွှတ်တော်ဥပဒေအရ ကန့်သတ်ထားတဲ့ မီဒီယာလုပ်ငန်းမှာ ရှယ်ယာတွေပိုင်ဆိုင်ထားတာ၊ ဘုရင်စနစ်နဲ့ပတ်သက်တဲ့အခြေခံဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းတာစတဲ့ တိုင်ကြားစာရခဲ့တာကြောင့် ဒီတိုင်ကြားစာနဲ့ပတ်သက်ပြီး အဆုံးအဖြတ်ခံယူဖို့ ရွေးကောက်ပွဲကော်မရှင်က ဖွဲ့စည်းပုံခုံရုံးဆီ တိုင်ကြားစာကို လွှဲခဲ့တာဖြစ်ပါတယ်။

လွှဲလာတဲ့တိုင်ကြားစာကြောင့်ပဲ ဖွဲ့စည်းပုံခုံရုံးက ထောက်ခံမဲ ၇ မဲ၊ ကန့်ကွက်မဲ ၂ မဲနဲ့ မဲခွဲဆုံးဖြတ်ပြီး ပီတာကို လွှတ်တော်အမတ်တာဝန်ဝတ္တရားတွေကနေ ယာယီဆိုင်းငံ့လိုက်တာပါ။

ပီတာကတော့ သူ့အပေါ် စွပ်စွဲထားတာတွေကို ငြင်းသလို ဖွဲ့စည်းပုံခုံရုံးမှာ ၁၅ ရက်အတွင်း ပြန်လည် ချေပရမှာဖြစ်ပါတယ်။

ဖွဲ့စည်းပုံခုံရုံးက တိုင်ကြားစာကို အတည်ပြုပြီး ပီတာ့မှာ အပြစ်ရှိကြောင်းဆုံးဖြတ်တယ်ဆိုရင် သူဟာ နိုင်ငံရေးလုပ်ခွင့် ၁၀ နှစ်နီးပါး ပိတ်ပင်ခံရနိုင်သလို သူက ပါတီခေါင်းဆောင်အဖြစ်နဲ့ လက်မှတ်ထိုး ထောက်ခံခဲ့တဲ့ လွှတ်တော်အမတ် ၁၅၀ ဟာလည်း တရားမဝင်ဖြစ်ကာ ကန့်ကွက်တိုင်တန်းသူပေါ်ရင် ပါတီပါ ဖျက်သိမ်းခံရနိုင်တဲ့အခြေဆိုက်နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

‘‘ထိုင်းနိုင်ငံဟာ မေလ ၁၄ ရက်(ရွေးကောက်ပွဲနေ့)မတိုင်ခင်တုန်းကလို မဟုတ်တော့ပါဘူး။ ... ပြန်လည်ဆုံတွေ့ဦးမှာဖြစ်လို့ အခုတော့ နှုတ်ဆက်ပါတယ်’’လို့ သူကပြောသလို လူထုကို မျက်နှာမူဖို့ကိုလည်း အမတ်တွေကို လွှတ်တော်ထဲက မထွက်ခင်မှာ တိုက်တွန်းပါတယ်။

ဝန်ကြီးချုပ်လောင်းရွေးချယ်ပွဲ ဘာဆက်ဖြစ်မလဲ

ထိုင်းဝန်ကြီးချုပ်နေရာအတွက် လွှတ်တော်အတွင်းမဲပေးမှုဟာ လာမယ့် သီတင်းပတ်တွေမှာ ဆက်ပြီးရှိနေမှာဖြစ်ပါတယ်။

ဒါပေမဲ့ ပီတာ လင်ဂျာရိုရက်ကတော့ ၃ လနဲ့ အထက်ကြာနိုင်တဲ့ အခုလွှတ်တော်ရဲ့ ပထမအကြိမ်ပုံမှန်အစည်းအဝေးမှာ ဝန်ကြီးချုပ်အဖြစ် ဆက်ရွေးချယ်ခံရဖို့ မရှိတော့ပါဘူး။ သူ့ကို ဝန်ကြီးချုပ် လောင်းအဖြစ် ဆက်ပြီး အဆိုပြုဖို့ မဖြစ်နိုင်အောင် လွှတ်တော်က ဒီနေ့မှာ မဲခွဲဆုံးဖြတ်လိုက်တာကြောင့်ဖြစ်ပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲမှာ Move Forward ပါတီပြီးရင် လွှတ်တော်အမတ်နေရာအများစုရထားတဲ့ ပါတီလည်းဖြစ်၊ အဲဒီပါတီ အပါအဝင် ပါတီ ၈ ခုနဲ့ညွန့်ပေါင်းဖွဲ့ထားတဲ့ ဖွေထိုင်းပါတီဟာ ဝန်ကြီးချုပ် လောင်းနေရာအတွက် ရွေးကောက်ခံအမတ် ၃ ဦးထဲက တစ်ဦးဦးကို လာမယ့်တစ်ပတ်လွှတ်တော် အစည်းအဝေးမှာ အဆိုပြုလာနိုင်ခြေရှိပါတယ်။

ဖွေထိုင်းပါတီရဲ့ ဝန်ကြီးချုပ်လောင်းအဖြစ်လျာထားသူတွေထဲမှာ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာရဲ့သမီး ပေထုံထန် ရှင်နာဝပ်ထရာလည်း ပါဝင်နေတာကြောင့် သူ့ကိုလည်း ဖွေထိုင်းက အဆိုပြုနိုင်ခြေရှိနေတာပါ။

တဖက်မှာလည်း စစ်တပ်နဲ့ဘုရင်စနစ်ကျောထောက်နောက်ခံပြုထားတဲ့ လက်ရှိအိမ်စောင့်အစိုးရ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးပရာယွတ်ရဲ့ ယူနိုက်တက်နေးရှင်းပါတီ၊ အိမ်စောင့်အစိုးရ ဒုတိယဝန်ကြီးချုပ်ဖြစ်တဲ့ ပရာဝတ် ဝမ်ဆူဝမ်ရဲ့ ဖလန် ပရာချာရတ်ပါတီတွေက အဲဒီလူပုဂ္ဂိုလ် ၂ ဦးကို ဝန်ကြီးချုပ်လောင်းအဖြစ် လွှတ်တော်ကို တင်လာနိုင်ခြေရှိပါတယ်။

အဲဒီပါတီတွေဟာ ဒီလူပုဂ္ဂိုလ်တွေကို ဝန်ကြီးချုပ်လောင်းအဖြစ်အဆိုတင်မယ်ဆိုပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဥ်ပြိုင်ခဲ့ကြတာကြောင့်ဖြစ်သလို စစ်တပ်ခန့် အထက်လွှတ်တော်အမတ်တွေရဲ့ မဲ ၂၅၀၊ ပါတီအနိုင်ရအမတ်တွေရဲ့မဲနဲ့ ဝန်ကြီးချုပ်နေရာကို ပိုင်ပိုင်နိုင်နိုင်ရနိုင်တာကြောင့်လည်းဖြစ်ပါတယ်။