လီကွမ်ယုသားကို ဗြိတိန်က ခိုလှုံခွင့်ပေး

    • ရေးသားသူ, တပ်ဆာ ဝေါင်း
    • ရာထူးတာဝန်, အာရှ ဒစ်ဂျစ်တယ် သတင်းထောက်
    • ရေးသားပေးပို့သည့်နေရာ, စင်္ကာပူ
    • ရေးသားသူ, ဒေါမနစ် ကပ်ရှာနီ
    • ရာထူးတာဝန်, ပြည်ထဲရေးနဲ့ ဥပဒေရေးရာ သတင်းထောက်
    • ရေးသားပေးပို့သည့်နေရာ, လန်ဒန်မှ ပေးပို့တယ်

စင်္ကာပူကို တည်ထောင်တဲ့ လီကွမ်ယုရဲ့သားငယ် လီရှန်ယန်း ဗြိတိန်မှာ နိုင်ငံရေး ခိုလှုံခွင့် ရသွားပါပြီ။

သူ စင်္ကာပူကို ပြန်ရင် မိသားစု မကျေလည်မှုကြောင့် နှိပ်ကွပ်ခံရမှာ စိုးလို့ ဆိုပြီး ခိုလှုံခွင့် တောင်းခံခဲ့တာ ဖြစ်ပါတယ်။

လီကွမ်ယု ၂၀၁၅ မှာ ကွယ်လွန်ပြီးကတည်းက လီရှန်ယန်းနဲ့ သူ့အစ်ကို ဝန်ကြီးချုပ်ဟောင်း လီရှန်လွန်းတို့ အိမ် အမွေကိစ္စနဲ့ အဆင်မပြေ ဖြစ်နေကြပြီး လူသိရှင်ကြား ဖြစ်ခဲ့ပါတယ်။

လီရှန်ယန်းက သူ့ခိုလှုံခွင့် တောင်းခံမှုကို ခွင့်ပြုတဲ့အကြောင်း စာအပါအဝင် စာရွက်စာတမ်းတချို့ကို ဘီဘီစီကို ထုတ်ပြပါတယ်။ စင်္ကာပူ ပြန်ရင် နှိပ်ကွပ်ခံရမှာကို မစ္စတာလီ စိုးရိမ်နေတာကို လက်ခံပြီး ဗြိတိသျှအစိုးရက သူ့ကို ဒုက္ခသည် အဖြစ် ငါးနှစ် နေခွင့်ပြုလိုက်ကြောင်း ဒီစာမှာ ပါရှိပါတယ်။

လန်ဒန်မှာ နေတဲ့ လီရှန်ယန်းက သူ့ဇနီးလည်း ခိုလှုံခွင့် ရသွားပြီလို့ ပြောပါတယ်။

ခိုလှုံခွင့် ကိစ္စ တခုချင်းအပေါ် မှတ်ချက်မပေးတာဟာ အစိုးရ မူဝါဒ ဖြစ်ကြောင်း ဗြိတိသျှ ပြည်ထဲရေး ဌာန ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

မစ္စတာလီ ခိုလှုံခွင့် ရသွားကြောင်း ဘီဘီစီက သီးခြား စုံစမ်း အတည်ပြုနိုင်ခဲ့ပါတယ်။ သူ့ပြောကြားချက်တွေကလည်း ဗြိတိသျှပြည်ထဲရေးရုံးရဲ့ ခိုလှုံခွင့် မူဝါဒတွေနဲ့ ကိုက်ညီနေပါတယ်။

နောက်ဆုံးမှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် လျှောက်လိုက်တယ်၊ စင်္ကာပူနိုင်ငံသားအနေနဲ့ ဆက်ရှိနေပြီး တနေ့နေ့မှာ အိမ်ကို ဘေးကင်းစွာနဲ့ ပြန်နိုင်မယ်လို့ မျှော်လင့်တယ်လို့ လီရှန်ယန်းက ဆိုပါတယ်။

စင်္ကာပူရဲ့ 'ပထမမိသားစု'ဝင်လို့ ရှုမြင်ခံခဲ့ရပြီး စင်္ကာပူရဲ့ အကြီးဆုံး တယ်လီကွန်း ဆက်သွယ်ရေး ကုမ္ပဏီရဲ့ အကြီးအကဲဟောင်း ဖြစ်တဲ့ လီရှန်ယန်းဟာ သူ့အစ်ကိုနဲ့ အဆင်မပြေ မဖြစ်ခင်ထိ နိုင်ငံရဲ့ သြဇာတိက္ကမ ရှိတဲ့အထဲက ဖြစ်ခဲ့ပါတယ်။

အဲဒီနောက် အတိုက်အခံပါတီနဲ့ ပူးပေါင်းပြီး စင်္ကာပူအစိုးရကို ဝေဖန်သူ ဖြစ်လာခဲ့ပါတယ်။ ဒါတွေကို ဗြိတိန်မှာ နေချိန်မှာလည်း ဆက်လုပ်ချင်တယ်လို့ ဆိုပါတယ်။

သူတို့ ဇနီးမောင်နှံနဲ့ သားတယောက် ပြည်ပမှာ နေကြတာ နှစ်ချီနေပါပြီ။ လီရှန်ယန်းတို့ကို စင်္ကာပူ အစိုးရက စုံစမ်း စစ်ဆေးပြီး ဥပဒေကြောင်းအရ အရေးယူတာတွေ လုပ်တာကလည်း နှိပ်ကွပ်မှု ပုံစံတမျိုးလို့ ဆိုပါတယ်။

သူတို့အစ်ကိုကြီး လီရှန်လွန်းဟာ နိုင်ငံရေး မင်းဆက် ထူထောင်ဖို့ သူတို့အဖေရဲ့ သြဇာပုံရိပ်ကို အသုံးချနေတယ်ဆိုပြီး ကွယ်လွန်သွားတဲ့ သူ့အစ်မ လီဝေလင်းနဲ့အတူ လီရှန်ယန်း စွပ်စွဲခဲ့တာ ကြာပါပြီ။

သူတို့ အစ်ကိုကြီးဟာ ဝန်ကြီးချုပ်ဘဝက ရတဲ့ အာဏာကို အလွဲသုံးစားလုပ်ခဲ့ပြီး သူတို့ကို အစိုးရ ယန္တရားတွေ သုံးပြီး ဖိနှိပ်မှာကို ကြောက်နေရတယ်လို့ စွပ်စွဲကြပါတယ်။

လီရှန်လွန်း ဒီနှစ်ဆန်းက ဝန်ကြီးချုပ် ရာထူးက ဆင်းပေးပြီး ၀ါရင့် ဝန်ကြီးတယောက်အနေနဲ့ အစိုးရထဲမှာ ဆက်တာဝန်ယူခဲ့ပါတယ်။ သူရော စင်္ကာပူအစိုးရကပါ ဒီလို စွပ်စွဲချက်တွေကို ပြင်းပြင်းထန်ထန် ပယ်ချခဲ့ကြပါတယ်။

လီရှန်ယန်းတို့ မိသားစု နှိပ်ကွပ်ခံနေရတယ် ဆိုတဲ့ စွပ်စွဲချက်တွေကို အခြေအမြစ် မရှိဘူး၊ သူတို့ကို ဘာ ဥပဒေ အနှောင်အဖွဲ့မှ မရှိဘူးဆိုပြီး အင်္ဂါနေ့မှာ စင်္ကာပူအစိုးရက ငြင်းဆိုခဲ့ပါတယ်။

လီရှန်ယန်း လွတ်လွတ်လပ်လပ် ပြန်လို့ရတယ်လို့ စင်္ကာပူအာဏာပိုင်တွေရဲ့ ပြောကြားချက်ကိုတော့ မှတ်ချက်မပေးဘူးလို့ လီရှန်ယန်းရဲ့ ပြန်ကြားရေးမှူးက ပြောပါတယ်။

စင်္ကာပူ မြို့လယ် လူအသွားအလာနည်းတဲ့ အောက်စလီလမ်း အမှတ် ၃၈ က ရိုးရိုးရှင်းရှင်း အိမ်သေးလေးတလုံးအတွက် မိသားစုထဲ အမှုဖြစ်နေကြတာပါ။ ဒီအိမ်က စင်္ကာပူဒေါ်လာ သန်း ဆယ်နဲ့ချီ တန်မယ်လို့ မှန်းဆကြပါတယ်။

ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကို မကြိုက်တဲ့ လီကွမ်ယုက သူသေရင် ဒါမှမဟုတ် သူ့သမီး အိမ်ကထွက်သွားရင် ဒီအိမ်ကို ဖျက်ပစ်လိုက်ဖို့ သေတမ်းစာမှာ ရေးခဲ့ပါတယ်။

အဲဒီတုန်းက ဝန်ကြီးချုပ်ဖြစ်နေတဲ့ လီရှန်လွန်းက အိမ်ကို ထိန်းသိမ်းထားသင့်တယ်လို့ ပြောပါတယ်။ ကျန်တဲ့ မောင်နှမတွေကတော့ သူတို့ဖခင်ရဲ့ ဆန္ဒအတိုင်း ချက်ချင်းဖြိုပစ်ဖို့ စောဒကတက်ကြပါတယ်။

ဒီလဆန်းက လီကွမ်ယုသမီး ဦးနှောက်ရောဂါနဲ့ ကွယ်လွန်သွားပြီးနောက် လီရှန်ယန်းက အိမ်ကို ဖြိုပစ်လိုက်ဖို့နဲ့ အဲဒီနေရာမှာ လီမိသားစုပိုင်တဲ့ ပုဂ္ဂလိကအိမ်ကလေး ဆောက်ဖို့ လျှောက်လွှာတင်ပါတယ်။