ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ချားလ်စ်ဘုရင်ရဲ့ မြောက်အိုင်ယာလန် ခရီးစဥ်
တတိယမြောက် ချားလ်စ်ဘုရင်ဟာ မြောက်အိုင်ယာလန်ကို ဘုရင် အနေနဲ့ ပထမဆုံး အကြိမ်သွားရောက်တဲ့ ခရီးစဥ်အတွင်း ပြောကြားခဲ့တာတွေထဲမှာ နတ်ရွာစံ မယ်တော် ဘုရင်မကြီးဟာ ဒီနေရာနဲ့ ဒီနေရာက ပြည်သူတွေ အကောင်းဆုံး ဖြစ်စေဖို့ ဆုမွန်တွေတောင်းတာ ဘယ်သောအခါမှ မပျက်ကွက် မရပ်တန့်ခဲ့ဘူး ဆိုတဲ့ အချက် ပါဝင်ပါတယ်။
မယ်တော် ဘုရင်မကြီး နတ်ရွာစံသွားခဲ့တဲ့ အတွက် ဝမ်းနည်း ပူဆွေးရကြောင်း မြောက်အိုင်ယာလန် လွှတ်တော် ဥက္ကဋ္ဌ အဲလက်ဇ် မာ့စ်ကီရဲ့ သတင်းစကားကိုလည်း ချားလ်စ်ဘုရင် အခု ခရီးစဥ်အတွင်း လက်ခံ ရရှိခဲ့ပါတယ်။
ရှင်ဖိန်းပါတီဝင် အဲလက်ဇ် မာ့စ်ကီက “ဘယ်လောက် သေးငယ်ပါစေ၊ ကောင်းမွန်တဲ့ သဘောဆန္ဒကို ပြသတဲ့ အရာတိုင်းဟာ လူတွေရဲ့ စိတ်ခံစားမှုနဲ့ ပြုမူပုံတို့ အပေါ် အပြောင်းအလဲ ကြီးကြီးမားမား ဖြစ်စေတဲ့ အထိ သက်ရောက်နိုင်စွမ်း ရှိတဲ့ အပေါ် ဘုရင်မကြီး မျက်မှောက်ပြု နားလည်ခဲ့တယ်” လို့ ဆိုပါတယ်။
ချားလ်စ်ဘုရင်နဲ့ မိဖုရားကြီးတို့ မြောက်အိုင်ယာလန်ကို ရောက်လာတဲ့ အပေါ် ကြိုဆို နေကြတဲ့ လူအများကို ဟေးလ်စ်ဘာရာ ရဲတိုက်ရဲ့ အပြင်ဘက်မှာ ဗြိတိန် ထီးနန်းသစ် ဖြစ်လာသူ ချားလ်စ်ဘုရင်နဲ့ မိဘုရားကြီး ကမီလာတို့ တွေ့ဆုံ နှူတ်ဆက် ခဲ့ပါတယ်။
ဟေးလ်စ်ဘာရာ ရဲတိုက်ဟာ မြောင်အိုင်ယာလန်မှာ ဗြိတိသျှ တော်ဝင်ထီးနန်းနဲ့ သက်ဆိုင်တဲ့ တစ်ခုတည်းသော စံအိမ်နေရာ ဖြစ်ပြီး၊ ဘုရင်မကြီး အတွက် အမှတ်တရ ပန်းစည်းတွေ ချနိုင်ဖို့ သတ်မှတ်ထားတဲ့ နေရာလည်းပဲ ဖြစ်ပါတယ်။
ချားလ်စ်ဘုရင်ဟာ မြောက်အိုင်ယာလန် ဆိုင်ရာ ဝန်ကြီး ခရစ် ဟီတန်-ဟဲရစ်နဲ့ သီးခြား တွေ့ဆုံ ခဲ့သလို၊ မြောက်အိုင်ယာလန် လွှတ်တော်ထဲ ရှိနေကြတဲ့ နိုင်ငံရေးပါတီက သူတွေနဲ့လည်း သီးသန့် တွေ့ဆုံတာတွေ ပြုလုပ် ခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဘဲလ်ဖတ်စ်မြို့တော် စိန့် အဲန်း ကက်သီဒရယ် ဘုရားကျောင်းကြီးမှာ ပြုလုပ်တဲ့ ဝတ်ပြု ဆုတောင်းပွဲကို တက်ရောက်ခဲ့ပါတယ်။
ဟေးလ်ဘာရာရဲတိုက်မှ ပြောစကားများ
နတ်ရွာစံ ဘုရင်မကြီးဟာ ရှည်လျားတဲ့ နန်းစံသက် တောက်လျှောက်မှာ မြောက်အိုင်ယာလန်နဲ့ ပတ်သက်ပြီး သမိုင်းဝင် အပြောင်းအလဲတွေ၊ အထင်ကရ ဖြစ်ရပ်တွေကို ကြုံတွေ့ သိမြင်ခဲ့ရသူ ဖြစ်တယ်လို့ ချားလ်စ်ဘုရင်က ဆိုပါတယ်။
“ဝေးကွာနေတဲ့ သူတွေကို ပြန်လည် ပူးပေါင်း အတူရှိနိုင်ရေးမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ရတဲ့ အပေါ် အကျွန်ုရဲ့ မယ်တော်ကြီးဟာ အင်မတန်မှပဲ အလေးအနက် ထားခဲ့ပြီး၊ ကာလတာရှည် နာကျင်ရမှုတွေ ကုစားရေးမှာလည်း တတ်နိုင်သလောက် ဖေးမကူညီခဲ့ပါတယ်” ဆိုပြီး ချားလ်စ်ဘုရင်က ပြောဆိုခဲ့ပါတယ်။
“အဲဒီ ဂုဏ်ရောင်ထွန်းပြောင်တဲ့ စံနမူနာကောင်းတွေနဲ့ အညီ ဘုရားသခင်ရဲ့ ဖေးဖမှုနဲ့ အကျွန်ုပ်လည်းပဲ မြောက်အိုင်ယာလန်နေ ပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာတွေ ဆောင်ကြဥ်းနိုင်ရာ တာဝန်ဝတ္တရားကို ရယူ ထမ်းဆောင်မှာ ဖြစ်တယ်”လို့လည်း ချားလ်စ်ဘုရင်က ဆိုပါတယ်။
မြောက်အိုင်ယာလန် လွှတ်တော် ဥက္ကဋ္ဌ တာဝန် လက်ရှိ ယူထားတဲ့ ရှင်ဖိန်း အဖွဲ့က သက်တမ်းကြာရှည် ရွေးကောက်ခံ ကိုယ်စားလှယ် ဖြစ်တဲ့ မစ္စတာ မာ့စ်ကီကလည်း အိုင်းရစ် မိခင် ဘာသာစကား သုံးပြီး “အခုလို ချားလ်စ်ဘုရင်ရဲ့ ခက်ခဲတဲ့ အချိန်မှာ ကိုယ်ချင်းစာစိတ်နဲ့ ဂရုဏာတရား ထားရှိကြောင်း ပြောလိုပါတယ်” လို့ ဆိုပါတယ်။
“မြောက်အိုင်ယာလန် လွှတ်တော်ထဲက ဗြိတိန်နဲ့ အတူ ယှဥ်တွဲနေလိုတဲ့ ယူနီယံနစ် ပြည်ထောင်စုဝါဒီတွေရော၊ သီးသန့် လွတ်လပ်မှုကို လိုလားတဲ့ ရီပတ်ဘလစ်ကင်တွေရော၊ တွဲရေးခွဲရေး ဆိုတာတွေ အပေါ် အဓိက အာရုံမစိုက်ကြတဲ့ အုပ်စုတွေရာ အားလုံး စုပေါင်းပြီး နတ်ရွာစံ ဘုရင်မကြီး အတွက် ဆုတောင်းခဲ့ကြပါတယ်” လို့လည်း မစ္စတာ မာ့စ်ကီးက ပြောပါတယ်။
ဘီဘီစီရဲ့ မြောက်အိုင်ယာလန် ဆိုင်ရာ နိုင်ငံရေး အယ်ဒီတာ အဲန်ဒါ မက်ကလဖ်ဖါတီ သုံးသပ်တာကတော့ ...
“မစ္စတာမာစကီးဟာ စကားလုံးတွေ အသေအချာ စိစစ် ရွေးချယ်ပြီး သုံးစွဲခဲ့တယ်၊ ဒါပေမယ့်လည်း အဲဒီ စကားလုံးတွေ ကိုယ်တိုင် ဘုရင်မကြီး နတ်ရွာစံတဲ့ အပေါ် ဝမ်းနည်းကြောင်း စကားထက် ကျော်လွန်ပြီး မြောက်အိုင်ယာလန်မှာ နိုင်ငံရေးနဲ့ ဆိုင်တဲ့ အခြေခံ အကြောင်းအရာတွေ ပြောင်းလဲ နေတဲ့ အချက်ကို ပေါ်လွင် ထင်ဟပ်နေခဲ့တယ်၊ နိုင်ငံရေး အရ ရှေ့မတိုး နောက်မဆုတ် ဖြစ်နေတယ်လို့ သူယူဆထားတဲ့ မြောက်အိုင်ယာလန် လွှတ်တော်တွင်းက အခြေအနေ အပေါ် သူ စိတ်ပျက်နေတာကိုလည်း ခေါင်းဆောင်မှု ကင်းမဲ့ နေတဲ့ အဖြစ်ဆိုပြီး ခေါ်ဆိုသွားတာတွေ့ရတယ်“ ... စသဖြင့် အဲန်ဒါ မက်ကလဖ်ဖါတီ က သုံးသပ်ပါတယ်။
လန်ဒန်မှာ ဘာတွေ ဖြစ်မလဲ
စကော့တလန်နိုင်ငံ အက်ဒင်ဘရာမြို့တော်မှာတော့ ဘုရင်မကြီးရဲ့ ခေါင်းတလားတော်ကို အများပြည်သူ နှုတ်ဆက်ဂါရဝ ပြုဖို့ ထားရှိထားတဲ့ စိန့်ဂျိုုင်းလ်စ် ဘုရားကျောင်းကြီးထဲကနေ အက်ဒင်ဘရာ လေဆိပ် ရှိရာဆီ ဖြေညင်း ညင်သာစွာ ရွေ့လျား သယ်ဆောင်ကြပါတယ်။
အက်ဒင်ဘရာရဲ့ လမ်းတွေပေါ် ထောင်ပေါင်းများစွာသော စကော့တလန် ပြည်သူတွေ ဘုရင်မကြီးကို နောက်ဆုံး နှုတ်ဆက် ဂါရဝ ပြုနိုင်ဖို့ စုဝေး နေခဲ့ကြပါတယ်။
အက်ဒင်ဘရာ လေဆိပ်ကနေ လန်ဒန်မြို့ အနောက်ဘက်ပိုင်း နော့သ်ဟော့ထ် တော်ဝင်လေတပ်စခန်းကို ပျံသန်း သယ်ဆောင် သွားမှာ ဖြစ်ပြီး၊ အဲဒီကနေမှ ဘာကင်ဟမ် နန်းတော်ကို ပို့ဆောင်မှာ ဖြစ်ပါတယ်။
ဒုတိယမြောက် အဲလစ်ဇဘက် ဘုရင်မကြီးအတွက် နိုင်ငံတော် စျာပန အခန်းအနား အစီအစဥ်တွေ ပြုလုပ်ထားပြီး၊ အသေးစိတ် အချက်အလက် တချို့ကတော့ ပေါ်ထွက် မလာသေးပါဘူး။
လာမယ့် စက်တင်ဘာလ ၁၉ ရက်၊ တနင်္လာနေ့ကို စျာပနနေ့ အဖြစ် သတ်မှတ်ထားပါတယ်။ တနင်္လာနေ့မှာတော့ ဝက်စ်မင်စတာ ဘုရားကျောင်းမှာ ဝတ်ပြု ဆုတောင်းပွဲ အခန်းအနား ပြုလုပ်ပြီးရင်တော့ လန်ဒန်မြို့ တလျှောက် စစ်ရေးပြ အဆောင်အယောင် အခြွေအရံတွေနဲ့ တကွ စီတန်း လှည့်လည်ကြမယ့် စျာပန အခမ်းအနားကို ခမ်းခမ်းနားနားလည်းဖြစ်၊ အင်မတန် စိတ်ခံစားဖွယ်ရာ ကောင်းလောက်အောင် တွေ့မြင်ကြရဖို့ မျှော်လင့်ရပါတယ်။
တော်ဝင်မိသားစုက ပြုလုပ်တဲ့ နောက်ဆုံး ဝတ်ပြုဆုတောင်းပွဲကိုတော့ ဘုရင်မကြီး အဓိက နေထိုင်သွားရာ နေရာတစ်ခု ဖြစ်တဲ့ ဝင်ဆာရဲတိုက်က ဘုရားကျောင်းမှာ ကျင်းပဖို့ စီစဥ်ထားပါတယ်။
ဘာကင်ဟမ်နန်းတော်ကနေ လန်ဒန်မြို့လယ် အချက်အချာနေရာတွေနဲ့ ချိတ်ဆက်ထားတဲ့ သမောလ်လမ်းမကြီး တလျှောက် စျာပန စီတန်းလှည့်လည်မှုကို စောင့်ကြည့်ကြမယ့် အများပြည်သူ စုဝေး နေကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ဒါ့အပြင် တော်ဝင် ပန်းခြံတွေ အားလုံးမှာလည်း စျာပန အခမ်းအနားကို အများပြည်သူ ကြည့်ရှုနိုင်အောင် ရုပ်မြင်သံကြား ဖန်သားပြင်ကြီးတွေ ထားရှိမှာ ဖြစ်ပါတယ်။