ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
နီဂျဲ - အာဏာသိမ်းပြီလို့ စစ်သားတွေကြေညာ
အနောက်အာဖရိကက နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ နီဂျဲမှာတော့ အာဏာသိမ်းလိုက်ပြီဆိုပြီး နိုင်ငံပိုင်ရုပ်သံကနေ ကြေညာလိုက်ပါပြီ။
နိုင်ငံ့ဖွဲ့စည်းပုံကို ဖျက်သိမ်းလိုက်ပြီလို့ပြောသလို အစိုးရယန္တရားတွေကို ဆိုင်းငံ့တာနဲ့ နိုင်ငံနယ်နိမိတ်တွေကိုလည်း ပိတ်ထားလိုက်ပြီလို့ပြောပါတယ်။
နီဂျဲသမ္မတ မဟာမက် ဘက်ဇွန်းကိုတော့ သမ္မတအိမ်တော် အစောင့်တပ်ဖွဲ့ဝင်တွေက ထိန်းသိမ်းထားတာ မနေ့ကတည်းက ဖြစ်ပါတယ်။
နီယာမေမြို့တော်က သမ္မတ အိမ်တော်ရှိရာ အလားတူ ရပ်ကွက်ထဲက ဝန်ကြီးဌာနအများအပြားဆီသွားရာလမ်းတွေလည်း ပိတ်ဆို့ထားပါတယ်။
နီဂျဲနိုင်ငံဟာ ဂျီဟာ့ဒ်ဝါဒီ လက်နက်ကိုင် နှစ်ဖွဲ့ အခြေစိုက်ရာ နိုင်ငံဖြစ်ပါတယ်။
အနောက်အာဖရိကဒေသမှာ အစ္စလာမစ် လက်နက်ကိုင်တွေကို ဆန့်ကျင်တိုက်ခိုက်ရာမှာ နီဂျဲဟာ ပြင်သစ်နဲ့ အမေရိကန် အပါအဝင် အနောက်အုပ်စုနိုင်ငံအတော်များများရဲ့ အရေးပါတဲ့ မဟာမိတ်နိုင်ငံတစ်ခု ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကိုယ်တိုင် သမ္မတကို ဖုန်းခေါ်ဆိုပြီး အမေရိကန်အစိုးရရဲ့ ထောက်ခံအားပေးမှုဆက်ရှိနေတယ်ဆိုတာကို ပြောထားပါတယ်။
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်ထှော်ညို ဂူထားရက်စ်ကတော့ သူနဲ့ သမ္မတတို့ စကားပြောဆိုထားပြီး ကုလသမဂ္ဂရဲ့ထောက်ခံမှုအပြည့်အဝပေးမယ်လို့ ပြောထားပါတယ်။
နီဂျဲ အိမ်နီးချင်းနိုင်ငံ ၂ နိုင်ငံဖြစ်တဲ့ မာလီနဲ့ ဘာကီနာဖာဆိုမှာလည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ဂျီဟာ့ဒ်ဝါဒီ ပုန်ကန်မှုတွေကနေ စစ်အာဏာသိမ်းမှုတွေ ကြုံထားရပါတယ်။
နီဂျဲအပါအဝင် ဒီသုံးနိုင်စလုံးဟာ အရင်က ကိုလိုနီအင်အားကြီးနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့တဲ့ ပြင်သစ်ရဲ့သိမ်းပိုက်ခံနိုင်ငံတွေဖြစ်ခဲ့ကြပါတယ်။
ရုပ်မြင်သံကြားကနေ ထုတ်လွှင့်တဲ့ကြေညာချက်မှာတော့ ဗိုလ်မှူးကြီး Amadou Abdramane က အခြားစစ်သားတွေအနောက်ကခြံရံပြီး ''ကျွန်တော်တို့ ကာကွယ်ရေးနဲ့လုံခြုံရေးတပ်ဖွဲ့တွေဟာ ... ခင်ဗျားတို့သိကြတဲ့ဒီအုပ်စိုးသူအစုအဖွဲ့ကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်'' လို့ ပြောပါတယ်။
''လုံခြုံရေးအခြေအနေ ယိုယွင်းလာတာနဲ့ လူမှုစီးပွား ချို့ယွင်းတာတွေ ဆက်ဖြစ်နေတာကြောင့် အခုလိုဖြစ်လာရတာ''
ဝန်ကြီးဌာနခေါင်းဆောင်တွေက နေ့စဥ်လုပ်ငန်းတွေကို တာဝန်ယူကြမှာဖြစ်တာကြောင့် နိုင်ငံ့အင်စတီကျူးရှင်းတွေအကုန်လုံးကိုလည်း ဆိုင်းငံ့လိုက်တယ်လို့ ပြောပါတယ်။
''ပြည်ပမိတ်ဖက်တွေအနေနဲ့ ကြားဝင်စွက်ဖက်တာမလုပ်ဖို့ ပြောထားပြီးပြီ'' လို့ သူက ဆက်ပြောပြီး ''အခြေအနေမတည်ငြိမ်မချင်း ကုန်းတွင်းနဲ့ လေထုနယ်နိမိတ်တွေကိုလည်း ပိတ်ထားမှာဖြစ်ပါတယ်''
နောက်ထပ် ကြေညာချက်တစုံတရာ မထုတ်မချင်း ညမထွက်ရအမိန့်ကို ည ၈ နာရီကနေ မနက် ၅ နာရီအထိ ကြေညာလိုက်ပြီလို့လည်း သူကပြောပါတယ်။
စစ်သားတွေကတော့ အမိမြေကာကွယ်ရေး(CNSP) အတွက် အမျိုးသားကောင်စီအဖြစ် ဆက်ပြီးတာဝန်ထမ်းမယ်လို့ဆိုပါတယ်။
စစ်သားတွေနဲ့ အခုကြေညာချက်အပြီးမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဘလင်ကန်က သမ္မတ ဘက်ဇွန်းကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
''မြင်သာကတော့ အင်အားသုံးပြီး အာဏာရယူဖို့ အားထုတ်မှုဖြစ်သလို ဖွဲ့စည်းပုံ ပျက်ပြားအောင်လုပ်ဆောင်ချက်ဆိုတာ ပေါ်လွင်နေပါတယ်'' လို့ နယူဇီလန်မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သူကပြောပါတယ်။
နီဂျဲအိမ်နီးချင်း မာလီမှဦတော့ ရုရှားက ဗာဂနာကြေးစားတပ်ဖွဲ့ဝင်တွေဟာ ဂျီဟာ့ဒ်ခွဲထွက်ရေးသမားတွေကို စစ်ဘက်ကြီးစိုးတဲ့မာလီအစိုးရဘက်ကနေ ကူတိုက်ပေးနေပါတယ်။
ဗာဂနာအဖွဲ့ရဲ့ စစ်ရေးလုပ်ဆောင်ချက်တွေနဲ့ ဆာဟဲဒေသ မတည်ငြိမ်မှုတွေကြောင့် အနောက်နိုင်ငံတွေဘက်က ရတက်မအေးဖြစ်နေရချိန်မှာ နီဂျဲက မတည်ငြိမ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။