ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဩဂုတ် ၂၄ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - စစ်သင်တန်းပေးပြီး ရပ်ရွာထဲလုံခြုံရေးယူခိုင်းမယ့် အစီအစဥ် စတင်
စစ်ကောင်စီ က ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်မှုဗဟိုအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး တဲ့နောက် ရပ်/ကျေးအဆင့်အထိ စစ်သင်တန်းပေးတာနဲ့ လက်နက်တပ်ဆင်တာတွေပါဝင်မယ့် အစီအစဥ် စတင်နေပြီ လို့ ဘီဘီစီ က စုံစမ်းသိရှိရပါတယ်။
အသက် ၃၅ နှစ်ကနေ ၆၅ နှစ် အတွင်း အမျိုးသားတွေ ၁ လကြာ စစ်သင်တန်း တက်ရမှာ ဖြစ်ပြီး ကိုယ့် ရပ်ကွက်မှာပဲ လုံခြုံရေးတာဝန်ပြန်ထမ်းဆောင်ရမှာဖြစ်တယ်လို့ ဘီဘီစီ ရဲ့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ပဲခူးတိုင်း သာယာဝတီမြို့နယ် သုံးဆယ်မြို့ နဲ့ နတ်တလင်းမြို့ပေါ်ကရပ်ကွက်တွေမှာ ရာအိမ်မှူးတွေက အစည်းအဝေးခေါ်နေပြီ တရပ်ကွက်ကို လူ ၁၀ ယောက် အသုပ်လိုက် စစ်သင်တန်းတက်ရမယ်ဆိုပြီး ပြောတဲ့အကြောင်း သုံးဆယ်မြို့ခံ တဦးက ဘီဘီစီ ကိုပြောပါတယ်။
“တရပ်ကွက်ကို ၁၀ ယောက်ခေါ်တာလည်းရှိတယ်။ အယောက် ၂၀ အခေါ်ခံရတဲ့ ရပ်ကွက်တွေလည်း ရှိတယ်။ သာယာဝတီ ခလရ ၃၅ တပ်ထဲမှာ ၁ လ စစ်သင်တန်းသွားတက်ရမယ်လို့ပြောတယ်” လို့ ဘီဘီစီ ကိုပြောပါတယ်။
“ပြည်သူ့စစ်မှုထမ်းဥပဒေ” အရ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အထိ စစ်မှုထမ်း ရမယ်ဆိုပြီး စစ်သင်တန်း အပတ်စဥ် (၄) အထိ ရောက်လာချိန်မှာ အခုလို့ အသက် ၃၅ နှစ်ကနေ ၆၅ နှစ်ကြား အမျိုးသားတွေလည်း စစ်သင်တန်းတက် ရမယ်ဆိုပြီး စစ်ကောင်စီ က ပြောလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီ အသစ်ထပ်ဖွဲ့လိုက်တဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဗဟိုကြီးကြပ်မှုဗဟိုအဖွဲ့ကို နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ဥက္ကဋ္ဌ ဖြစ်ပါတယ်။
“ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်းပြဋ္ဌာန်းပြီးသားပဲ၊ နိုင်ငံတော်ကိုကာကွယ်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ ရည်ရွယ်ချက်ကောင်းကောင်းနဲ့ လုပ်တဲ့အတွက် ထိထိရောက်ရောက် အောင်မြင်သွား လိမ့်မယ်”လို့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ဒီအဖွဲ့သစ်နဲ့ ပတ်သက်ပြီး ဘီဘီစီ ကိုပြောပါတယ်။
ဒီအဖွဲ့သစ်ရဲ့ လုပ်ငန်းစဥ်ထဲမှာ နေပြည်တော် အပါအဝင် ပြည်နယ်နဲ့ တိုင်းတွေက ခရိုင်၊ မြို့နယ် အဆင့်ဆင့်သာမက ရပ်ကွက်၊ ကျေးရွာတွေမှာပါ ဖွဲ့စည်းသွားမယ်လို့ စစ်ကောင်စီ က ပြောထားပါတယ်။
ဒါပေမယ့် ဗဟိုအဖွဲ့ရဲ့လုပ်ငန်းစဉ်တွေထဲမှာတော့ အသက်ကန့်သတ်ချက်ကို ထည့်ထားတာ မတွေ့ရပါဘူး။
အသက်ကန့်သတ်ချက်အပါအဝင် အသေးစိတ်အချက်အလက်တွေကို သိရဖို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ဆီကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
တရုတ်က အလိုရှိနေတဲ့ ကျားဖြန့်လူစာရင်းကြောင့် လူတစ်ရာကျော်ဖမ်းဆီးခံရ
တရုတ်နိုင်ငံက အလိုရှိနေတဲ့ အွန်လိုင်းလိမ်လည်မှု(ကျားဖြန့်) စာရင်းမှာပါတဲ့ လူတွေကို ရရှိဖို့ စီမံချက်ချဖမ်းဆီးနေပြီး တစ်ပတ်အတွင်း ရန်ကုန်နဲ့ မန္တလေးမှာ လူတစ်ရာကျော် ဖမ်းမိထားတယ် လို့ ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
‘’အဓိကက မူဆယ်က ရွှေ့သွားတဲ့ ကျားဖြန့်သမားတွေကို လိုက်ဖမ်းတာ’’ လို့ ပြည်ထဲရေးနဲ့ နီးစပ်တဲ့ ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။
တရုတ်ထောက်လှမ်းရေးတွေအပါအဝင် စစ်ကောင်စီဘက်က စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး(စရဖ)၊ အထူးစုံစမ်းစစ်ဆေးရေး(စသုံးလုံး) ပါ ပူးပေါင်းပါဝင် ဖမ်းဆီးနေကြတဲ့အကြောင်း ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။
ဖမ်းထားတဲ့လူတွေထဲက တရုတ်ကအလိုရှိတဲ့ လူတွေကို လွှဲပြောင်းပေးမယ် လို့ သိရပါတယ်။
ကျားဖြန့်နဲ့ဆက်နွှယ်ပြီး တရုတ်နိုင်ငံကို လွှဲအပ်ထားတဲ့ ကိုးကန့်နယ်ခြားစောင့်တပ်ခေါင်းဆောင်ဟောင်း ဦးဝေဆန်း ရဲ့ တူ တော်စပ်သူကို ရန်ကုန်မြို့၊လှိုင်သာယာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခဲ့ပါတယ်။
ကိုးကန့်မိသားစုကြီး လေးခု ထဲက ဝရမ်းထုတ်ထားသူ တွေထဲမှာ လေးဦး လွတ်နေသေးပြီး နှစ်ဦးက မြန်မာနိုင်ငံထဲမှာပဲ ရှိနေသေးလို့ တရုတ်ဘက်က ပိုက်စိပ်တိုက်ရှာဖွေနေတာဖြစ်တဲ့အကြောင်း ပြည်ထဲရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
‘’ပြည်တွင်းမှာရှိနေတဲ့ လျို အိမ် နဲ့ ဝေ အိမ်က နှစ်ယောက်ကို လိုချင်နေတာ’’ လို့ သူက ပြောပါတယ်။
ဝ’ ဒေသဘက်မှာလည်း အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်လို့ ဖမ်းဆီးထားတဲ့ တရုတ် ၃၀၈ ဦးကို ‘ဝ’ အာဏာပိုင်တွေက တရုတ်နိုင်ငံဘက်ကို သြဂုတ်လ ၁၆ ရက်နေ့က လွှဲပြောင်းခဲ့ပါသေးတယ်။
ပုဂံ အကြောင်း စာအုပ် ၈ အုပ်တွဲရေးခဲ့သူ ဒေါက်တာ ပယ်ရီပစ်ချက်စ် ကွယ်လွန်
ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံဒေသက ဘုရားစေတီပုထိုးပေါင်း ၃၀၀၀ နီးပါးကို စာရင်းပြုစု မှတ်တမ်း တင်ပြီး စာအုပ်ရေးသားခဲ့တဲ့ ပြင်သစ် ဗိသုကာပညာရှင် ဒေါက်တာ ပယ်ရီပစ်ချက်စ် ဟာ ပြင်သစ်နိုင်ငံ မှာ သြဂုတ် ၂၂ ရက် က ကွယ်လွန် သွားပြီလို့ သိရပါတယ်။
ကွယ်လွန်ချိန်မှာ အသက် ၈၈ နှစ် ရှိပြီလို့လည်း ဒေါက်တာ ပယ်ရီပစ်ချက်စ် နဲ့ အလုပ်အတူတူတွဲ လုပ်ခဲ့ဖူးတဲ့ မြန်မာနိုင်ငံ ရှေးဟောင်းသုတေသနပညာရှင်တွေ က ဘီဘီစီ ကို ပြောပါတယ်။
“ပုဂံဒေသအမွေအနှစ်ထိန်းသိမ်းရေးနဲ့ ပတ်သက်ရင် ဆရာကြီး ပစ်ချက်စ် က မပါမဖြစ်ပဲ။ ပုဂံကို ဘယ်နိုင်ငံက ပညာရှင်ပဲလာလာ ဆရာကြီးရဲ့ စာအုပ်ကိုပဲ အမှီပြုရတာဖြစ်တယ်"လို့ ရှေးဟောင်း ပညာရှင် ဒေါ်ဥမ္မာမျိုး က ဘီဘီစီ ကိုပြောပါတယ်။
ဒေါက်တာ ပယ်ရီပစ်ချက် ရေးသားခဲ့တဲ့ “ပုဂံရှေးဟောင်းအမွေအနှစ်အဆောက်အဦများ စာရင်းသွင်းခြင်း” စာအုပ် ၈ အုပ်တွဲ ဟာ ကမ္ဘာကျော်ခဲ့ပါတယ်။
၁၉၇၅ ပုဂံ ငလျင်ဖြစ်ပြီးနောက်ပိုင်း ဒေါက်တာ ပယ်ရီပစ်ချက်စ် ပုဂံဒေသကို ရောက်လာခဲ့ပြီး ပုဂံဘုရားတွေ ပြုပြင်ထိန်းသိမ်းရေးနဲ့ ဘုရားတွေကို ပထမဆုံးအကြိမ် အမှတ်စဥ်တပ်ခဲ့ သလို ဗိသုကာလက်ရာတွေကို စာအုပ်ရေးခဲ့တာ ဖြစ်တယ်လို့လည်း ရှေးဟောင်းပညာရှင် ဒေါ်ဥမ္မာမျိုး က ဘီဘီစီ ကို ပြောပါတယ်။
ဒေါက်တာ ပယ်ရီပစ်ချက် လုပ်ရပ်ဟာ ပုဂံအမွေအနှစ်နဲ့ သက်ဆိုင်တဲ့ မြန်မာနိုင်ငံသားတွေအဖို့ သာဓု ခေါ်ရမယ့် လုပ်ရပ်ဖြစ်တယ်လို့ ဆရာကြီးရေးခဲ့တဲ့ စာအုပ် ၈ အုပ်တွဲလုံးကို ဝယ်ယူစုဆောင်းထားတဲ့ ဂရစ်ဖစ် ဒီဇိုင်းပညာရှင် ဒါရိုက်တာမျိုးဆွေသန်း က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် မှာ ရေးသားခဲ့ ပါတယ်။
“ရွှေစည်းခုံကို အမှတ်(၁) သတ်မှတ်ပြီး စာရင်းကောက် ထွက်လိုက်တာ အုတ်ကုန်းပါမကျန်စေတီပုထိုး သာသနိက အဆောက်အဦ ၂၈၄၃ ဆူ အတွက် အချက်အလက်ပြုစုပေးသွားနိုင်ခဲ့တယ်။ အဆောက်အဦ အမျိုးအစား၊ အတိုင်းအထွာ၊ ဆောက်လုပ်ပုံ အသေးစိတ်၊ အသုံးပြုပစ္စည်း၊ သုံးထားတဲ့ အုတ်အရွယ် အစား၊ တည်ဆောက်တဲ့ခုနှစ် ကြွင်းကျန်ရစ်တဲ့ အနုလက်ရာ၊ နံရံပန်းချီ စတုရန်းပေ တို့ကို စာရင်းကောက်ယူပေးသွားတယ်” လို့ ဒါရိုက်တာ မျိုးဆွေသန်း က ပြောပါတယ်။
၂၀၁၆ ပုဂံ ငလျင်ဖြစ်ပြီးတဲ့အချိန်တုန်းကလည်း ဒေါက်တာ ပယ်ရီပစ်ချက်စ် ပုဂံဒေသကို ရောက်လာခဲ့ ပြီး ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို ဘယ်လိုပုံစံနဲ့လုပ်ရမယ်ဆိုတာ အကြံပေးခဲ့တယ်လို့ လည်း ဗိသုကာပညာရှင်တွေ က ပြောပါတယ်။
“ပုဂံမှာပြင်ဆင်ထိန်းသိမ်းရေးလုပ်ဖို့ဆိုရင် ဒေါ်လာသန်းချီတန်တဲ့ စီမံကိန်းကြီးတွေ မလိုအပ်ပါဘူး။ ဘယ်ဘုရားမှာ မြက်လေးတွေပေါက်နေပြီလဲ၊ ဘယ်ဘုရားမှာ မိုးလေးတွေယိုနေပြီလဲ၊ ဘယ်ဘုရားရဲ့ အုတ်လေးတွေက ကြွေကျနေပြီ ဆိုတာမျိုးလေးတွေကို အမြဲတမ်းစောင့်ကြည့် စစ်ပေးလိုက်ရင်ကိုပဲ ပုဂံဘုရားတွေက နှစ်ပေါင်းများစွာ ခံနိုင်ပါသေးတယ်လို့” ဒေါက်တာ ပစ်ချက်စ် က သင်ပေးသွားတယ် လို သူနဲ့အလုပ်အတူတူ တွဲလုပ်ခဲ့တဲ့ ရှေးဟောင်း သုတေသနပညာရှင် ဒေါ်ဥမ္မာမျိုး က ဘီဘီစီ ကို ပြောပါတယ်။
အဲဒီအချိန်တုန်းက ဆရာကြီးဟာ အသက် ၈၀ ကျော်နေပြီဖြစ်ပြီး ပုဂံကို သံယောဇဥ်ကြီးလို့ ပြင်သစ် ကနေလာခဲ့တာလို့လည်း ဆရာကြီးနဲ့ အလုပ်တူတူတွဲလုပ်ခဲ့ဖူးသူတွေကပြောပါတယ်။
ဖူးခက်မြေပြိုမှု မြန်မာ ၉ ဦး သေဆုံး
ထိုင်းနိုင်ငံတောင်ပိုင်းက ကမ္ဘာကျော် ဖူးခက်ကမ်းခြေမှာ မြေပြိုလို့ မြန်မာ ၉ ဦးအပါအဝင် သေဆုံးသူ တဒါဇင်ကျော်သွားပြီလို့ ထိုင်းနိုင်ငံ အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) က အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် က ဘီဘီစီ ကိုပြောပါတယ်။
“လောလောဆယ် ကျွန်တော်တို့သိရသလောက် ၉ ဦးရှိသွားပြီ၊ ဒီထက်ပိုများနိုင်သေးတယ်” လို့ ဦးထူးချစ်က ဘီဘီစီ ကိုပြောပါတယ်။
မြေပြိုတဲ့နေရာဟာ ဖူးခက်ကျွန်းမကြီးနဲ့ ဆက်နေတဲ့နေရာဖြစ်ပြီး နေ့စဥ်မိုးရွာသွန်းမှု များတာကြောင့် သြဂုတ် ၂၃ ရက်နေ့ ညနေပိုင်းက စပြီး တောင်ပြိုကျလို့ သေဆုံးခဲ့ရတာလို့လည်း သူက ပြောပါတယ်။
သေဆုံးခဲ့တဲ့ မြန်မာနိုင်ငံသားတွေဟာ တနင်္သာရီတိုင်း ထားဝယ်၊ ရေဖြူ နဲ့ လောင်းလုံဘက်က နေလာရောက် အလုပ်လုပ်ကိုင်နေကြသူတွေပါဝင်တယ်လို့လည်း ဖူးခက်က အလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောကြပါတယ်။
ထိုင်းနိုင်ငံအခြေစိုက် သတင်းမီဒီယာတွေမှာတော့ ထိုင်းနိုင်ငံသား ၂ ဦးနဲ့ ရုရှားနိုင်ငံသား ၂ ဦးလည်း မြေပြိုတဲ့အထဲမှာ သေဆုံးခဲ့တယ်လို့ ရေးသားကြပါတယ်။
FED အဖွဲ့ဟာ သြဂုတ် ၂၅ ရက်မှာ အခင်းဖြစ်တဲ့နေရာကို သွားဖို့စီစဉ်ထားပြီး သေဆုံးသူတွေအတွက် နောက်ဆက်တွဲ ဆောင်ရွက်စရာတွေကို ဆက်လက်ကူညီဖို့ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ဖို့ရှိတယ် လို့ လည်း FED အဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ် ကပြောပါတယ်။
ဦးစိုင်းလင်းစျာပန မိုင်းလားမှာပြုလုပ်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားအဖွဲ့ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း ရဲ့ စျာပနအခမ်းအနားကို သြဂုတ် ၂၃ မှာ မိုင်းလားမှာ ပြုလုပ်ခဲ့ပါတယ်။
စျာပနနဲ့မသက်ဆိုင်သူတွေကို လမ်းပေါ်မထွက်ခိုင်းဘဲ ယာဥ်အသွားအလာကိုပါ ကန့်သတ်ပြီး ကျင်းပခဲ့တာဖြစ်ပါတယ်။
သြဂုတ် ၇ ရက် ညပိုင်းက ကွယ်လွန်သွားတဲ့ ဦးစိုင်းလင်းဟာ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ရဲ့ သားမက်ဖြစ်ပါတယ်။
ဦးစိုင်းလင်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၈၁၅ စစ်ဒေသရဲ့ တပ်မှူးတစ်ဦး ဖြစ်ပြီး ၁၉၈၉ ခုနှစ်အတွင်း ကိုးကန့်နဲ့ ဝ တပ်ဖွဲ့တို့နည်းတူ ဗကပ ကနေ ခွဲထွက်ခဲ့သူဖြစ်ပါတယ်။
အဲဒီနောက် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် NDAA ကို တည်ထောင်ခဲ့ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။
မိုင်းလားကို အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့ပြီး စစ်တပ် နဲ့ အပစ်ရပ်တာ ၃၅ နှစ်အထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။
တောင်ငူမှာ ကေတုမတီမြို့ရိုး သွားဖော်တဲ့ စစ်ခေါင်းဆောင်
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ တောင်ငူမြို့ရိုးနဲ့ ကေတုမတီနန်းတော်ရာ ပြန်လည်တည်ဆောက်ရေးအတွက် တောင်ငူမြို့ကို မနေ့က သွားရောက်ခဲ့ပါတယ်။
ကေတုမတီနန်းတော်ရာနဲ့ပတ်သက်ပြီး အတည်ပြုလို့ရတဲ့နေရာတွေ၊ ဘုတ်တလုတ်ကန်နေရာတွေကို ရှေးဟောင်းဥပဒေနှင့်အညီ ပြန်လည်ဖော်ထုတ်ဖို့ သူကပြောပါတယ်။
ကေတုမတီမြို့ဟောင်း မြို့ရိုး၊ မြို့ရိုးဝင်ပေါက်နဲ့ တံတားတွေကို ကျွမ်းကျင်သူတွေနဲ့ စနစ်တကျ ပြန်လည် ပြုပြင်သွားမယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် က မန္တလေးတိုင်း၊ အင်းဝရှေးဟောင်းနယ်မြေအတွင်းမှာရှိတဲ့ နန်းမတော်မယ်နု အုတ်ကျောင်းကို မြေဝါ ဆေးသုတ်တာနဲ့ ပတ်သက်လို့ ရှေးဟောင်းလက်ရာဆုံးရှုံးစေတယ်လို့ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါသေးပါတယ်။
စစ်ခေါင်းဆောင်ရဲ့ တောင်ငူခရီးစဥ်မှာ မကြာသေးခင်ကမှ ဗိုလ်ချုပ်ကြီး ရာထူးတိုးထားတဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် နဲ့ စစ်ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ မြန်မာစစ်တပ်ရဲ့ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမောင်မောင်အေး နဲ့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး တို့ပါ လိုက်ပါခဲ့ကြပါတယ်။
ဒါအပြင် မိုင်းဖောက်ခွဲမှုတွေကြောင့် တောင်ငူ-ပဲခူး ရထားလမ်းပိုင်း ပြုပြင်ထိန်းသိမ်းရေး အခြေအနေတွေ အကြောင်းလည်း စစ်ခေါင်းဆောင်က ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်း နဲ့ ဆွေးနွေး ခဲ့ကြပြီး တောင်ငူဘူတာကနေ သောင်းတိုင်ကုန်းဘူတာအကြား အထိ RBE အထူးရထားတွဲ စီးခဲ့ကြတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင်ရဲ့ တောင်ငူခရီးစဥ် မှာ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် လည်း လိုက်ပါခဲ့ပြီး အသစ်ဆောက်လုပ်နေတဲ့ တောင်ငူအကျဥ်းထောင် ရဲ့ လုံခြုံရေးအခြေအနေတွေကို ဆွေးနွေးခဲ့ တယ်လို့လည်း စစ်ကောင်စီ က သတင်းထုတ်ပြန်ပါတယ်။