နိုဝင်ဘာ ၉ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - ထိုင်းမှာ အလှပြင်ဆိုင်ဖွင့်သူ မြန်မာ ၅ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ကော်စမွေကျွန်းမှာ အလှပြင်လုပ်ငန်းလုပ်သူ မြန်မာနိုင်ငံသား ၅ ဦးကို ထိုင်းရဲတပ်ဖွဲ့က နိုဝင်ဘာ ၈ ရက်နေ့က ဖမ်းဆီးလိုက်တယ်လို့ ထိုင်းအခြေစိုက် သတင်းဌာန တွေက ရေးသားကြပါတယ်။

ဖမ်းဆီးခံရတဲ့အထဲမှာ အမျိုးသမီး ၃ ဦးနဲ့ အမျိုးသား ၂ ဦးပါဝင်တယ်လို့လည်း ထိုင်းရဲတပ်ဖွဲ့က ပြောပါ တယ်။

သူတို့ဟာ ကျွန်းပေါ်ကိုလာလည်တဲ့ ခရီးသွားတွေကို အလှပြင်ပေးတာနဲ့ လက်သည်းခြေသည်း အလှပုံဖော်ပြင်ပေးတာတွေ စတဲ့ တရားမဝင် အလုပ်အကိုင်တွေကို လုပ်ကိုင်နေတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ တုန်းကလည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အနီးက နောင်ဘူရီ မှာ “Tiktok” ပေါ်ကနေ အဝတ်အစားရောင်းတဲ့ မြန်မာ ၈ ဦး ကို ထိုင်းရဲတပ်ဖွဲ့ က ဖမ်းဆီးခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားတွေနဲ့ နိုင်ငံခြားသားတွေဟာ ခွင့်ပြုချက်မရဘဲ “Tiktok” ပေါ်ကနေ စျေးရောင်းချတာ၊ အလှပြင်ဆိုင်ဖွင့်တာ၊ စားသောက်ဆိုင် ဖွင့်တာတွေကို ပိတ်ပင်ထားဆီးထား တာလည်းဖြစ်ပါတယ်။

၂၀၂၄ ဇွန် ၅ ရက်ကနေ အောက်တိုဘာ ၂ ရက်နေ့အထိ ထိုင်းနိုင်ငံအတွင်းမှာ တရားမဝင် အလုပ်လုပ် ကိုင်လို့ နိုင်ငံခြားသား ၂၀၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့လည်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

နယူးယောက်က တရုတ်ကိုယ်စားလှယ်ရုံးရှေ့မှာ မြန်မာတွေဆန္ဒပြ

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စား လှယ်ရုံး(China Mission) ရှေ့မှာ မြန်မာ့နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

တရုတ်အစိုးရဟာ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဘက်က ရပ်တည်ပေးပြီး တော်လှန်ရေးအဖွဲ့အစည်းတွေကိုတော့ နှောင့်ယှက်နေတယ် လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

တရုတ်နိုင်ငံ၊ ကူမင်းမြို့ မှာပြုလုပ်တဲ့ မဟာမဲခေါင်ထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ခရီးစဉ်အတွင်းမှာပဲ ဒီဆန္ဒပြပွဲ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အရေးမှာ မြန်မာပြည်သူတွေ ဘက်ကရပ်တည်ဖို့နဲ့ စစ်ကောင်စီ ကို ကူညီနေတာတွေ ရပ်တန့်ဖို့ဆိုပြီး အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား နဲ့ ဂျပန် နိုင်ငံတွေမှာရှိတဲ့ တရုတ်သံရုံးတွေရှေ့မှာ ပြည်ပရောက်မြန်မာတွေ ဆန္ဒပြခဲ့ကြပါတယ်။

ဝ တပ်ဖွဲ့က ဟိုပန်မှာ ပြည်သူ့စစ်စဖွဲ့

ဝ ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA) ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က ဟိုပန်မြို့မှာ ပြည်သူ့စစ်စတင်ဖွဲ့စည်းနေပြီ လို့ ခရိုင်အုပ်ချုပ်ရေးပိုင်း နဲ့ ဒေသခံတွေက ပြောပါတယ်။

ရပ်ကွက်နဲ့ ကျေးရွာအလိုက် ပြည်သူ့စစ်စာရင်းကို ကောက်ခံနေပြီး တစ်မြို့လုံးအတိုင်းအတာ နဲ့ဆိုရင် ရာဂဏန်းအထိ ရှိတယ် လို့ အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

‘’အုပ်ချုပ်ရေးမှူးတွေကို သူတို့အစီအစဉ် နဲ့သူတို့ ကောက်ခိုင်းတယ်။ ဝ က ဝင်မပါဘူး’’ လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အသက် ၄၀ အောက်တွေကို ဦးတည်တဲ့ ဒီကောက်ခံမှုဟာ ပြည်သူ့စစ်အဖြစ် ရပ်ရွာကာကွယ်ဖို့သာဖြစ်ပြီး ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)စစ်သားအဖြစ် မသတ်မှတ်ဘူးလို့ အုပ်ချုပ်ရေးပိုင်းက ပြောပါတယ်။

‘’သုံးနှစ်အထိ စစ်သားကောက်မှာမဟုတ်ဘူး’’ လို့ အုပ်ချုပ်ရေးပိုင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

မြန်မာစစ်တပ်ထိန်းချုပ်မှုအောက်မှာ တုန်းက ဟိုပန်ပြည်သူ့စစ် ရှိခဲ့ဖူးပေမဲ့ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က အသစ်ပြန်လည်ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ဇန်နဝါရီလ ၅ ရက်မှာ မြောက်ပိုင်းမဟာမိတ်တပ်တွေ ဟိုပန်ကို သိမ်းခဲ့ပြီး ဝ တပ်ဖွဲ့ကို လွှဲအပ်ခဲ့တာ ဖြစ်ပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)က လူသတ်မှုကျူးလွန်သူတစ်ဦးကို အောက်တိုဘာလထဲမှာ သေဒဏ်ပေးခဲ့ပါသေးတယ်။

ရန်ကုန်မြစ်၊ မိုးယွန်းကြီးနဲ့ အင်းတော်ကြီးအိုင်ထဲက ငါးတွေမှာ ပြဒါးဆိပ်မြင့်မား

ရန်ကုန်မြစ်၊ မိုးယွန်းကြီးအင်းနဲ့ ကချင်ပြည်နယ် အင်းတော်ကြီးအိုင်တို့ အပါအဝင် နေရာ ၅ ခု ထက်မနည်းက ငါးတွေထဲမှာ မာကျူရီပြဒါးအဆိပ်ပါဝင်မှုမြင့်မားနေတယ်လို့ ငါးတွေကိုဓာတ်ခွဲကြည့်ခဲ့တဲ့ သုတေသနရလဒ်တွေကို ကိုးကားပြီး ပညာရှင်တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ရန်ကုန်နဲ့ဧရာဝတီအစပ်က ငါးအကောင်‌ရေ ၁၄၀ နီးပါးကို သုတေသနလုပ်ကြည့်တဲ့အခါ ငါး ၂၅ ရာခိုင်နှုန်း မှာ ပြဒါးဓာတ်အဆိပ်သင့်နေတာ တွေ့ရတယ် လို့ သူက ပြောပါတယ်။

‘’ဒါတော်တော်များတဲ့ ရာခိုင်နှုန်းလို့ပြောလို့ရတယ်။ မနှစ်က အဲလို ပြဒါးဓာတ်မြင့်နေတဲ့ ငါးက တစ်ကောင်မှာပဲ တွေ့တယ်။ ဒီနှစ်တော်တော်ဆိုးလာတာ’’ လို့ အမည်မဖော်လိုတဲ့ သုတေသနပညာရှင် တစ်ဦးက ဘီဘီစီ ကို ပြောပါတယ်။

ဧရာဝတီတိုင်း ဓနုဖြူ၊ ပန်းတနော် ဒေသတွေက ငါးရံ့၊ ငါးဘတ် စတဲ့ ငါးတွေထဲမှာလည်း ပြဒါးဓာတ်ပါဝင်မှုမြင့်မားနေတယ်လို့လည်း ရလဒ်တွေက ဖော်ပြပြပါတယ်။

ဒီငါးတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထောက်ခံချက်အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထောက်ခံချက်တွေရထားတဲ့ဓာတ်ခွဲခန်းမှာ စစ်ဆေးခဲ့တာ လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

ငါးတွေထဲမှာ ပြဒါးအဆိပ်ပါဝင်မှုများနေတာဟာ မြန်မာနိုင်ငံအထက်ပိုင်းဒေသတွေမှာ ရွှေတူးဖော်တာတွေ များပြားလာတာကြောင့်ဖြစ်တယ်လို့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့တော်အခြေစိုက် ဂျော့ချ်ဝါရှင်တန် တက္ကသိုလ်က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ဧည့်ပညာရှင် ဦးဝင်းမျိုးသူ က ဘီဘီစီ ကိုပြောပါတယ်။

“အထက်ဘက်က ရွှေတွေတူးတော့ အဲဒီကနေ ပြဒါးတွေက နှုံးတွေ၊ ရေတွေနဲ့ အောက်ဖက် မှာ လာပြီးအနည်ထိုင်တာပေါ့။ အဲဒီမှာ ပြဒါးတွေကပ်နေတဲ့ ရေမှော်တွေကို ငါးသေးသေးလေးတွေက စားမယ်။ ငါးသေးသေးလေးတွေကို ငါးအကြီးတွေက စားတော့ ငါးတွေထဲမှာ မာကျူရီပြဒါးအဆိပ်တွေ များလာတာ” လို့ ဦးဝင်းမျိုးသူ က ပြောပါတယ်။

မာကျူရီပြဒါးအဆိပ်သင့်တာကနေ အာရုံကြောထိခိုက်တာတွေကိုဖြစ်စေနိုင်တယ်လို့ ဆေးပညာရှင်တွေက ပြောထားကြပါတယ်။

အာရုံရှုပ်ထွေးတာ၊ စိတ်ပူပန်တာ၊ ခြေလက်ထုံကျဥ်တာ၊ မှတ်ဉာဏ်ထိခိုက်တာ၊ စိတ်ဓာတ်ကျတာ၊ ကြွက်သားအားနည်းတာ၊ ခန္ဓာကိုယ်မှာ အဖုအကျိတ်ထွက်တာ၊ မအီမသာ အော့အန်တာ စတဲ့ ရောဂါလက္ခဏာတွေ ခံစားရနိုင်ပြီး ရောဂါရင့် လာချိန်မှာ တော့ လေဖြတ်တာနဲ့ အာရုံစူးစိုက်လို့မရတဲ့ အခြေအနေအထိ ဖြစ်နိုင်တယ်လို့ လည်း ဆေးပညာရှင်တွေက ပြောပါတယ်။

ကိုယ်ဝန်ဆောင်ချိန် မာကျူရီပြဒါးအဆိပ်သင့်မယ်ဆိုရင်တော့ မွေးလာတဲ့ ကလေးရဲ့ လှုပ်ရှားနိုင်မှုစွမ်းရည်ထိခိုက်တာ၊ သင်ယူမှုပိုင်းဆိုင်ရာ အခက်အခဲဖြစ်တာ၊ မျက်လုံးနဲ့ လက်လှုပ်ရှားမှု ဟန်ချက်ပျက်တာနဲ့ သိမြင်နားလည်မှု ချို့ယွင်းအားနည်းတာတွေ အထိ ဖြစ်လာနိုင်တာလည်းဖြစ်ပါတယ်။

NLD ဝန်ကြီးဟောင်း ဦးဝင်းခိုင် ကွယ်လွန်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက်၊ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီး ဦးဝင်းခိုင် ဟာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ နိုဝင်ဘာ ၈ ရက်နေ့ ညပိုင်း က ကွယ်လွန်သွားပြီလို့ နီးစပ်သူတွေက ပြောပါတယ်။

ဒီနေ့ မနက် ၁၁ နာရီ မှာ ကြာနီကန်သုသာန်ကို ပို့ဆောင်မယ် လို့ သိရပါတယ်။

အသက် ၇၄ နှစ်အရွယ် ဦးဝင်းခိုင်ဟာ အာဏာသိမ်းပြီးနောက် အဂတိအမှုတွေနဲ့ စွပ်စွဲခံရပြီး ထောင်ဒဏ် နှစ် ၃၀ နီးပါးချမှတ်ခံထားရာကနေ စစ်ကောင်စီ က ပြီးခဲ့တဲ့ သီတင်းပတ် က လွတ်ငြိမ်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

“ဆရာဦးဝင်းခိုင်က နည်းနည်းပြန်ကောင်းလာတယ်။ ၅၀ ၅၀ ဆိုလို့ဝမ်းသာနေတာ၊ ဆုံးသွားပြီဆိုတော့ စိတ်မကောင်းဖြစ်ရတယ်၊။ သူက နှလုံးသွေးကြောကျဥ်းတာကို အစားထိုးကုထားရတာ။ သူကပညာရှင်သက်သက်ပဲ။ နိုင်ငံ‌ရေးသမားမဟုတ်ဘူး။ သူက သူ့အခြေအနေနဲ့သူရှိရဲ့သားနဲ့ လျှပ်စစ်ဝန်ကြီးလက်ခံလိုက်လို့ ထောင်ချခံလိုက်ရတာ။ နှမြှောစရာကောင်းတယ်။ တိုင်းပြည်အတွက်လည်း နစ်နာပါတယ်” လို့ မန္တလေးမြို့ခံ ဝါရင့်ရှေ့နေတစ်ဦးက ဘီဘီစီ ကိုပြောပါတယ်။

ဦးဝင်းခိုင်ဟာ အထက်ရဲရွာ‌ ရေအားလျှပ်စစ်စီမံကိန်းနဲ့ဆက်စပ်ပြီး နိုင်ငံ့ဘဏ္ဍာငွေကျပ် ၆ ဘီလျံခန့် နစ်နာမှုဖြစ်စေခဲ့တယ်ဆိုတဲ့အဂတိမှု စွပ်စွဲချက်တွေနဲ့ အမှုဖွင့်ခံရပြီးနောက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတာပါ။

မန္တလေး အိုးဘိုထောင်မှာ အကျဥ်းကျခံနေရတဲ့ ဦးဝင်းခိုင်မှာ နှလုံး၊ ဆီးချိုနဲ့ သွေးတိုး ရောဂါတွေရှိလို့ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထောင်အပြင် မှာ မကြာခဏဆေးကုသမှု ခံယူခဲ့ရပြီး နောက်ဆုံးမှာ မန္တလေးဆေးရုံးကြီး အထူးကြပ်မတ်ကုသဆောင်(ICU) ထဲမှာ ကွယ်လွန်ခဲ့တာလည်းဖြစ်ပါတယ်။

NLD ပါတီ ဒုတိယဥက္ကဋ္ဌ (၂)လည်းဖြစ်၊ NLD အစိုးရလက်ထက် မန္တလေးတိုင်း ဝန်ကြီးချုပ် လည်းဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်ဟာလည်း မန္တလေးဆေးရုံကြီး ICUထဲမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။

စစ်ခေါင်းဆောင် တရုတ်လုပ်ဒရုန်းတွေ ကုမ္ပဏီကိုသွားကြည့်

တရုတ်နိုင်ငံကိုရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ချုံချင့်မြို့မှာရှိတဲ့ အဆင့်မြင့်ဒရုန်းကုမ္ပဏီ Zhongyue Aviation UAV Firefighting-Drone Co.Ltd. ကို မနေ့က သွားရောက်ခဲ့ပါတယ်။

အထပ်မြင့်အဆောက်အဦတွေ၊ တောမီးလောင်ကျွမ်းတာတွေနဲ့ သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဒရုန်းတွေအသုံးပြုပုံကို တရုတ်ဒရုန်းကုမ္ပဏီဘက်က စစ်ခေါင်းဆောင် ကို ရှင်းပြခဲ့ပါတယ်။

လူသားအကျိုးပြုဒရုန်းတွေ တီထွင်ထုတ်လုပ်နိုင်တာနဲ့ ဘေးအန္တရာယ်ကယ်ဆယ်ရေး လုပ်ငန်းတွေလုပ်ဆောင်နိုင်လို့ တရုတ်အဆင့်မြင့်ဒရုန်းကုမ္ပဏီ ကို ချီးကျူးတယ်လို့လည်း စစ်ခေါင်းဆောင် က ပြောခဲ့ပါတယ်။

မြန်မာစစ်တပ်ဟာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ ဒရုန်းတိုက်ခိုက်မှုကို ခံခဲ့ရပြီး နယ်မြေတွေလက်လွှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

ညပိုင်းမှာတော့ ချုံချင့်မြို့မှာရှိတဲ့ Yuantongsi သင်္ဘောဆိပ်ကနေ ယန်စီမြစ် အတွင်း သင်္ဘောစီးပြီး တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တရုတ်-မြန်မာ စီးပွားရေးပူးပေါင်းဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့ ဆွေးနွေးခဲ့တယ်လို့လည်း စစ်ကောင်စီ က ပြောပါတယ်။

ဒါအပြင် စစ်ခေါင်းဆောင်ဟာ ချုံချင့်မြို့၊ တရုတ် ကွန်မြူနစ်ပါတီဗဟိုကော်မတီအဖွဲ့ဝင်၊ ချုံချင့်မြူနီစီပယ်ပါတီကော်မတီအတွင်းရေးမှူး Mr. Yuan Jiajun၊ ဒုတိယမြို့တော်ဝန် Mr. Shang Kui နဲ့ ချုံချင့် မြန်မာကောင်စစ်ဝန် တို့ကိုလည်း တွေ့ဆုံခဲ့တာဖြစ်ပါတယ်။