ဗန်းမော်မြို့ကို KIA ဘာကြောင့်ထိုးစစ်ဆင်

ဓာတ်ပုံ ရင်းမြစ်, သုညသုခပရဟိတလူငယ်အသင်း
ကချင်အမျိုးသားလွတ်လပ်ရေးတပ်နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ကချင်ပြည်နယ် ဗန်းမော်မြို့ကို ဒီဇင်ဘာ ၄ ရက်ကစလို့ ထိုးစစ်ဆင် တိုက်ခိုက်နေတာ သုံးပတ်နီးပါးရှိလာပါပြီ။
ဗန်းမော်ဟာ KIA ဌာနချုပ်လိုင်ဇာနဲ့ အနီးဆုံးမြို့တစ်မြို့ဖြစ်တာကြောင့် မြန်မာစစ်တပ်ကလည်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) တစ်ခုအခြေစိုက်ထားတဲ့ မြို့ဖြစ်ပါတယ်။
ဗန်းမော်မြို့က အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ထဲမှာ ရှိနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KIA နဲ့ ပူးပေါင်းတပ်တွေ ပိတ်ဆို့တိုက်ခိုက်နေပြီး ရိက္ခာ ဖြတ်တောက်ဖို့ကြိုစားနေပါတယ်။
"အခုအခွင့်အရေးပေးတဲ့အချိန်မှာ လက်နက်ချဖို့၊ ပစ်ခတ်တာတွေ မလုပ်ဖို့ သတိပေးနေသလို လက်နက်ချလာသူတွေကိုလည်း အသက်အာမခံပေးမယ်"လို့လည်း ဗန်းမော်မြို့မှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုယ်စား Banmaw Scout Team က ဖိတ်ခေါ်ထားပါတယ်။
တကယ်လို့ ဆက်ခုခံနေမယ်ဆိုရင် အပြီးသတ် ရှင်းလင်းမှာလို့လည်း ထုတ်ပြန်ထားပါတယ်။
ဗန်းမော်မြို့ ဘာကြောင့် အရေးကြီးသလဲ

ဓာတ်ပုံ ရင်းမြစ်, Banmaw Scout Team
ဗန်းမော်မြို့ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာ တည်ရှိတာကြောင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသက သင်္ဘောတွေနဲ့ ပြည်တွင်းကုန်သွယ်ရေးတွေလည်း လုပ်နိုင်တဲ့ ဆိပ်ကမ်းမြို့လည်းဖြစ်ပါတယ်။
တရုတ်နယ်စပ်နဲ့လည်း မိုင် (၄၀)သာကွာဝေးပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ မူဆယ်တို့ကနေတဆင့် တရုတ်နိုင်ငံကို ဆက်သွယ်နိုင်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မန္တလေးကိုဆိုရင် ဗန်းမော်-မန္တလေးလမ်းကနေလည်း သွားနိုင်သလို ကွတ်ခိုင်၊ လားရှိုးကနေတဆင့် လည်း ဆက်သွယ်သွားလာနိုင်တာကြောင့် သွင်းကုန်၊ ပို့ကုန် လုပ်ငန်းတွေ ထွန်းကားတဲ့ မြို့ဖြစ်လည်းဖြစ်ပါတယ်။
ဒါ့ကြောင့် ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်အဖြစ် တင်စားကြပါတယ်။
ဗန်းမော်မြို့မှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁) ၊ စစ်ဘက်ရေးရာ လုံခြုံရေးတပ်စု (စရဖ-စု) ၊ အမှတ် (၉၃၃) ထောက်ပံ့ပို့ဆောင်ရေးတပ် (ထပရ-၉၃၃) ၊ အမှတ် (၁၁) စစ်မြေပြင်ဆေးတပ်ရင်း (မဆရ-၁၁)၊ အမှတ် (၅) ဆက်သွယ်ရေးတပ် (ဆသရ-၅)၊ အမှတ် (၃၁၄) အမြောက်တပ်(အမတ-၃၁၄)၊ အမှတ် (၃၆၆) အမြောက်တပ် (အမတ-၃၆၆)တပ်တွေအပါအဝင် တပ်နေရာပေါင်း ၁၃ ခုလောက်ရှိနေပါတယ်။
"စစ်တပ်က ဗန်းမော်ကို စစ်ရေးအရ ပြင်ဆင်ထားတာ အများကြီးရှိတယ်။ ဗန်းမော်ထဲက တပ်စခန်းတွေမှာဆိုရင် ၂၀၁၈-၁၉ လောက်ကတည်းက လူအင်အားတွေ ထပ်ဖြည့်ထားတာရှိတယ်။ သာမန်တပ်အင်အားထက်ကိုပဲ ပိုပြီးတော့ တောင့်တင်းခိုင်မာအောင် အင်အားဖြည့်တင်းထားတာရှိတယ်" လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
ဒါပေမဲ့ စစ်တပ်ရဲ့ ပြင်ဆင်မှုတွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း ထင်သလောက် အလုပ်မဖြစ်တာကို ၂၀၂၄ ခုနှစ်မှာ ထင်သာမြင်သာ ရှိလာပါတယ်။
KIA အနေနဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာကစပြီး ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဆော့လော၊ ချီဖွေ၊ ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ဆဒုံး၊ ဒေါ့ဖုန်းယန်၊ လွယ်ဂျယ်၊ ဆင်ဘို၊ မြို့လှ၊ မိုးမောက်၊ မံစီ နဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က မဘိမ်းတို့ကို ရရှိထားတာပါ။
ဒီရရှိထားတဲ့ မြို့တွေကို ပြန်လက်မလွှတ်ရဖို့အရေးနဲ့ ရှေ့ဆက်ထိုးစစ်ဆင်ရမယ့် မြို့တွေအတွက် ဗန်းမော်မြို့ဟာ KIA အတွက် အရေးကြီးတဲ့မြို့ဖြစ်နေပါတယ်။
"ဗန်းမော်က နှစ်ဘက်လုံးအတွက် အရေးပါပါတယ်။ KIA က ဗန်းမော်ရရင် တိုင်းစစ်ဌာနချုပ် စစ်ရေးလမ်းကြောင်း ပွင့်သွားနိုင်တယ်။ KIA အနေနဲ့ရရှိပြီးသားနယ်မြေတွေကို ကာကွယ်ဖို့အတွက် ကချင်ပြည်နယ်ထဲက စစ်ဌာနချုပ်တွေ မရှိမှ ရပါမယ်။ ကချင်ပြည်နယ်ထဲမှာ စစ်ဌာနချုပ်တွေ ဆက်ရှိနေရင် တချိန်မဟုတ် တချိန် ရရှိပြီးသားနယ်မြေတွေကို စစ်ကောင်စီက ထိုးစစ်ပြန်ဆင်တာကို ကြိုပြီးတော့ ကာလိုက်တယ်လို့မြင်တယ်"လို့ မြစ်ကြီးနားမှာရှိတဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ကို ဦးတည်နိုင်တဲ့ခြေအနေကို CDM ဗိုလ်ကြီး လင်းထက်အောင်က သုံးသပ်ပါတယ်။
မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) ရှိတဲ့ မြစ်ကြီးနားမြို့နဲ့ ဗန်းမော်မြို့ဟာ ၁၁၅ မိုင်အကွာမှာ ရှိပါတယ်။
"ဗန်းမော်မှာ စစ်ကောင်စီအနေနဲ့ တောင့်ခံနိုင်ချေတော့ စောင့်ကြည့်ရမယ်။ ဗန်းမော်ကျရင် တတိယမြောက် တိုင်းစစ်ဌာနချုပ် ကျဆုံးသွားခြင်းဆိုပြီး ဖြစ်လာနိုင်တယ်"လို့လည်း သူက ကြိုတင်ခန့်မှန်းထားပါတယ်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)က အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် နဲ့ ရခိုင်ပြည်နယ်က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကို မြန်မာစစ်တပ်က ဆုံးရှုံးခဲ့ပြီးဖြစ်ပါတယ်။
KIA အတွက်လည်းမလွယ်ကူ

ဓာတ်ပုံ ရင်းမြစ်, Kachin News Group
KIA အတွက်လည်း ဗန်းမော်ကို ထိုးစစ်ဆင်ရတာ မလွယ်ကူတဲ့ အခြေအနေပါ။
ဗန်းမော်မြို့ကို ထိုးစစ်စတဲ့ ဒီဇင်ဘာ ၄ ရက်နေ့နောက်ပိုင်း တရုတ်ပြည်သူ့နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် (CPPCC) အဖွဲ့နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့တို့ ဒီဇင်ဘာ ၁၂ ရက်က တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆုံခဲ့ပါတယ်။
စစ်ကောင်စီစခန်းတွေ၊ မြို့သိမ်းတိုက်ပွဲတွေအတွက် ထိုးစစ်ဆင်တာကို KIA အနေနဲ့ ရပ်တန့်ဖို့ တရုတ်နိုင်ငံဘက်က ပြောဆိုတာတွေရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့အတွက် လက်ရှိတိုက်ပွဲတွေ ရပ်တန့်သွားမလားဆိုတာကို စစ်ရေးအကဲခတ်တွေက စောင့်ကြည့်ခဲ့ကြပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်အထိ ဗန်းမော်မြို့ကို ထိုးစစ်ဆင်နေတာနဲ့ပတ်သက်လို့ "တရုတ်ဘက်ကပဲ ဖိအားပေးပေး၊ ဘယ်ကပဲ ဖိအားပေးပေး စစ်ရေးမဟာဗျူဟာအရ ထိုးစစ်ဆင်ရမယ့် အနေအထားဖြစ်လို့ တိုက်ခိုက်တယ်လို့ပဲ ယူဆပါတယ်" လို့ CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
လက်ရှိ ဗန်းမော်မြို့မှာဆိုရင် မြို့တွင်းတိုက်ပွဲတွေ ဆက်ဖြစ်ပွားနေသလို ဒီဇင်ဘာ ၁၉ ရက်မှာ လေဆိပ်ဝန်းကျင်၊ ဗန်းမော်တက္ကသိုလ်ဝန်းကျင်၊ နည်းပညာတက္ကသိုလ်နဲ့ ခလရ (၄၇) နားမှာရှိတဲ့ စစ်ကောင်စီစခန်းတွေမှာ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၀ ရက်မှာ ဗန်းမော်တက္ကသိုလ်၊ ခလရ (၄၇) ၊ မန်စီ၊ စကခ (၂၁) တပ်စခန်းတွေကို ထိုးစစ်ဆင်နေပြီး တပ်စခန်းတချို့ကို သိမ်းပိုက်နိုင်တော့မယ့် အခြေအနေရှိနေတယ်လို့ ဒေသတွင်း စစ်ရေးအရင်းအမြစ်တွေဆီကနေ သိရပါတယ်။
တိုက်ပွဲကာလအတွင်းမှာလည်း စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိသလို ရိက္ခာပို့တာတွေလည်း ရှိခဲ့ပါတယ်။
တိုက်ပွဲတွေကြောင့် ဗန်းမော်မြို့မှာရှိတဲ့ ရပ်ကွက် (၁၃) ခု မှာ တစ်ဝက်နီးပါးက တိုက်ပွဲဒဏ်ကြောင့် နေအိမ်၊ အဆောက်အဦတွေ ပျက်စီးဆုံးရှုံးသွားသလို အရပ်သား သေဆုံးသူ အယောက် ၅၀ ဝန်းကျင်ရှိပြီး ထိခိုက်ဒဏ်ရာရသူလည်း ၁၀၀ ဝန်းကျင်လောက် ရှိနေတယ်လို့ ပရဟိတအဖွဲ့တွေနဲ့ Banmaw Scout Team ရဲ့ စာရင်းတွေအရ သိရပါတယ်။
ဗန်းမော်မြို့ကို ထိုးစစ်ဆင်နေတာနဲ့ ပတ်သက်လို့ KIA သတင်းပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကို ဘီဘီစီက ဆက်သွယ်နေပါတယ်။
မသေရုံထွက်ပြေးရတဲ့ စစ်ရှောင်တွေနဲ့ ကျန်နေသေးတဲ့ ပြည်သူတွေ

ဓာတ်ပုံ ရင်းမြစ်, သုညသုခပရဟိတလူငယ်အသင်း
KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဗန်းမော်ကို ထိုးစစ်စတဲ့ ဒီဇင်ဘာ ၄ ရက်ကစပြီး တိုက်ပွဲတွေဆက်တိုက် ဖြစ်လာတဲ့အတွက် ဒီဇင်ဘာ ၇ ရက်ကပြီး ပြည်သူတွေက စစ်ဘေးရှောင်နေကြရပါတယ်။
ပရဟိတအဖွဲ့တွေဟာ ရပ်ကွက်တွေထဲက စစ်ဘေးရှောင်တွေကို လိုက်ပါခေါ်ယူရင်း တိုက်ပွဲကြား ကျရောက်သွားပြီး လက်နက်ကြီးကျည်တွေကို ရှောင်တိမ်းခဲ့ရတာကလည်း အကြိမ်ရေ တစ်ဒါဇင်လောက် ရှိခဲ့ပါတယ်။
"လူခေါ်ဖို့သွားတာ၊ လိုက်မယ့်သူကို စောင့်ရင်း စကားပြောနေကြတုန်း ရွှီ.. ဆိုတဲ့ အသံရှည်ကြီးကြားရတာနဲ့ ဘေးမှာရှိတဲ့ လုံခြုံမယ့်နေရာကို အမြန်ပြေးကြတာ၊ ခဏလည်းကြာရော လက်နက်ကြီးပေါက်ကွဲသံတွေ တအုံးအုံး ကြားရတာပဲ။ ငြိမ်သွားလို့ ကျည်ကျတဲ့နေရာတွေ သွားကြည့်တော့မှ ကိုယ်တွေ စကားပြောခဲ့တဲ့နေရာဖြစ်နေတယ်"လို့ ကံသီပြီး လွတ်မြောက်လာတဲ့ အတွေ့အကြုံကို ပရဟိတအဖွဲ့ တာဝန်ရှိသူက ပြောပြပါတယ်။
ကျည်ဆံတွေအကြား စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ခဲ့တဲ့ပရဟိတအဖွဲ့တွေဟာ ဗန်းမော်မြို့ကနေ မန္တလေးမြို့ကို ဆက်သွယ်ထားတဲ့ ဗန်းမော်- မန္တလေး ကားလမ်းမကြီးက လုံးဝသွားလာလို့ မရတော့တဲ့အတွက် တောလမ်းတွေ၊ ချောင်းတွေကို ဖြတ်ကျော်ပြီး သွားကြရပါတယ်။
ပုံမှန်အခြေအနေမှာ မန္တလေး-ဗန်းမော်ကားလမ်းကနေ သွားမယ်ဆိုရင် မနက်သွား ညနေ ရောက်ပါတယ်။
"အခုက တောလမ်းတွေ ဖြတ်ရတယ်၊ တချို့နေရာတွေဆိုရင် ကိုယ်တွေက လမ်းမကျွမ်းကျင်တော့ အချိန်ကြာတယ်၊ ချောင်းတွေကိုလည်း ဖြတ်ကြရတယ်။ ဒီတော့ လမ်းမှာ နှစ်ညလောက် အိပ်ပြီးမှ မန္တလေးကို ရောက်တယ်။ လမ်းမှာ အဆင်ပြေသလို ချက်ပြုတ်စားသောက်ရတာပေါ့"လို့ ဗန်းမော်မြို့က စစ်ဘေးရှောင်တွေကို ကူညီကယ်ဆယ်ရေးလုပ်ပေးနေတဲ့ ပရဟိတအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ချောင်းကိုဖြတ်ကျော်ချိန်မှာ ကားမောင်းဖို့ အခက်အခဲရှိတာကြောင့် လယ်ထွန်စက်ကနေ ကြိုးဆွဲပြီး ပို့ဆောင်ပေးရတာကိုလည်း တွေ့ရပါတယ်။
ဒီလိုခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရပေမဲ့လည်း မန္တလေးမြို့ကို ရောက်တဲ့အခါ စစ်ဘေးရှောင်တွေကို လက်မခံတာကြောင့် နှစ်ရက်လောက် နေရာရှာခဲ့ကြရပါတယ်။
"အွန်လိုင်းမှာတော့ ဘုန်းကြီးကျောင်းကို လာခဲ့ပါ၊ လက်ခံပါတယ်ဆိုပြီးရေးထားကြတယ်၊ တကယ်တမ်းသွားတော့ သူတို့ကျောင်း မဟုတ်ပါဘူးဆိုပြီး ငြင်းလွှတ်ကြတယ်။ မြို့နဲ့ တော်တော်လေးဝေးတဲ့ ဘုန်းကြီးကျောင်းတွေကို လိုက်ရှာပြီး တည်းနေကြရတယ်"လို့ စစ်ဘေးရှောင်တွေ နေရာခက်ခဲကြတာကို ပရဟိတအဖွဲ့ဝင်က ပြောပြပါတယ်။
အသက်မသေရုံတမယ် လွတ်မြောက်အောင် ထွက်ပြေးခဲ့ကြရတာကြောင့် လူဦးရေ အယောက် ၅၀ ကျော်ရှိတဲ့ စစ်ဘေးရှောင်တွေမှာ အဝတ်အစားအနည်းငယ်သာ ပါကြပြီး စောင်၊ ခြင်ထောင်၊ စားသောက်စရာ အပါအဝင် အခက်အခဲတွေ ရှိနေကြတာပါ။
ဗန်းမော်မြို့ထဲမှာလည်း တိမ်းရှောင်ဖို့ ကြိုးစားနေကြရင်း ကျန်နေခဲ့တဲ့သူတွေလည်း သောင်းဂဏန်းလောက် ရှိနေသေးတယ်လို့ ပြောကြပါတယ်။
တချို့မှာ လိုက်ပါဖို့ အဆင်သင့်ပြင်ထားရင်း ကားမဆံ့တာကြောင့် ကျန်ခဲ့ရသူတွေလည်း အများကြီးရှိနေပါတယ်။
မိုးမောက်မြို့နယ်နဲ့ မံစီမြို့နယ်တွေမှာ တိုက်ပွဲပြင်းထန်ချိန်က ဗန်းမော်မြို့ကို ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်တွေကလည်း အခု ဗန်းမော်မြို့ကနေ ထပ်ရှောင်ရတာကြောင့် "နှစ်ထပ်ကွမ်း" စစ်ဘေးရှောင်တွေ ဖြစ်နေကြရပါတယ်။










