ဇွန် ၁၉ ရက်၊ ထိပ်တန်းသတင်းများ- ရန်ကုန် ကမာရွတ်က ပန်းပန်သူ၊ ပန်းကိုင်ထားသူအမျိုးသမီး အချို့ဖမ်းဆီးခံရတယ်လို့ မြို့ခံတွေပြော

ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်ထဲမှာ ဒီနေ့ မနက်ပိုင်းက ပန်းပန်ထားသူနဲ့ ပန်းကိုင်ထားသူ အမျိုးသမီး ၁၀ယောက်ထက်မနည်း အဖမ်းခံလိုက်ရတယ်လို့ မြို့ခံအချို့ကပြောသလို နဲ့ မြို့နယ်တွင်းသတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ Kamayut Information ကလည်း သူတို့ရထားတဲ့အချက်အလက်ကိုကိုးကားပြီး အတည်ပြုပါတယ်။

ကမာရွတ်မြို့နယ် လူစည်ကားတဲ့ ၅ ရပ်ကွက်၊ ၈ ရပ်ကွက် Junction Square ဧရိယာနဲ့ ဆင်မလိုက်ဈေးဝန်းကျင်က အမျိုးသမီးတွေ အဖမ်းခံရတာဖြစ်ပါတယ်။

ဆင်မလိုက်ဈေးက ပန်းဝယ်ပြီးပြန်လာတဲ့ သက်ကြီးရွယ်အိုတစ်ယောက်အပါအဝင် မိသားစု လေး ယောက်၊ ကျွန်းတောလမ်း Junction Square နားမှာ နှာခေါင်းစည်းတပ်ပြီး ပန်းဝယ်လာတဲ့ အမျိုးသမီး ၂ ယောက်၊ ဆင်မလိုက်ဈေးထဲက ဈေးသည် ၃ ယောက်နဲ့ပန်းပန်ထားတဲ့ ၅ ယောက် အဖမ်းခံလိုက်ရတာလို့ ကမာရွတ်အင်ဖော်မေးရှင်းက သိရပါတယ်။

ကမာရွတ်မြို့ခံတစ်ယောက် ဘီဘီစီကို ပြောပြတာကတော့ “မနက်က သူတို့တောက်လျှောက်ကားပတ်မောင်းနေရင်းနဲ့ KBZ ရှေ့မှာ ကောင်မလေး နှစ်ယောက်ကို ပန်းပန်လာလို့ဆိုပြီးဖမ်းတာ၊ ပြီးတော့ ဂျန်းရှင်းစကွဲဘက်မှာ ပန်းပန်ထားတဲ့သူတွေ အကုန်ဖမ်းတာ”လို့ ပြောပါတယ်။

အဖမ်းဆီးခံထားရတဲ့ အမျိုးသမီးတွေ ဘယ်မှာအစစ်ဆေးခံနေရတယ်၊ ပြန်လွတ်-မလွတ် ဆိုတာနဲ့ပတ်သက်လို့ ဘီဘီစီက စုံစမ်းနေပါတယ်။

ဒီနေ့ဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဖြစ်တာကြောင့် အမျိုိုသမီးတွေသာမက အမျိုးသားတွေပါ ပန်းပန်ပြီး ပန်းသပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်တဲ့အကြောင်း လူမှုကွန်ရက်တွေမှာ တင်ထားကြပါတယ်။

‌ဒေါ်အောင်ဆန်းစုကြည်မွေးနေ့မှာ စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ ရန်ကုန်တိုင်း သုံးခွမြို့နယ်၊ လှိုင်သာယာမြို့နယ်နဲ့ ကမာရွတ်မြို့နယ်တွေမှာ ပန်းပန်လာတဲ့ ၊ ပန်းကိုင်ထားတဲ့ အမျိုးသမီးတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခံရတာကို ဒေသခံတွေ အပြောအရ သိရပါတယ်။

ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီတွေအတွက် ကန့်သတ်ချက်အသစ်တွေထုတ်ပြန်

လိမ်လည်ခံရတဲ့ အလုပ်သမားတွေအတွက် တိုင်ကြားရေးယန္တရားမရှိ

ပြည်ပကို သွားရောက်အလုပ်လုပ်ကိုင်မယ့် မြန်မာအလုပ်သမားတွေအတွက် အလုပ်ရှာဖွေပေးမယ့် အေဂျင်စီတွေအနေနဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနဆီက ခွင့်ပြုစာရမှာသာ အလုပ်ရှင်အလုပ်သမားစာချုပ်ချုပ်နိုင်မယ့် ကန့်သတ်ချက်အသစ်တွေကို စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

အရင်က ပြည်ပကိုသွားမယ့်အလုပ်သမားတွေကို အေဂျင်စီတွေက လွတ်လပ်စွာ စာချုပ်ချုပ်ဆိုပြီး ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းတွေကို တက်ရောက်ခွင့်ရနေပေမဲ့ အခုထုတ်ပြန်ချက်အရ ဒါတွေကိုခွင့်ပြုတော့မှာ မဟုတ်ပါဘူး။

"အဓိကက အေဂျင်စီအတုတွေ၊ ပွဲစားတွေကနေ အလုပ်သမားတွေကို ငွေသိန်းဆယ်နဲ့ချီ လိမ်လည်တာတွေကြောင့် ဝန်ကြီးဌာနဆီ တိုင်စာတအားများလို့ အခုလိုထုတ်ပြန်လိုက်တာပါ။ သူတို့က အလုပ်သမားဆီက ပိုက်ဆံယူတယ်၊ လမ်းညွှန်သင်တန်းတက်ခိုင်းထားတယ်။ ပြီးတော့ တော်တော်နဲ့ အလုပ်မရဘူး။ အခုထုတ်ပြန်ချက်က အလိမ်မခံရအောင် အဆင့်ဆင့်စိစစ်ပြီး အလုပ်သမားတွေအတွက် အဆင်ပြေသွားပေမဲ့ အေဂျင်စီတွေဘက် အခက်အခဲပြန်ကြုံရတာပါ" လို့ ပြည်ပအလုပ်အကိုင်အကျိုးဆောင်အေဂျင်စီလုပ်ကိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

လာမယ့် ဇွန်လ ၂၆ ရက်မှာစတင်ကျင့်သုံးရမယ့် ထုတ်ပြန်ချက်အသစ်မှာဆိုရင် အေဂျင်စီတွေဟာ မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ သက်ဆိုင်ရာနိုင်ငံက မြန်မာသံရုံးတွေဆီက အဆင့်ဆင့်ခွင့်ပြုစာအပါအဝင် သက်ဆိုင်ရာနိုင်ငံအလိုက်ပေးတဲ့ နှစ်ရှည်နေထိုင်အလုပ်လုပ်ခွင့်တွေပါမှသာ အလုပ်ရှင်အလုပ်သမားစာချုပ် ချုပ်ခွင့်ရတော့မှာဖြစ်ပါတယ်။

အဲ့ဒီလို စာချုပ်ချုပ်ရမှာလည်း မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှာပဲ စာချုပ်ချုပ်ရမှာလည်းဖြစ်ပါတယ်။ ဒီလိုတွေ လုပ်ပြီးမှသာ ပြည်ပအလုပ်အကိုင်လမ်းညွှန်သင်တန်းတက်ခွင့်ပေးမယ်လို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လာပါတယ်။

ဒါကြောင့် ပြောင်းလဲလိုက်တဲ့ စံနှုန်းတွေဟာ လက်တွေ့ ပြည်ပအလုပ်အကိုင်ရှာ‌ဖွေရေးအေဂျင်စီတွေလုပ်ဆောင်နေတာနဲ့ ပြောင်းပြန်ဖြစ်နေတယ်လို့ အေဂျင်စီအသိုင်းအဝိုင်းက ‌ထောက်ပြပါတယ်။

ဝန်ကြီးဌာနဘက်ကတော့ ဒီလိုထုတ်ပြန်ရတာဟာ အလုပ်သမားတွေကို ငွေကြေးကြိုတင်ကောက်ခံပြီး အချိန်ကာလအတော်ကြာအောင် အေဂျင်စီတွေက လုပ်သားစေလွှတ်နိုင်တာတွေမရှိတဲ့အပေါ် တိုင်ကြားစာတွေရတာကြောင့်လို့ ပြောပါတယ်။

အခုလက်ရှိအခြေအနေမှာလည်း ငွေကြေးလိမ်လည်ခံရတဲ့ အလုပ်သမားတွေအများကြီးရှိနေပြီး တိုင်ကြား‌နိုင်တဲ့ ယန္တရားမရှိသလို လိမ်လည်သူတွေကို ဖမ်းဆီးအရေးယူတာတွေမရှိတာကြောင့် ဝန်ကြီးဌာနအနေနဲ့ အခုလိုကန့်သတ်တာအပြင် စစ်ဆေးအရေးယူတဲ့အပိုင်းတွေကို အဓိကထားလုပ်သင့်တယ်လို့လည်း ‌ဝေဖန်နေကြပါတယ်။

တိုင်းမှူးဟောင်းကို ဘာကြောင့် လာအိုသံအမတ်ကြီး ခန့်သလဲ

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ကနေ အနားပေးခံထားရတဲ့ ဗိုလ်ချုပ်မြတ်သက်ဦးကို လာအိုနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဇွန်လ ၁၇ ရက်နေ့မှာ စစ်ကောင်စီက ခန့်အပ်ခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) လှုပ်ရှားတဲ့ နယ်မြေကို အဓိကကိုင်တွယ်တဲ့ အမှတ်(၄) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးခင်လှိုင် နဲ့အတူ မတ်လ ကုန်ပိုင်းက အနားပေးခံရပြီးတဲ့နောက် သံအမတ်ကြီး ဦးမြတ်သက်ဦး ဖြစ်လာတာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ စစ်ဘက်ရာထူးကနေ အနားပေးလိုက်တဲ့ တပ်မတော်အရာရှိကြီးတချို့ကို သံအမတ်ကြီးတွေအဖြစ် ပြောင်းရွေ့တာဝန်ပေးတဲ့ အစဉ်အလာရှိခဲ့ပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်တွေဟာ သံအမတ်ကြီးရာထူးနဲ့ပြောင်းရွေ့တာဝန်ယူကြသလို စစ်ဘက်ကတိုက်ရိုက်ရောက်လာတဲ့ အရာရှိဟောင်းတွေလည်း သံအမတ်ကြီးတွေအဖြစ် တာဝန်ယူကြပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် (၃၈) ဆင်းဖြစ်တဲ့ ဗိုလ်ချုပ်မြတ်သက်ဦးဟာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှုးဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ်မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်ပြောင်းရွေ့တာဝန်ပေးခံခဲ့ရတာဖြစ်ပါတယ်။

‘’ဦးမြတ်သက်ဦးက ဗိုလ်ချုပ်ရာထူးကနေ အရာကျပြီး သံအမတ်ကြီးဖြစ်သွားပေမယ့် သူ့မှာအရေးကြီးတဲ့တာဝန်တွေ ရှိလာလိမ့်မယ်’’ လို့ နိုင်ငံရေးအကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

ဦးမြတ်သက်ဦး သံအမတ်ကြီးတာဝန်ယူမယ့် လာအို နိုင်ငံဟာ အင်ဒိုနီးရှားပြီးရင် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူမယ့် နိုင်ငံဖြစ်သလို လာမယ့် လပိုင်းအတွင်း မြန်မာ့အရေးဆိုင်ရာ (Track 1.5 Dialogue) ဆွေးနွေးပွဲကို ကျင်းပဖို့ပြင်ဆင်နေတယ် လို့ ဘီဘီစီရဲ့သတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

အစိုးရအရာရှိတွေရော၊ အစိုးရမဟုတ်တဲ့တတ်သိပညာရှင်တွေပါ ပါဝင်တဲ့ မြန်မာ့အရေးဆိုင်ရာ (Track 1.5 Dialogue) ဆွေးနွေးပွဲတွေကို ထိုင်း နဲ့ အိန္ဒိယနိုင်ငံတွေမှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

မင်းတပ်မြို့နယ်က လူငယ်တွေ မြို့နယ်ပြင်ပမထွက်ဖို့ မင်းတပ်CDF ကန့်သတ်

ချင်းပြည်နယ် မင်းတပ်မြို့နယ်အတွင်းက အသက် ၁၆ နှစ်ကနေ အသက် ၃၅ နှစ်အတွင်း လူငယ်တွေကို ချင်းကာကွယ်ရေးတပ်ဖွဲ့(မင်းတပ်)ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြည်တွင်းပြည်ပ ထွက်ခွာခွင့်မပြုတော့ဘူးလို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေက မင်းတပ်မြို့နယ်အတွင်းမှာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အချိန်မှာ တိုင်းပြည်နဲ့လူမျိုးကို ကာကွယ်မယ့်အစား ချင်းပြည်နယ်ပြင်ပ ပြည်တွင်းနဲ့ ပြည်ပတွေကို လူငယ်တွေ ထွက်ခွာတာ များပြားလာတာကြောင့် အခုလို ထုတ်ပြန်တာဖြစ်တယ်လို့ မင်းတပ်ချင်းကာကွယ်တပ်ဖွဲ့က ပြောပါတယ်။

“ပြည်တွင်းမှာဆိုရင်လည်း စစ်ကောင်စီက မှတ်ပုံတင်မှာ ၄ မျဉ်းစောင်း၊ ချင်းတိုင်းရင်းသားလို့ ပါတာနဲ့ တင်းတင်းကြပ်ကြပ် စစ်ဆေးတာတွေ၊ တချို့ဆိုရင် မသင်္ကာဘူးဆိုပြီး ဖမ်းဆီးထောင်ချခံရတာတွေရှိတယ်။ ဒါကို ကြိုတင်ပြီးကာကွယ်တဲ့အနေနဲ့လည်း စဉ်းစားတာ ဖြစ်တယ်။ အခု ကျနော်တို့ မင်းတပ်မှာလည်း လူငယ်တွေက စစ်အာဏာမသိမ်းခင်ကတည်းက တခြားဒေသနဲ့ ပြည်ပကို ထွက်သွားကြတယ်။ အခုလို တော်လှန်ရေးကာလ ပြည်သူတွေရဲ့အားကို လိုနေတဲ့အချိန်မှာလည်း ထပ်ထွက်သွားကြတယ်။ တော်လှန်ရေးကာလမှာ လူငယ်ထုကို အစစအရာရာ အားကိုးနေရတာမို့ ဒါကို ထိခိုက်လာမှာကို ထိခိုက်လာမှာကိုလည်း စိုးရိမ်တယ်”လို့ CDF -Mindat အဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဒါပေမဲ့ ကျန်းမာရေးကြောင့် ဆေးကုဖို့ လိုအပ်တာမျိုးဆိုရင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ‌‌ဆေးထောက်ခံချက်တွေပါရင် ခွင့်ပြုပေးမယ်လို့ ပြောပါတယ်။

မင်းတပ်မြို့နယ်အတွင်းမှာ ကလေးငယ်တွေရဲ့ ပညာရေးအတွက် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းတွေကို နေရာဒေသအလိုက် ဖွင့်လှစ်သင်ကြားပေးနေတာကြောင့် လက်ရှိနဲ့အနာဂတ် နိုင်ငံရေးတွေမှာ လူငယ်တွေရဲ့ ပါဝင်မှုက အရေးကြီးတဲ့အကြောင်း၊ ဒါ့ကြောင့် စစ်ကောင်စီက ဖွင့်လှစ်တဲ့ ကျောင်းတွေကို ပညာသင်ကြားစေဖို့၊ အလုပ်လုပ်ကိုင်စေဖို့ လူငယ်တွေကို ပြည်တွင်း၊ပြည်ပ စေလွှတ်တာတွေ မလုပ်ကြဖို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ကလည်း ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ပန်းပန်တဲ့ ကလေးဒေသခံအမျိုးသမီးအချို့ဖမ်းဆီးခံရ၊ စစ်ဆေးခံနေရပြီး ပြန်မလွတ်သေး

စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ ဒီနေ့ ဇွန် ၁၉ ရက် မနက်ပိုင်းက ပန်းပန်သူတချို့ နဲ့ ပန်းရောင်းသူ အမျိုးသမီး အချို့ အဖမ်းဆီးခံရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ကလေးမြို့မဈေးနား နဲ့ ဗိုလ်ချုပ်လမ်းတစ်ဝိုက်က ပန်းပန်ထားတဲ့ အမျိုးသမီးအရေအတွက် ဆယ်ချီကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကားနဲ့တင်ဆောင်ဖမ်းဆီးသွားတာဖြစ်ပြီး ရဲစခန်းမှာ စစ်ဆေးနေပြီး အခု နေ့လယ်ပိုင်းအထိ ပြန်မလွတ်သေးဘူးလို့ အဒေါ်ဖြစ်သူ ဖမ်းဆီးခံလိုက်ရ တာကို သိရှိသူတစ်ဦးကပြောပါတယ်။

'' အဒေါ်က သူ့ဆိုင်ထဲမှာ နေတာ ပန်းပန်တာကလည်းနေ့တိုင်းပန်တာ။ အဲဒါကို ဒီနေ့ လာ‌ဝင်ဖမ်းတယ်။ အခုထိ ရဲစခန်းမှာခေါ်ထားတယ်။ စစ်ဆေးနေတယ် ပြန်မလွှတ်သေးဘူး။ လူတစ်ယောက်မွေး‌‌နေ့ကိုဆုတောင်းပေးတာပဲ ။ ဒေါ်အောင်ဆန်းစုကြည်က PDF လည်းမဟုတ်ဘူးလေ။ သူ့ကိုမွေးနေ့ဆုတောင်းပြီး ပန်းပန်ပေးတော့ရော ဘာဖြစ်လို့လဲ''လို့ ‌အဒေါ်ဖြစ်သူ ဖမ်းဆီးခံလိုက်ရတဲ့ ကလေးဒေသခံ အမျိုးသမီးတစ်ဦးကပြောပါတယ်။

ကလေးမြို့ပေါ်က အမှတ် ၂ အထက်တန်းကျောင်း၊ စကားလှကျောင်း၊ ကလေးလမ်းဆုံ နေရာတွေမှာ စစ်ကောင်စီတပ်တွေ စစ်ဆေးနေသလို ရပ်ကွက်တွေထဲမှာလည်း စစ်ကားတွေနဲ့ လှည့်ကင်းပတ်တာတွေရှိနေတယ်လို့ ဒေသတွင်းမီဒီယာတွေကနေ သိရပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်မှာလည်း ပန်းသည်တွေဆီက ပန်းတွေသိမ်းဆည်းတာ၊ ပန်းပန်ထားသူတွေကို ပြန်ဖြုတ်ခိုင်းတာတွေရှိနေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

ဒီနေ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်မြောက် မွေးနေ့ဖြစ်တာကြောင့် မြို့နယ်တော်တော်များများမှာ မွေးနေ့အထိန်းအမှတ် ပန်းသပိတ်တွေလုပ်နေတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ အဖမ်းခံရသူတွေဟာ ပန်းသပိတ်မှာ ပါဝင်တဲ့သူတွေသာမက ပုံမှန်ပန်းပန်သူတွေလည်း အဖမ်းခံရတဲ့အခြေအနေဖြစ်နေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှုမပါဝင်ဘဲပြေလည်ရေးလမ်းစရရှိနိုင်မှာ မဟုတ်ကြောင်း NLD ထုတ်ပြန်

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံ ဆွေးနွေးမှုမရှိလျှင် ပြေလည်ရေးလမ်းစရမှာ မဟုတ်ဘူးလို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဇွန်လ ၁၉ ရက်၊ ဒီကနေ့မှာထုတ်ပြန်ပါတယ်။

NLD ဥက္ကဋ္ဌ လည်းဖြစ်၊ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်ပြည့် မွေးနေ့လည်းဖြစ်တဲ့ ဒီကနေ့မှာ NLD ပါတီဘက်က ထုတ်ပြန်တာပါ။

ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား တွေအားလုံးခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်နိုင်ရေး အတွက်မိတ်ဆွေနိုင်ငံတွေနဲ့အတူ၊ ပြည်တွင်းပြည်ပ မိတ်ဖက်အင်အားစုတွေ အားလုံးနဲ့ ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြ ပါတယ်။

လူထုခေါင်းဆောင်လို့ သတ်မှတ်ခံထားရသူဖြစ်သလို၊ အနိုင်ရပါတီခေါင်းဆောင်လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့အရေးပြဿနာများကို ဖြေရှင်းရာမှာ ချန်ထားမရတဲ့ အရေးပါဆုံးသော ပုဂ္ဂိုလ်တစ်ဦးဖြစ်တယ်လို့လည်းရှုမြင်ကြောင်း ထုတ်ပြန်ချက်ကဆိုပါတယ်။

NLD ဟာ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကျင်းပနိုင်သောမဲ ဆန္ဒနယ်အားလုံးရဲ့ ၈၂ ရာခိုင်နှုန်း ကျော် ထောက်ခံမှုရရှိပြီးသောင်ပြိုကမ်းပြိုအနိုင်ရခဲ့တာပါ။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တွေကလည်း ဒီကနေ့ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၇၈ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အခမ်းအနားကိုလည်း ကျင်းပခဲ့ပါတယ်။

အဲဒီအခမ်းအနားအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ က “နိုင်ငံရေးအရ နည်းနာပိုင်း၊ မဟာဗျူဟာပိုင်းအတိမ်းအစောင်းအချွတ်အချော်ဖြစ်တာ ရှိကောင်းရှိ နိုင်ပေမယ့်၊ ဒေါ်အောင်ဆန်းစုကြည် ဟာ တိုင်းပြည်နဲ့ လူထုအပေါ်စေတနာမယုတ်ခဲ့ပါဘူး။ ဒါကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ နိုင်ငံရေးဘဝဖြတ် သန်းမှုတစ်လျှောက်လုံးက သက်သေခံနေပါတယ်” လို့ ပြောပါတယ်။

အခု NUG က ဦးဆောင်နေတဲ့ နွေဦးတော်လှန်ရေးဟာလည်း လက်နက်ကိုင်လမ်းစဥ်တစ်ခုတည်းကို ဗဟိုပြု နေတဲ့ လူထုတော်လှန်ရေး မဟုတ်ဘဲ လူထုလမ်းစဥ်ကိုအခြေပြုပြီး နိုင်ငံရေးအားဖြင့်တော်လှန် နေတဲ့ ‌တော်လှန်ရေးကြီးလည်း ဖြစ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကိုယ်တိုင်လည်း စစ်အာဏာရှင်ကို နှစ်ပေါင်း ၄၀ နီးပါးတွန်းလှန်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။

စစ်ခေါင်းဆောင်တွေဘက်က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးဇာတ်ခုံပေါ်ကနေ မဆင်းဆင်းအောင် တွန်းချဖို့ အမြဲတမ်းကြိုးစားနေပြီး ဒေါ်အောင်ဆန်းစုကြည်ကိုဖယ်ရှားဖို့ကြိုးစားတာဟာ လူထုရဲ့ လွတ်လပ် ခွင့်နဲ့ လူထုရဲ့ တရားမျှတမှုကို ငြင်းပယ်ဖျက်ဆီးတာလို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

အဲဒီအခမ်းအနားကိုတက်ရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းကလည်း “အမေ အဖမ်းခံရပြီး ကတည်းက သူမနဲ့ အဆက်အသွယ်မရခဲ့ပါဘူး။ သူမကိုဖမ်းဆီးထိမ်းသိမ်းထားတဲ့ နေရာနဲ့ အခြေအနေတွေ အကြောင်းလည်း သိခွင့်မရခဲ့ပါဘူး။ ဗြိတိန်နိုင်ငံခြားရေးရုံးကနေ တဆင့်၊ လန်ဒန်မှာရှိတဲ့ မြန်မာသံရုံး ကိုလည်း တိုက်ရိုက်တောင်းဆိုခဲ့ပေမယ့် တုန့်ပြန်မှု တစ်စုံတစ်ရာ မရှိခဲပါဘူး” လို့ ပြောခဲ့ ပါတယ်။

ထိုင်းဦးဆောင်တဲ့ဆွေးနွေးပွဲကို မြန်မာ့အကျပ်အတည်းရိုက်ခတ်ခံရတဲ့နိုင်ငံအများစု တက်ရောက်

ထိုင်းနိုင်ငံက ဦးဆောင်ပြုလုပ်တဲ့ မြန်မာ့အရေးအဖြေရှာရေး ဆွေးနွေးပွဲကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးအပြင် မြန်မာ့အကျပ်အတည်း ရိုက်ခတ်ခံရတဲ့ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနဲ့တရုတ်၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌဟောင်းနိုင်ငံတွေဖြစ်တဲ့ ကမ္ဘောဒီးယားနဲ့ ဘရူနိုင်း၊ လာအိုနဲ့ ဗီယက်နမ်တို့က အဆင့်မြင်အရာရှိကြီးတွေ တက်ရောက်မယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ဒီနေ့ ကျင်းပနေတဲ့ အခုအလွတ်သဘောဆွေးနွေးပွဲဟာ အာဆီယံမူဘောင်ထဲကနေ ကျင်းပတာမဟုတ်ဘဲ ၂၀၂၂ ခုနှစ်တုန်းက ဖနွမ်းပင်မြို့မှာကျင်းပတဲ့ အာဆီယံဒေသတွင်းဖိုရမ်မှာ မြန်မာ့အခြေအနေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ နည်းလမ်း ရှာမယ်ဆိုတဲ့ထိုင်းရဲ့အားထုတ်မှု တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီလိုနည်းလမ်းရှာဖို့ကိုလည်း အစိုးရရော၊ ပညာရှင်တွေပါပါတဲ့ track 1.5 လို ဆွေးနွေးပွဲတွေ ထိုင်းက ကမကထ ပြုလုပ်နေပြီး ဝန်ကြီးအဆင့်ဆွေးနွေးပွဲတွေ ပြုလုပ်တာ အခုတစ်ကြိမ်ဆို ၃ ကြိမ် ရှိပြီလို့လည်း ဆိုပါတယ်။

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ ဆွေးနွေးပွဲ ဖိတ်ကြားစာမှာတော့ ပြီးခဲ့တဲ့မေလတုန်းက ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ ကြေညာချက်ကို အခြေခံပြီး မြန်မာစစ်တပ်နဲ့ ထိတွေ့မှု ပြန်လည်ဆက်ဆံရေးအတွက် ရည်ရွယ်ပြီး ကျင်းပတာလို့ ပြောပါတယ်။

ဒါပေမဲ့ အခုအစည်းအဝေးဟာ လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံက လုပ်ဆောင်နေတာတွေနဲ့ သွေဖီနေတယ်လို့ အင်ဒိုနီးရှားဘက်က သတင်းတွေထွက်လာသလို၊ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကလည်း အာဆီယံအနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ထိတွေ့ပြောဆိုဆက်ဆံရေးလုပ်ဖို့ စောနေသေးတယ်လို့ ထုတ်ပြောလာအပြီးမှာ ထိုင်းဘက်က အခုလို ကြေညာချက်ထုတ်ပြန်လာတာပါ။

ထိုင်းနိုင်ငံကတော့ ငြိမ်းချမ်းစွာအဖြေရှာတဲ့နေရာမှာ တွေ့ဆုံဆွေးနွေးရေးဟာ အခြေခံကျတဲ့ သံခင်းတမန်ခင်းဖြစ်ပြီး ကီလို မီတာ ထောင်နဲ့ချီ နယ်မြေထိစပ်နေတဲ့ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်မှုတွေ လျော့ကျသွားပြီး တည်ငြိမ် အေးချမ်းရေး ဦးတည်သွားတာကလို မြင်လိုတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

အင်အား ၅ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်

ဧရာဝတီတိုင်း ဖျာပုံမြို့ရဲ့ အရှေ့တောင်ဘက် မိုင် ၇၀ ခန့်က အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး ၅ ဒသမ ၁ ရစ်ခ်တာစကေးရှိတဲ့ အင်အားအသင့်အတင့်ရှိ မြေငလျင်တစ်ခု ဒီနေ့ ဇွန် ၁၉ ရက် မနက် ၈ နာရီ ကျော်မှာ လှုပ်ခတ်သွားတယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ကထုတ်ပြန်ပါတယ်။

ရန်ကုန်နဲ့ ဖျာပုံမှာ နေထိုင်သူတချို့ ကလည်း ငလျင်လှုပ်တာကို သိသိသာသာ သိရှိလိုက်ကြရတယ်လို့ လူမှုကွန်ရက်တွေမှာ ရေးသားကြပါတယ်။

မေလ ၃၁ ရက်ကနေ ဇွန်လ ဒီကနေ့ အထိ ရက် ၂၀ အတွင်း ကျိုင်းတုံ၊ ညောင်တုန်း ၊ ဟိုပင်တို့နဲ့ မြန်မာနိုင်ငံကိုပြည်ပကို ‌ဗဟိုပြုလှုပ်ခတ်ခဲ့တာနဲ့ဆိုရင် အနည်းဆုံး ငလျင် ၅ကြိမ်အထိလှုပ်ခတ်ထားတာဖြစ်ပြီး အင်အား ရစ်ခ်တာစကေး ၄ ဒသမ ကျော်ကနေ ၆ အဆင့်ရှိတဲ့ငလျင်တွေဖြစ်ပါတယ်။

ဒီကနေ့မနက်ပိုင်း ငလျင်လှုပ်ခတ်မှုကို ဘယ်မြို့နယ်တွေမှာ သတိထားမိကြပါသလဲ၊ ထိခိုက်ပျက်စီးမှုတွေရော ရှိခဲ့ကြပါသလား။ ဘီဘီစီမှာ မှတ်ချက်‌ပေးမျှဝေနိုင်ပါတယ်။

သိန်းထောင်ကျော်တန်ဖိုးရှိတဲ့ ကား၊ လိုင်စင်မဲ့ကားနဲ့ လူသုံးကုန်ပစ္စည်းတွေ ဖမ်းဆီးခံရ

ဇွန် ၁၄ ရက်ကနေ ဇွန် ၁၆ ရက်နေ့အထိ ဖမ်းဆီးရမိတဲ့အမှုပေါင်း ၁၆ မှုမှာသိမ်းဆည်းရမိတဲ့ တရားမဝင် တင်သွင်းတဲ့ ပစ္စည်းတွေလို့ သတ်မှတ်ထားတဲ့ ပစ္စည်းတန်ဖိုးပေါင်းက ကျပ်သိန်းပေါင်း ၂ ထောင်ကျော်အထိ ရှိပါတယ်။

ဇွန်လ ၁၄ ရက်မှာ ပဲခူးတိုင်း၊ ဘုရားကြီးမြို့နယ်အတွင်း၊ ကုန်သွယ်ခွင့်တရားဝင်စာရွက်စာတမ်းပြသနိုင်တာ မရှိတဲ့ မော်တော်ယာဥ်ပေါ်တင်ဆောင်လာတဲ့ ထမင်းပေါင်းအိုးအပါအဝင် စက်မှုကုန်ကြမ်းပစ္စည်း၊ လူသုံးကုန် ပစ္စည်းတွေနဲ့ အတူ အဲဒီပစ္စည်းတွေကိုတင်ဆောင်လာတဲ့ Hyundai Bus ကားကိုလည်း စစ်ကောင်စီပူးပေါင်းစစ်ဆေးရေးဂိတ်က သိမ်းဆည်းခဲ့ပါတယ်။

ဇွန်လ ၁၆ ရက်နေ့မှာတော့ ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ထဲမှာ အလားတူတင်သွင်းလာတဲ့ လူသုံးကုန်နဲ့ စက်မှု ကုန်ကြမ်းပစ္စည်း၊ Mistsubishi Fuso Tractor Head နဲ့ နောက်တွဲယာဥ် (ကုန်တင်ယာဥ်အကြီးစား) တို့ကို စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

နောက်ထပ် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်ဘက်မှာလည်း မြစ်ကြီးနားကနေ မောင်းနှင်လာတဲ့ ကားအမျိုး အစားစုံ လိုင်စင်မဲ့ ကား ၈ စီးတို့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲဒီအပြင် မန္တလေးလေဆိပ်မှာကနေ ထွက်ခွာမယ့် ပြည်သူ ၁ ဦးထံကလည်း ဒရုန်း ၁ စင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ကော်မတီက ထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေဟာ ထိုင်းနိုင်ငံဘက်ကနေ တင်သွင်းသယ်ဆောင်လာတဲ့ ပစ္စည်း‌တွေအများဆုံးပါဝင်ပြီး သိမ်းဆည်းတဲ့ပစ္စည်းတွအပေါ် တန်ဖိုးသတ်မှတ်ဖော်ပြတဲ့ ငွေကြေးပမာဏဟာ ပြင်ပက ပေါက်စျေးတွေ ထက် အဆမတန်နည်းပါးတယ်လို့လည်း ကုန်သွယ်နေကြတဲ့ ကုန်သည်တွေထံကသိရပါတယ်။