ဘူးသီးတောင်မြို့ပေါ်က စစ်ရှောင်တွေကို နေရပ်ပြန်ခိုင်း

ရခိုင် စစ်ရှောင်စခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, kaung Mrat naing

ဓာတ်ပုံ ပုံစာ, ရခိုင် စစ်ရှောင်စခန်းတစ်ခု

ဘူးသီးတောင်မြို့ပေါ်က စစ်ရှောင်စခန်းသုံးခုမှာ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို အခုအောက်တိုဘာ ၃၁ ရက်နေ့နောက်ဆုံးထားပြီးတော့ နေရပ်ပြန်ကြဖို့နဲ့ သက်ဆိုင်ရာအာဏာပိုင်တွေဘက်က ဖိအားပေးလာကြောင်း ဒုက္ခသည်တွေက ပြောပါတယ်။

 ဒုက္ခသည်တွေနေရပ်ပြန်ကြဖို့ အောက်တိုဘာ ၁၉ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးကနေ စစ်ရှောင်စခန်းတာဝန်ခံတွေကို ခေါ်ယူတွေ့ဆုံပြီး ပြောကြားခဲ့တာလို့ သိရပါတယ်။

သတ်မှတ်ရက်အတွင်း အဲ့ဒီဒုက္ခသည်စခန်းတွေကနေ ထွက်မသွားဘဲဆက်နေလို့ရှိရင် ကျူးကျော်အဖြစ် သတ်မှတ်ပြီးတော့ ကျူးကျော်နေထိုင်မှုဥပဒေ၊ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ တို့နဲ့ အရေးယူမှုတွေပြုလုပ်သွားမယ်လို့ ပြောဆိုကြောင်း သိရပါတယ်။

စစ်ဘေးရှောင်ကျေးရွာသားတွေခိုလှုံနေကြတဲ့ ဒုက္ခသည်စခန်းတွေကို ဖျက်သိမ်းချင်တဲ့အတွက် အခုလို ပြင်ဆင်လာတာဖြစ်ပြီး ဒါဟာ ဒီဒုက္ခသည်တွေကို စစ်ပွဲတွေထဲ ဆွဲသွင်းနေတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

 စစ်ရှောင်ဒုက္ခသည်တွေအနေနဲ့ သူတို့ရဲ့မူလကျေးရွာတွေကို ပြန်ပြီး မိမိတို့ရဲ့နေအိမ်တွေမှာ နေထိုင်ချင်ကြပေမဲ့ ပြင်းထန်နေတဲ့ စစ်ရေးအခြေအနေတွေ၊ မလုံခြုံမှုတွေနဲ့ နေစရာအိမ်မရှိတော့တဲ့ အခြေအနေတွေကြောင့် အခုလို ဒုက္ခသည်စခန်းတွေမှာသာ ဆက်လက် နေထိုင်နေရတာဖြစ်တယ်လို့ ဆိုပါတယ်။

“ပြန်လို့ရတဲ့ အနေအထားမှာ ရှိရင်ကျွန်မတို့ ပြန်မှာပါ၊ အခုဟာက ပြန်လို့မရတဲ့ အနေအထားဖြစ်နေလို့ပါ“လို့ ဘူးသီးတောင်မြို့နယ်၊ ရန်အောင်မြေစခန်းမှာနေထိုင်တဲ့ ဒေါ်မေဦးခိုင်ပြောပြပါတယ်။

 ဘူးသီးတောင်မြို့ပေါ်က စစ်ဘေးရှောင်တွေဟာ အစိုးရပိုင်မြေနေရာတွေမှာ နေထိုင်နေကြတာမဟုတ်ဘဲ လမ်းမဘုန်းတော်ကြီးကျောင်း၊ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းနဲ့ မြတောင် ဘုန်းတော်ကြီးကျောင်းတွေမှာ ခိုလှုံနေကြတာလည်းဖြစ်ပါတယ်။

ဒုက္ခရောက်နေကြတဲ့ စစ်ရှောင်တွေကို စစ်ကောင်စီအနေနဲ့ ကူညီစောင့်ရှောက်မှုတွေ မလုပ်ဘဲ ၊နယ်မြေမအေးချမ်းသေးခင် အခုလိုနေရပ်ပြန်စေတာက အစိုးရကောင်းတစ်ရပ် မပီသဘူးလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“ဒုက္ခ‌ရောက်လို့ ပြေးလာသူတွေကို နိုင်ထက်စီးနင်း နှင်ထုတ်တာဟာ နိုင်ငံတကာမှာလည်း မရှိဘူး ၊အကူအညီပေးရမယ့်အစား နှင်ထုတ်တာဟာ မလုပ်သင့်မလုပ်ထိုက်တာပဲ “လို့လည်း သူက ပြောပါတယ်။

ရခိုင် စစ်ရှာင်အချို့ နေရပ်စွန့်ခွာပြီးထွက်ပြးကြရ

ဓာတ်ပုံ ရင်းမြစ်, ML

ဓာတ်ပုံ ပုံစာ, ရခိုင် စစ်ရှာင်အချို့ နေရပ်စွန့်ခွာပြီးထွက်ပြးကြရ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

 ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့ပေါ်က စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်တဲ့ ရန်အောင်မြေ ဒုက္ခသည်စခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၄ ရက် မနက်ပိုင်း ၁ နာရီခွဲလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေနတ်တွေပစ်ဖောက်ပြီး ဝင်ရောက်လာကာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ စခန်းအတွင်းမှာနေထိုင်သူတွေက ပြောဆိုကြပါတယ်။

အဲဒီနေ့ည ၁ နာရီလောက်ကစတင်က စခန်းတည်ရှိတဲ့ ရန်အောင်မြေဘုန်းတော်ကြီးကျောင်းဝန်းထဲမှာရှိတဲ့ တောင်ပေါ်နဲ့ စခန်းပတ်ဝန်းကျင်နေရာတစ်ချို့က လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်သံတွေ ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး စခန်းအတွင်းကို စစ်သားတွေဝင်ရောက်လာခဲ့တာလို့ သိရပါတယ်။

အဲဒီစခန်းဟာ မြို့ပေါ် ရပ်ကွက် ၅ မှာ တည်ရှိသလို မြို့နဲ့အနီးဝန်းကျင်နေရာတွေမှာလည်း တိုက်ပွဲဖြစ်ပွားတာတွေ မရှိကြောင်းနဲ့ ဘာကြောင့် အခုလိုဝင်ရောက်ပစ်ခတ်ပြီး စစ်ဆေးမှုတွေပြလုပ်ခဲ့တယ်ဆိုတာ မသိရဘူးလို့ ဒုက္ခသည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

“အဲဒီနေ့ညက ပစ်ခတ်တာက စခန်းကို လေးနေရာကနေဝိုင်းပြီး တေ့ ပစ်တယ်။ ပြီးတော့ စခန်းအတွင်းကိုဝင်လာတယ်။ စစ်ဆေးမှုတချို့တော့ရှိခဲ့တယ်။ လူတွေ ဖမ်းဆီးခံလိုက်ရတာတော့မရှိဘူး”လို့ စခန်းတာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

no tag

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ဘေးရှောင်စခန်းတွေထဲက ရန်အောင်မြေ စခန်းတစ်ခုထဲကိုပဲ အခုလို သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး စစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမယ့် တခြားစခန်းတွေကိုတော့ ရောက်ရှိလာခဲ့တာမရှိဘူးလို့ လမ်းမစခန်းတာဝန်ရှိသူတွေက ပြောဆိုကြပါတယ်။

မြို့နဲ့အနီးဝန်းကျင်နေရာတွေမှာ လတ်တလောတိုက်ပွဲဖြစ်ပွားတာတွေမရှိပေမယ့် ဘူးသီးတောင်မြို့နယ် သပိတ်တောင်ရွာဘက်မှာတော့ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှုတွေ ရှိနေခဲ့တယ်လို့ လွှတ်တာ်ကိုယ်စားလှယ်ဟောင်း ဦးအောင်သောင်းရွှေက ပြောပါတယ်။

စခန်းအတွင်းသို့ ဝင်ရောက်လာခဲ့ကြတဲ့ စစ်သားတွေဟာ စခန်းဝင်ဝမှာရှိတဲ့ နေအိမ်တွေက မိသားစုတွေကိုခေါ်ယူပြီး သန်းခေါင်စာရင်းစစ်ဆေးမှုတွေပြုလုပ်ကာ လူတွေကိုလက်မြှောက်ပြီး မြေကြီးပေါ်မှာထိုင်ခိုင်းထားပြီးတော့ မနက်ပိုင်း ၃ နာရီလောက်မှ အဲ့ဒီလူတွေကို ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စခန်းထဲကလူတွေကို ဖမ်းဆီးသွားတာမရှိပေမယ့် ခြိမ်းခြောက်ပြီး နေရပ်ပြန်ခိုင်းတယ်လို့ ယူဆရကြောင်း ဒီမတိုင်ခင်ကလည်း စခန်းက ဒုက္ခသည်တွေကို နေရပ်ပြန်ခိုင်းတာရှိကြောင်းလည်း သူကပြောပါတယ်။

 ရခိုင်တစ်ပြည်နယ်လုံးက စစ်ရှောင်တွေကို နေရပ်ပြန်ခိုင်း

နယ်မြေလုံခြုံမှုမရှိဘဲနေရပ်ပြန်ခိုင်းတာနဲ့ပတ်သက်လို့ ဒေသခံတွေရဲ့ ဒီပြောဆိုချက်တွေအပေါ် စစ်ကောင်စီရဲ့တုံ့ပြန်ချက်ကိုသိရဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်နယ်လုံဝန်ကြီးထံ ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အဆက်အသွယ်မရခဲ့ပါဘူး။

ဒေသန္တရ အုပ်ချုပ်ရေးအာဏာပိုင်တချို့ကတော့ ဘူးသီးတောင်တစ်ခုတည်း မဟုတ်ဘဲ တစ်ပြည်နယ်လုံးမှာ ရှိတဲ့ စစ်ရှောင်တွေကို နေရပ်ပြန်ဖို့ ညွှန်ကြားနေတာဖြစ်တယ်လို့ ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ တိုက်ပွဲတွေမရှိတော့ဘူးလို့ပြောဆိုနေပေမဲ့ ဘူးသီးတောင် မြို့နယ်အတွင်းမှာတော့ ပစ်ခတ်သံတွေနဲ့ အရပ်သားဖမ်းဆီးခံရမှုတွေက နေ့တိုင်းလိုလို ဖြစ်ပွားနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားပြီးတဲ့နောက်မှာ နေရပ်တွေကနေ စွန့်ခွာပြီးစစ်ဘေးရှောင်သူ အရေအတွက်လည်း နောက်ထပ် တစ်သောင်းကျော်ခန့် ထပ်တိုးလာခဲ့တယ်လို့ ရခိုင်စစ်ရှောင်အရေး အကူအညီပေးနေသူတွေက ပြောပါတယ်။

ကုလသမဂ္ဂရဲ့ နောက်ဆုံးစာရင်းတွေအရ အာဏာသိမ်းပြီးတဲ့နောက် မြန်မာနိုင်ငံတစ်ဝန်းမှာ လူ ၁ ဒသမ ၃ သန်းဟာ အိုးအိမ်စွန့်စွာ ထွက်ပြေးနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

 စစ်ဘေးရှောင်မိသားစုတွေအနေနဲ့ မိမိတို့ရဲ့နေရပ်ကျေးရွာတွေမှာ တိုက်ပွဲတွေဆက်လက်ရှိနေသလို မြေမြှုပ်မိုင်းနဲ့ လက်နက်ခဲယမ်းအန္တရာယ်တွေကြောင့် နေရပ်ကိုမပြန်နိုင်ကြတဲ့အချိန်မှာ အခုလိုမျိုးလာရောက်နှင်ထုတ်တာဟာ နိုင်ထက်စီးနင်းလုပ်တာဖြစ်တယ်လို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။