မေ ၄ ရက် နိုင်ငံတဝန်း သတင်းအနှစ်ချုပ် - နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ဖို့ စစ်ခေါင်းဆောင်ကိုယ်တိုင် ဦးဆောင်မယ်

နျူကလီးယားစွမ်းအင် အကောင်အထည်ဖော်ရေးနဲ့ ပတ်သက်လို့ အမြင့်ဆုံးဦးဆောင်ကော်မတီကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် ဦးဆောင်ဖွဲ့စည်းထားတယ်လို့ မြန်မာနိုင်ငံပြန်တမ်းမှာ ဖော်ပြထားပါတယ်။

နျူကလီးယားစွမ်းအင်အစီအစဉ် နဲ့ နျူကလီးယားစီမံကိန်းတွေ အကောင်အထည်ဖော်ရေး၊ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွေကို ဒီကော်မတီက စောင့်ကြည့်စစ်ဆေး လမ်းညွှန်ချက်ပေးမှာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ အစိုးရအဖွဲ့ဝင်တွေပါဝင်တဲ့ ဒီ ဦးဆောင်ကော်မတီမှာ အတွင်းရေးမှူးက သိပ္ပံနှင့်နည်းပညာဝန်ကြီး ဖြစ်ပြီး သူက လုပ်ငန်းကော်မတီမှာလည်း ဥက္ကဋ္ဌ ဖြစ်ပါတယ်။

လုပ်ငန်းကော်မတီက နျူကလီးယားစွမ်းအင်အစီအစဉ်နဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုတွေကို အထောက်အပံ့ပြုဖို့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီအပါအဝင် တခြားအဖွဲ့အစည်းတွေ နဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ရုရှားအစိုးရပိုင် အဏုမြူစွမ်းအင်ကော်ပိုရေးရှင်း Rosatom နဲ့ နျူကလီးယားစွမ်းအင်ဆိုင်ရာစီမံကိန်းအတွက် စာချုပ်ချုပ်ထားပြီး ပထမဆုံး နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာကို ရန်ကုန်မြို့ မှာ ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာမှာ လူပေါင်း ၃ သန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ကုလပြော

မြန်မာမှာဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရတဲ့ ဒေသခံပြည်သူ ၃ သန်းကျော်အထိရှိလာပြီလို့ ကုလသမဂ္ဂရုံးကနေ မေ ၄ ရက် မနက်အစောပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ဒီအရေအတွက်ဟာ ပြီးခဲ့တဲ့ ၆ လ အတွင်းမှာပဲ သိသိသာသာ မြင့်တက်လာခဲ့တာလို့ ဆိုပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ စစ်တပ်အာဏာသိမ်းလိုက်တဲ့နောက်ပိုင်းကစလို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခက်အခဲအကျပ်အတည်းတွေနဲ့ ကြုံတွေ့နေရပြီး နိုင်ငံတဝန်းက ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာတဲ့ အရပ်သားအရေအတွက် စံချိန်တင်မြင့်တက်ခဲ့တာလို့ ထည့်သွင်းပြောဆိုထားပါတယ်။

နေရပ်စွန့်ခွာနေရသူတွေထဲ ၂ ဒသမ ၇ သန်းကျော်ကတော့ တိုက်ပွဲပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်ပြီး သုံးပုံတစ်ပုံကတော့ ပညာဆက်မသင်ကြားနိုင်တဲ့ ကလေးငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက ချင်း၊ မကွေးနဲ့ စစ်ကိုင်းတိုင်းတို့မှာ အရပ်သား ၁ ဒသမ ၅ သန်းနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်နေပြီး အများဆုံးပမာဏအဖြစ်ရှိနေတယ်လို့ ကုလသမဂ္ဂက ထောက်ပြထားပါတယ်။

ကယား(ကရင်နီ)၊ ပဲခူး၊ ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မွန်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာတော့ နေရပ်စွန့်ခွာထွက်ပြေးတဲ့သူ ၉ သိန်းကျော်ရှိတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာတော့ လူပေါင်း ၃ သိန်း ၅ သောင်းကျော် အိုးအိမ်စွန့်ခွာနေရတယ်လို့ ပြောပါတယ်။

မြန်မာမှာ ၂၀၂၄ ခုနှစ်အတွင်း နေရပ်စွန့်ခွာနေရသူတွေအပါအဝင် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတဲ့လူအရေအတွက်ဟာ ၉ သိန်းခွဲနီးပါးအထိ ရောက်ရှိနေပြီလို့ ကုလသမဂ္ဂက ဖော်ပြထားပါတယ်။

အွန်လိုင်းကျောင်း ၅၅ ကျောင်းကို NUG သက်တမ်းတိုး

ကျောင်းဖွင့်ရာသီပြန်လည်စတင်တော့မယ့်အချိန်မှာပဲ အွန်လိုင်းကနေ သင်ကြားမယ့် ကျောင်း ၅၅ ကျောင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က သက်တမ်းတိုးလိုက်ပါတယ်။

NUG ရဲ့ ပညာရေးဝန်ကြီးဌာနကို လျှောက်ထားလာတဲ့ ကျောင်းတွေကို လေ့လာဆန်းစစ်အကဲဖြတ်ခဲ့တာဖြစ်ပြီး မူဝါဒ ၁၁ ချက်အထိ အကဲဖြတ်ခဲ့တာလို့ NUG က ထုတ်ပြန်ပါတယ်။

သတင်းအချက်လက်နဲ့နည်းပညာလုံခြုံရေး လမ်းညွှန်ချက်တွေကို လိုက်နာဆောင်ရွက်ပါမယ်ဆိုတဲ့ ဝန်ခံကတိအတိုင်း လိုက်နာဆောင်ရွက်တာ တွေ့ရတဲ့အတွက် သက်တမ်းတိုးပေးလိုက်တာလို့ သိရပါတယ်။

ဒါ့အပြင် လေ့လာဆန်းစစ် အကဲဖြတ်လုပ်ငန်း ဆောင်ရွက်နေတုန်းဖြစ်တဲ့ အွန်လိုင်း ပြည်သူ့ပညာရေးကျောင်းတွေကိုလည်း အသိအမှတ်ပြု သက်တမ်းတိုးတာကို ဆက်ပြီးထုတ်ပြန်သွားမယ်လို့လည်း NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကြားကာလ သင်ကြားရေးထဲက အွန်လိုင်းပညာသင်ကျောင်းတစ်ခုဖြစ်တဲ့ FOEIM ကျောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီတုန်းက ကျောင်းသားတွေရဲ့ နာမည်၊ ဖခင်နာမည်၊ ဖုန်း၊ အီးမေးလိပ်စာ စတဲ့အချက်လက်တွေ ပေါက်ကြားခဲ့ပြီးနောက်ပိုင်း ပိတ်သိမ်းလိုက်တယ်လို့ FOEIM က ကြေညာခဲ့ပါတယ်။

၂၀၂၂ ခုနှစ်ဇူလိုင်တုန်းကလည်း Kaung For You ကျောင်းက ဆရာ၊ ဆရာမ ၁၅ ယောက် အဖမ်းခံခဲ့ရပါတယ်။

မြဝတီတဝိုက်က အွန်လိုင်းလုပ်နေတဲ့ နိုင်ငံခြားသားတွေထွက်ခွာဖို့ BGF ထုတ်ပြန်

ကရင်ပြည်နယ်၊ မြဝတီမြို့အပါအဝင် အနီးတဝိုက်မှာ အွန်လိုင်းလုပ်ငန်းဆောင်ရွက်နေကြတဲ့ နိုင်ငံခြားသားတွေအားလုံး ၅ လ အတွင်း ထွက်ခွာရမယ်လို့ ကရင်နယ်ခြားစောင့်တပ် (BGF) က သတိပေးစာ ထုတ်ပြန်ထားပါတယ်။

အောက်တိုဘာလကုန်နောက်ဆုံးထား ထွက်ရမှာဖြစ်ပြီး မထွက်ရင် ထိရောက်စွာ အရေးယူမယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တရားမဝင် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေအားလုံးကိုလည်း အဲဒီကာလအတွင်းမှာပဲ ထွက်ခွာသွားဖို့ BGF က သတိပေးပါတယ်။

မြဝတီမြို့နယ်ထဲမှာ အွန်လိုင်းလုပ်ကိုင်နေသူတစ်ဦးကတော့ ‘’ထွက်သွားရတာမျိုး မရှိသေးဘူး။ အခုလုပ်မယ်ဆိုရင် လုပ်လို့ရနေသေးတယ်။ ၅ လကျန်နေသေးတာဆိုတော့ အဲဒီ ၅ လမှာ ပိုက်ဆံရှာလို့ရနေတာပဲ” လို့ ဘီဘီစီကိုပြောပါတယ်။

အဲဒီသတိပေးထုတ်ပြန်ချက်ကို BGF ဘက်က မြန်မာဘာသာစကားအပြင် တရုတ်ဘာသာစကားနဲ့ရော အင်္ဂလိပ်ဘာသာစကားနဲ့ပါ ရေးသားထုတ်ပြန်ထားတာဖြစ်ပါတယ်။

အမျိုးသားတွေ ပြည်ပထွက် အလုပ်လုပ်ခွင့်တားမြစ်ချက် ဖြေလျော့ပေးဖို့ စီစဉ်နေ

အမျိုးသားတွေ ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းခဲ့ပေမယ့် ဖြေလျော့ဖို့ စီစဉ်နေတဲ့အကြောင်း အလုပ်သမားဝန်ကြီးဌာနက ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“ဘယ်လောက်အတိုင်းအတာအထိ ဖြေလျော့ရမလဲ ဆိုတာ တိုင်ပင်နေကြပါတယ်”လို့ သူက ဆက်ပြောပါတယ်။

ဒါ့အပြင် G to G လို့ခေါ်တဲ့ အစိုးရချင်းသဘောတူညီချက်နဲ့ ပြည်ပကို လုပ်သားစေလွှတ်တာကိုတော့ ရပ်မှာမဟုတ်ဘူးလို့ သိရပါတယ်။

အမျိုးသားတွေ ပြည်ပထွက်အလုပ်လုပ်ခွင့်ကို ယာယီရပ်ဆိုင်းလိုက်တာဟာ စစ်မှုထမ်းဥပဒေ နဲ့ မသက်ဆိုင်ဘဲ ပြည်ပမှာ အလုပ်သွားလုပ်တဲ့ လူတွေလည်း စစ်မှုထမ်းဖို့ ပြန်လာရမှာပဲ လို့ ဘီဘီစီ ကို ပြောပါတယ်။

မြန်မာကနေ ပြည်ပထွက်ခွာအလုပ်လုပ်ကြသူတွေထဲ ထိုင်း၊ မလေးရှား၊ ဂျပန်၊ တောင်ကိုရီးယား၊ စင်ကာပူနဲ့ အရှေ့အလယ်ပိုင်းဒေသနိုင်ငံတွေကို သွားရောက်အလုပ်လုပ်ကိုင်ကြတာ အများဆုံးဖြစ်ပါတယ်။

အမျိုးသားတွေ ပြည်ပထွက်အလုပ်လုပ်ခွင့် ယာယီရပ်ဆိုင်းချက်ကြောင့် အဲဒီနိုင်ငံတွေကို တရားဝင်လမ်းကြောင်းကနေအလုပ်လုပ်ကိုင်ဖို့ စီစဉ်နေသူတွေအတွက် အခက်အခဲဖြစ်စေတယ်လို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေးအေဂျင်စီလုပ်ငန်းလုပ်ကိုင်တဲ့လုပ်ငန်းရှင်အချို့က ဘီဘီစီကို ပြောပါတယ်။

ထိုင်းမှာ မြန်မာလုပ်သားတစ်ယောက်ကို ရိုက်နှက်လို့ အမှုဖွင့်

ထိုင်းနိုင်ငံ၊ နန်းကော့ပထုံမြို့က ဝက်သတ်ရုံမှာအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားတစ်ယောက်ကို ရိုက်နှက်ခဲ့သူတွေကို အမှုဖွင့်ထားတဲ့အကြောင်း မြန်မာအလုပ်သမားအတွက် လိုက်ပါကူညီပေးနေတဲ့ Labour Protection Network ညှိနှိုင်းရေးတာဝန်ခံက ဘီဘီစီကို ပြောပါတယ်။

ဧပြီ ၂၅ ရက်ကလုပ်တဲ့ အစည်းအဝေးမှာ အလုပ်ဆက်တိုက်မလုပ်ရတာနဲ့ ပတ်သက်လို့ အလုပ်သမားတွေဘက်က အဆင်မပြေကြောင်း ပြန်ပြောတဲ့ မြန်မာအလုပ်သမားကို အလုပ်ရှင်ရဲ့ အစ်ကို၊ လုံခြုံရေးဝန်ထမ်း၊ ယာဉ်မောင်း နဲ့ ထိုင်းနိုင်ငံသားအလုပ်သမားခေါင်းဆောင် တို့က ရိုက်နှက်ပြီး တောထဲက ချောင်းဘေးတနေရာမှာ စွန့်ပစ်ခဲ့တယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

ဘီဘီစီက ရရှိထားတဲ့ ပုံတွေအရ ရိုက်နှက်ခံထားရတဲ့ မြန်မာလုပ်သားဟာ မျက်နှာနဲ့ ဦးခေါင်းမှာ ပြင်းထန်ဒဏ်ရာတွေရထားတာ တွေ့ရပါတယ်။

“လက်ရှိအချိန်မှာတော့ လုံခြုံရေးကို ဖမ်းမိထားပြီလို့ သိရတယ်။ အလုပ်ရှင်အစ်ကို၊ ယာဉ်မောင်း၊ အလုပ်သမားခေါင်းဆောင်ကို လူသတ်ဖို့ကြံစည်မှုနဲ့ အမှုဖွင့်ထားတယ်၊ အလုပ်ရှင်ကိုတော့ ဘယ်လိုအမှုနဲ့တရားစွဲမလဲဆိုတာကို အမှုတည်ဆောက်နေတယ်”လို့ သူက ပြောပါတယ်။

အဲ့ဒီစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားအယောက် ၃၀ ကျော်ကိုလည်း အလုပ်သမားသံအရာရှိရုံး၊ အလုပ်သမားပို့ဆောင်ရေး ကုမ္ပဏီတို့တို့က ပြန်ခေါ်ထားတယ်လို့လည်း သိရပါတယ်။

အဲဒီဝက်သတ်အလုပ်ရုံမှာ လုပ်အားခ အပြည့်အဝမပေးတာ အပါအဝင် အလုပ်သမားအခွင့်အရေး ချိုးဖောက်တာတွေလည်း ရှိနေတယ်လို့ LPN ညှိနှိုင်းရေးတာဝန်ခံက ပြောပါတယ်။

မင်္ဂလာဒုံတပ်စခန်းဂိတ်ကို PDF ဗုံးခွဲတိုက်ခိုက်

ရန်ကုန်တိုင်း၊ အောင်မင်္ဂလာအဝေးပြေးကားဝင်းရှေ့က စစ်ကောင်စီရဲ့ မင်္ဂလာဒုံတပ်စခန်းဂိတ်ကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ (PDF) တွေက ပြင်းအားမြင့် အဝေးထိန်း ဗုံး ၂ လုံးနဲ့ မေ ၃ ရက် ညပိုင်းမှာ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

“မနေ့ညက အသံ နှစ်သံ အကျယ်ကြီးကြားလိုက်တယ်။ သေနတ်ပစ်သံတော့မဟုတ်ဘူး” လို့ အောင်မင်္ဂလာအဝေးပြေးကားဝင်းထဲမှာ အလုပ်လုပ်ကိုင်နေသူတစ်ဦးကလည်း ဘီဘီစီကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မြောက်ဥက္ကလာ PDF နဲ့ မြောက်ဥက္ကလာ UG တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားကြပါတယ်။

အဲဒီမိုင်းခွဲတိုက်ခိုက်မှုကြောင့် ရုံးရှေ့မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရရှိနိုင်ပြီး စစ်တပ်ကားတစ်စီးလည်း ပျက်စီးမှုရှိနိုင်တယ်လို့ PDF ရဲ့ ထုတ်ပြန်ချက်ထဲမှာ ရေးသားဖော်ပြထားပါတယ်။

တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်သွားမှာဖြစ်လို့ စစ်ကောင်စီတပ်တွေနဲ့ ဝေးရာကို ရှောင်ကြဉ်သွားလာကြဖို့ PDF က မြို့ခံတွေကို တိုက်တွန်းထားပါတယ်။

စစ်ကောင်စီကတော့ ထောက်လှမ်းရုံး ဗုံးခွဲတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ လက်ရှိအချိန်ထိ ထုတ်ပြန်လာတာ မရှိသေးပါဘူး။

နမ္မတူမှာ လေဆင်နှာမောင်း တိုက်ခတ်လို့ နေအိမ် ၈၀ ကျော်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း က တအာင်းတပ်TNLA ထိန်းချုပ်ထားတဲ့ နမ္မတူမြို့မှာ လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ် ၈၀ ကျော်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

အဲဒီလေဆင်နှာမောင်းဟာ ၁၅ မိနစ်ခန့်ကြာအထိ တိုက်ခတ်ခဲ့တာဖြစ်ပြီး မေ ၁ ရက်နေ့ မနက်ပိုင်းမှာ ဖြစ်ခဲ့တာလို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

“ပန်ဟိုက်နဲ့ သတ္တုတွင်းရပ်ကွက်တွေ အဓိကထိသွားတယ်။ လူအသေအပျောက်တော့မရှိဘူး” လို့ သူကဆက်ပြောပါတယ်။

လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားတဲ့နေအိမ်တွေကိုလည်း တအာင်းလွတ်လပ်ရေးတပ် (TNLA) ရဲ့ စည်ပင်သာယာရေးအဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တို့က ရှင်းလင်းကူညီဆောင်ရွက်ပေးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၄ ရက်မှာလည်း မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့တာကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် နောင်အန်ကျေးရွာမှာလည်း ဒေသခံနေအိမ် ၂၀ ကျော် ပျက်စီးခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေမှာ ဖော်ပြထားကြပါတယ်။