လုယက်မှုတွေ ထူပြောနေတဲ့ ရန်ကုန်မြို့ကြီး

မြန်မာနိုင်ငံက လူဦးရေ အများဆုံးနေထိုင်တဲ့မြို့ ၊ ရန်ကုန်မြို့မှာ အခုရက်ပိုင်း နေ့ခင်းဘက်တွေမှာတောင် လုယက်မှုတွေ ဖြစ်ပွားမှု များလာတယ်လို့ ကိုယ်တွေ့ကြုံသူတွေက ပြောပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်ကျော်ကြာလာတဲ့အချိန် ရန်ကုန်မြို့မှာ တရားဥပ‌ဒေ စိုးမိုးမှု အားနည်းလာပြီး ခိုး၊ ဆိုး၊ လုယက်မှုတွေ ပိုများလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လူဦးရေ ၆ သန်းလောက် နေထိုင်ကြတဲ့ ရန်ကုန်မြို့ရဲ့ လူစည်ကားတယ်လို့ ပြောလို့ရတဲ့ နေရာတွေမှာ နေ့ခင်းဘက်လို အချိန်မျိုးမှာတောင် အနုကြမ်းစီး ဓားပြတိုက်တာ၊ ကားလုတာ၊ ဆွဲကြိုးဖြတ်တာနဲ့ စက်ဘီးနဲ့ ဆိုင်ကယ်ခိုးတာတွေက မကြာခဏ ဆိုသလို ဖြစ်ပွားနေတယ်လို့ ရန်ကုန်မြို့ခံတွေက ဆိုပါတယ်။

“အခုဟာက မနက်ပိုင်းလည်း လုတယ်၊ စျေးသွားတဲ့အချိန် လည်း လုတယ်၊ ဆိုင်ကယ်နဲ့ ဆွဲကြိုးဖြတ်တယ် “လို့ အရှေ့ဒဂုံ မြို့နယ်မှာ နေထိုင်သူတစ်ဦး ကပြောပါတယ်။

“မြောက်ဒဂုံ ပင်လုံဆေးရုံနားမှာ စက်ဘီးရပ်ပြီး ဖုန်းပြောနေတုန်း ဆိုင်ကယ်ဘေးတွဲနဲ့ လူ ၅ ယောက်ရောက်လာပြီး ဓားထောက် အလုခံလိုက်ရတယ်၊ နေ့လယ် ၁၁ နာရီလောက်ပဲ ရှိသေးတယ်”လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၀ ရက်နေ့က အလုခံလိုက်ရသူ ကုမ္ပဏီ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

“ဖုန်းနဲ့ ကျောပိုးအိတ်ပါ ပေးဆိုလို့ ဖုန်းရော ကျောပိုးအိတ်ပါပေးလိုက်ရပြီး ကျောပိုးအိတ်ထဲက ပိုက်ဆံ ၃ သောင်းကျော်လည်း ပါသွားတယ်”လို့ သူ က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၈ ရက်နေ့ ညနေ ၆နာရီ ကျော်လောက်ကလည်း ရန်ကုန်မြို့လယ်က ဗိုလ်တထောင်မြို့နယ်မှာရှိတဲ့ ခရီးသွားလုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီတစ်ခုအတွင်းကို လူ ၄ ဦး ဝင်ရောက်လာပြီး သေနတ်ပစ်ဖောက်ကာ လုယက်မှုဖြစ်ပွားခဲ့ပြီး ကျပ်သိန်း ၁၅၀၀ ပါသွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီရက်ပိုင်းပဲ အင်းစိန် ဖော့ကန်ကနေ မရမ်းကုန်းမြို့နယ် အောင်သိဒ္ဓိ လမ်းကို ကားငှားပြီးလိုက်ပို့တဲ့ အငှားကားမောင်းသူကို ကားငှားတဲ့ လူငယ်နှစ်ဦးက ဓားထောက်ပြီး ဖုန်းနဲ့ ကားအပါအဝင် ပိုက်ဆံ ငါးသောင်းကိုပါ လုယူသွားခဲ့တယ်လို့ ဆိုပါတယ်။။

လုယက်ခံရတဲ့ အချိန်မှာ ပတ်ဝန်းကျင်ကို အကူအညီတောင်းခဲ့ပေမယ့်လည်း အဲဒီလမ်းက ကိုယ်ပိုင်ခြံဝင်းနဲ့ နေထိုင်သူများတာကြောင့် အကူအညီမရခဲ့ဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်လောက်က မြောက်ဒဂုံတပင်ရွှေထီးလမ်းမကြီးပေါ်မှာ စက်ဘီးစီးလာတဲ့သူ အမျိုးသမီးတစ်ဦး စက်ဘီးအရှေ့ခြင်းထဲမှာ ထည့်ထားတဲ့ အိတ်ကိုလုတာ ဖုန်းရော ပိုက်ဆံတွေရော အကုန်ပါသွားတယ်လို့ အလုခံရသူ အမျိုးသမီးက ပြောပြပါတယ်။

မြောက်ဒဂုံမှာ အလုခံရသူတွေအများစုကတော့ ဘာမှ ပြန်မရတဲ့သူများတယ်လို့ ကြုံခဲ့ရသူအချို့ကပြောပါတယ်။

မရမ်းကုန်းမှာ ကားနဲ့ ဖုန်းအလုခံရသူကတော့ မရမ်းကုန်းမြို့နယ်ရဲစခန်းမှာ အမှုဖွင့်တိုင်ကြားထားပေမယ့်လည်း ကားနဲ့ ပတ်သက်တဲ့ သတင်းမရသေးဘူးလို့ ကားအလုခံရသူနဲ့ နီးစပ်သူရဲ့ ပြောပြချက်အရ‌သိရပါတယ်။

အလားတူဖြစ်ရပ်မျိုး သြဂုတ်လ ၈ ရက် နေ့ ညနေ ၄ နာရီကျော်လောက်မှာ ရန်ကုန်မြို့ မြောက်ဥက္ကလာကနေ အင်းစိန်ကို ကားအငှားလိုက်ရာမှာ ကားအပါအဝင် ဖုန်းနဲ့ ပိုက်ဆံ အလုခံလိုက်ရတဲ့ ဖြစ်စဥ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

“ရဲတွေက ကင်းလှည့်ပြီး လူတွေကို စောင့်ရှောက်ဖို့ အသာထား၊ သူတို့တောင် အပြင်ထွက်ရင် စျေးဝယ်တဲ့ရက်လောက်ပဲ ကားနဲ့ထွက်ကြတော့ လုတဲ့သူတွေက ပိုပြီးသောင်းကျန်းလာတယ်”လို့ မြောက်ဒဂုံမှာနေထိုင်သူ တွေက ပြောပါတယ်။

အရှေ့ဒဂုံနဲ့ မြောက်ဒဂုံမြို့နယ်က လူစည်ကားတဲ့ စျေးတွေမှာ ဆွဲကြိုးဖြတ်တာနဲ့ အိမ်ထဲဝင်ပြီး အနုကြမ်းစီး လုယက်တာတွေအပြင် ခြံထဲမှာရပ်ထားတဲ့ ဆိုင်ကယ် ဝင် ခိုးတာတွေပါ ရှိနေတယ်လို့ အဲဒီမြို့နယ်မှာ နေထိုင်သူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာ ခိုး ဆိုး လု နှိုက် ကိစ္စတွေအတွက် အရေးယူဆောင်ရွက်တဲ့အပိုင်းမှာ ထိရောက်မှုမရှိတဲ့အတွက် တိုင်ကြားတာမျိုးလည်း မလုပ်တော့ဘူးလို့ ကိုယ်တိုင်ကြုံတွေ့သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရန်ကုန်မြို့ရဲ့ အဓိကကျတဲ့ လမ်းဆုံတွေရဲ့ မီးပွိုင့်တွေမှာ လုံခြုံရေးကင်းတဲတွေဆောက်လုပ်ပြီး စောင့်ကြည့်တာတွေ ရှိနေပါတယ်။

လက်ရှိအချိန်ဟာ ခိုး ဆိုး လု နှိုက် မှုတွေများလာပြီး စိုးရိမ်ကြောင့်ကြမှုရှိနေတဲ့အချိန်မှာ စစ်ကောင်စီဟာ လူတွေကို လုံခြုံရေးပေးမှာလား၊ သူတို့အတွက် လုံခြုံရေးယူနေတာလားဆိုပြီး မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ ပြောဆိုမှုတွေလည်း ရှိနေကြပါတယ်။

“အခုဟာလုတဲ့ သူတွေက ညဘက် သိပ်မလုကြတော့ဘူး၊ ညနေ ၄ နာရီမတိုင်ခင် အလုများတယ် မြောက်ဒဂုံမှာ လုတဲ့ သူတွေက သာမာန်လူတွေ လုတာ မဟုတ်ဘူးထင်တယ်၊ လုနေကျအဖွဲ့တွေ အုပ်စုနဲ့ လုပ်ကြတာလို့ထင်တယ် “လို့ မြောက်ဒဂုံဒေသခံ တစ်ဦးကပြောပါတယ်။