'အရက်တွေ မသောက်နဲ့'၊ မက်သနော အရက်ကြောင့် လူသေဆုံးပြီးနောက် လာအိုရောက် ခရီးသွားတွေ အရက်ပက်ချင် ရှောင်လာကြ

    • ရေးသားသူ, ရူးပတ် ဝင်းဖီးဟေးစ်
    • ရာထူးတာဝန်, လာအို ဗန်ဗျင်းရောက် ဘီဘီစီ အာရှသတင်းထောက်

နမ့်ဇေး တောင်ထွတ်တွေက နေလုံးကွယ်ပျောက်သွားချိန်မှာပဲ ဗန်ဗျင်းလွင်ပြင်တလွှားမှာ ရောင်စုံမိုးပျံပူဖောင်းတွေ လွင့်မျောလာပါတယ်။

အောက်က မြစ်ထဲမှာတော့ ခရီးသွား လူငယ်တွေ လှေပေါ်ကနေ အချင်းချင်း ရေပက် ဆော့ကစားနေကြပါတယ်။

လာအို အလယ်ပိုင်းက ဒီမြို့လေးကို ခရီးသွားတွေ အလာများတာ အဆန်းမဟုတ်ပါဘူး။ ရှုခင်းက အံ့မခန်း လှပပြီး အစစ စျေးချိုသလို ပျော်စရာတွေလည်း ပေါပါတယ်။

ဒါပေမဲ့ အရင်ပတ်က ဒီမြို့လေးမှာ မက်သနော အရက်အဆိပ်သင့်မှုလို့ မသင်္ကာတဲ့ ဖြစ်ရပ်မှာ ခရီးသည် ခြောက်ယောက် သေဆုံးသွားတဲ့ နိုင်ငံတကာသိ အရှုပ်တော်ပုံတခုရဲ့ ဗဟိုချက်လည်း ဖြစ်သွားခဲ့ပါတယ်။

သူတို့သောက်တဲ့ အရက်ထဲမှာ မက်သနောလို့ ခေါ်တဲ့ အရက်တု ချက်ရာမှာ သုံးတဲ့ ဓာတုပစ္စည်းပါတယ်လို့ ယူဆကြပါတယ်။

အရှေ့တောင်အာရှမှာ ကျောပိုးအိတ်လွယ်ပြီး သွားကြတဲ့ အနောက်တိုင်း လူငယ် ခရီးသွားတွေအတွက် ဗန်ဗျင်းဟာ မြစ်ထဲ ရေကစားတဲ့နေရာအဖြစ် ထင်ရှားခဲ့ပါတယ်။ နောက်ပြီး မြစ်ကြောင်းတလျှောက် အရက်ပတ်သောက်တဲ့ ပျော်စရာ နေရာလို့လည်း လူသိများပါတယ်။

ရေကူးဝတ်စုံတွေ၊ ဘီကီနီတွေ ဝတ်ထားကြတဲ့ အပေါင်းအသင်း လူအုပ်တွေ ရေလွှာ လျှောစီးကြရင်း မြစ်ကမ်းဘေးက ဘားဆိုင်တွေမှာ ဗော့ဒကာအရက်ကို ပက်ချင်ဝယ်သောက်ကြ၊ ရေထဲပြန်ဆင်းကြ လုပ်ကြတဲ့ နေရာ ဖြစ်ပါတယ်။

ဗန်ဗျင်းကို ရောက်သူတိုင်း ပျော်ကြရတယ်လို့ ဆိုပါတယ်။

ဗော့ဒကာအရက်ကို ဟိုတယ်လာသူတိုင်းကို တိုက်ပေမယ့် ဒေသထွက် ဗော့ဒကာတွေကို ဘယ်သူမှ မသောက်ရဲတော့ဘူးလို့ ဗြိတိန်က လာတဲ့ ခရီးသွား အမျိုးသမီးငယ် နှစ်ယောက်က ပြောပါတယ်။

မက်သနောအဆိပ်သင့်မှုသတင်းက တကမ္ဘာလုံးကို ရိုက်ခတ်နေချိန်မှာ သူတို့ ဗီယက်နမ်က ရောက်လာကြတာပါ။

ဗီယက်နမ်မှာလည်း ညနေခင်း ဂိမ်းတွေ ဆော့ရင် အရက်အလကားရတတ်တယ်လို့ သူတို့ထဲက တယောက်က ပြောပါတယ်။ သူတို့ပေးတဲ့အရက်က ဘေးကင်းတယ်လို့ပဲ အောက်မေ့မိမှာပါ။ ဒါမျိုးကို ဘယ်တော့မှ မတွေးမိပါဘူးလို့လည်း ဆိုပါတယ်။ ဒီလိုအရက်တွေ ပုံးနဲ့ အများကြီး သောက်ခဲ့ပေမယ့် အခု ဒီမှာ ထပ်မသောက်ရဲတော့ဘူးလို့ သူတို့က ပြောပါတယ်။ ဒီရောက်နေတဲ့ တခြားလူတွေလည်း ဒီလို ခံစားမိတယ်လို့ ဆိုပါတယ်။

ပလပ်စတစ်ပုံးလေးတွေထဲ စျေးပေါတဲ့ ဗော့ဒကာနဲ့ တခြားအရက်တွေ ရောသောက်ကြတာဖြစ်ပါတယ်။ ဒါကို မိတ်ဆွေတွေ ဝိုင်းဖွဲ့ပြီး သောက်ကြပါတယ်။

ဘာကြောင့် အရက်ကို အလကားပေးရတာလဲ၊ လူသေမှု ဖြစ်တဲ့ တည်းခိုခန်းမှာ ဗာ့ဒကာနဲ့ ဝီစကီအရက်ကို ညနေတိုင်း တနာရီ အလကားတိုက်တယ်လို့ ကြားရတယ်၊ ဒါမျိုး အင်္ဂလန်မှာဆိုရင် မသင်္ကာစရာလို့ တွေးမိမှာ အမှန်ပဲလို့ ဆိုပါတယ်။

အခု ဘီယာပုလင်းတွေကိုပဲ သောက်တယ်လို့ ဒီအမျိုးသမီး နှစ်ယောက်က ပြောပါတယ်။

ခရီးသွား ခြောက်ယောက် သေဆုံးမှုက ကျောပိုးအိတ်လွယ်ပြီး ခရီးသွားကြတဲ့ သူတွေအကြားမှာ ရိုက်ခတ်ခဲ့ပါတယ်။ ဒီထဲမှာ အမျိုးသမီးငယ်တွေက ပိုထိခိုက်ခဲ့ပြီး ဗြိတိသျှ၊ သြစတြေးလျနဲ့ ဒိန်းမတ်က စုစုပေါင်း မိန်းကလေး ငါးဦး သေဆုံးခဲ့ပါတယ်။

ဒီထဲက ၅၇ နှစ် အရွယ် အမေရိကန် ခရီးသည် တယောက်ပဲ အမျိုးသား ပါပါတယ်။ အမျိုးသမီးတွေ သောက်တဲ့ အရက်ခွက်တွေထဲပဲ မက်သနောပါတာလားလို့လည်း ခရီးသွားတွေ ဆွေးနွေးပြောဆိုကြတဲ့ အင်တာနက်ဆိုက်တွေမှာ မေးခွန်းထုတ်ကြပါတယ်။ တကယ့်ဖြစ်ရပ်က ဘာလဲဆိုတာ ခုထိ မသိနိုင်သေးပါဘူး။

သေဆုံးသူတွေ အားလုံးက နာနာ တည်းခိုဆောင်ဆိုတဲ့ တနေရာထဲမှာ တည်းကြတဲ့ သူတွေ ဖြစ်ပါတယ်။ အမေရိကန် ခရီးသည်ကို နို၀င်ဘာလ ၁၃ ရက်က သူ့အခန်းထဲမှာ သေဆုံးနေတာ တွေ့ခဲ့ကြောင်း အတည်ပြုနိုင်ပါပြီ။ တမနက်တည်းမှာပဲ ဒိန်းမတ်အမျိုးသမီးနှစ်ယောက်ကိုလည်း သူတို့အခန်းတွေထဲမှာ မေ့မျောနေတာတွေ့ရလို့ ဆေးရုံကို အမြန်ပို့ရပါတယ်။

ကနေ့ နာနာ တည်းခိုဆောင်ကို ပိတ်လိုက်ပြီး ပါတီပွဲတွေ ကျင်းပခဲ့တဲ့ ရေကူးကန်မှာလည်း လူမရှိ ဖြစ်နေပါတယ်။ အနီးအနား မြစ်ကမ်းဘေးက ဂျေဒီးစ်ဆိုတဲ့ အရက်ဆိုင်ကိုလည်း စီးနင်းရှာဖွေခဲ့ပါတယ်။ တရားမဝင် ချက်အရက်တွေ မတိုက်ပါဘူးလို့ပဲ ဒီဟိုတယ်နဲ့ အရက်ဆိုင်ပိုင်ရှင်တွေက ငြင်းဆိုခဲ့ကြပါတယ်။

မြစ်ထဲမှာတော့ အရက်အဆိပ်သင့်မှုကြောင့် ဗန်ဗျင်းကို လူတွေ အလာနည်းသွားတယ်လို့ မတွေ့ရပါဘူး။ နို၀င်ဘာလနှောင်းပိုင်းဟာ ခရီးသွားအလာများတဲ့ ရာသီချိန်ဖြစ်ပါတယ်။ မိုးလကုန်ပြီး ကောင်းကင်က ကြည်လင်နေသလို အပူချိန်ကလည်း ၂၈ ဒီဂရီ စင်တီဂရိတ်လောက်ပဲ ရှိပါတယ်။

တည်းခိုခန်းပိုင်ရှင်တွေက သူတို့အခန်းတွေ လူအပြည့် ဖြစ်ကုန်ပြီလို့ ပြောပါတယ်။ ဥရောပနဲ့ သြစတြေးလျက လာတဲ့ လူငယ်တွေက တကယ်က အနည်းစု ဖြစ်ပါတယ်။ အများဆုံးလာကြသူတွေက အိမ်နီးချင်း ထိုင်းနဲ့ တရုတ်နိုင်ငံတွေက ဖြစ်ပါတယ်။ တရုတ်ခရီးသွားတွေကတော့ အသစ်ဖောက်လုပ်ပြီးစီးသွားတဲ့ တရုတ်ဖောက် အမြန်ရထားလမ်းကြီးကနေ ရောက်လာကြတာပါ။

ဗန်ဗျင်းဟာ ခုထိ ဖုန်ထူတဲ့ တောမြို့ကလေး ဖြစ်နေပါသေးတယ်။ စီးပွားရေးတွေ ကောင်းလာကြလို့ လုပ်ငန်းရှင်တွေက လန်ခရူဆာနဲ့ ရိန့်ချ်ရိုဗာလို ကားနက်ကြီးတွေနဲ့ သွားလာနေကြပါတယ်။ ဟိုတယ်ကို စနေနေ့ညက လမ်းလျှောက်ပြန်သွားချိန်မှာတော့ ဗန်ဗျင်းရဲ့ တခုတည်းသော လမ်းမပေါ် ဖြတ်မောင်းသွားတဲ့ လမ်ဘိုဂီနီကားရဲ့ အိပ်ဇောပိုက်ကနေ အသံကျယ်ကြီး ကြားရပါတယ်။

အရင် နှစ် ၂၀ က ဒီမြို့ဟာ စပါးခင်းတွေကြားက ခြောက်ကပ်ကပ်မြို့လေး ဖြစ်ပါတယ်။ ခုတော့ ထိုင်းနဲ့ တရုတ်လုပ်ငန်းတွေနဲ့ မြို့က ပြောင်းလဲသွားပါပြီ။ မြစ်ကမ်းဘေးက ကြက်မြီးအရက်ဆိုင်တွေနဲ့ ရေကူးကန်လှလှတွေပါတဲ့ လှပခမ်းနားတဲ့ ဟိုတယ်သစ်တွေ ပေါ်လာပါပြီ။

လူငယ် အနောက်တိုင်းခရီးသွားတွေကတော့ ဒီက ကြယ်ငါးပွင့် ဟိုတယ်တွေမှာ နေဖို့ လာကြတာ မဟုတ်ပါဘူး။ သူတို့က လွတ်လပ်ပျော်ရွှင်မှုကို ရှာကြသူတွေပါ။

အနားက မော်တော်ဆိုင်ကယ်ငှားတဲ့နေရာမှာ ယူကေ၊ ဆက္ကဆက် တက္ကသိုလ်က ဘွဲ့ရလူငယ်နှစ်ယောက်နဲ့ တွေ့ပါတယ်။

လူသေမှုတွေဖြစ်လို့ အစီအစဥ်တွေ ဖျက်မပစ်ဘူးလို့ ဆမ်းမားဆက်က နဒ်က ပြောပါတယ်။ လူတွေ ကြောက်ကြမှာ သေချာတယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့ ဒီကနေ ထွက်သွားကြတာတော့ မတွေ့ရပါဘူး၊ လူတိုင်း ဒီမှာ ပျော်နေကြတုန်းပဲလို့ ဆိုပါတယ်။

"အရက်တွေ မသောက်နဲ့လို့ ဒီကလူတိုင်းက ပြောတယ်။ စိတ်ပူကြတာ ရှိပေမယ့်လည်း စိတ်ချရတယ်လို့ ထင်ပါတယ်။ ဒီက အရက်ဆိုင်တွေ အားလုံးက သတိထားနေကြပြီး ဘယ်သူမှ ထောင်ထဲ မသွားချင်ကြဘူး"လို့လည်း သူက ဆိုပါတယ်။

သူ့သူငယ်ချင်း ဂျက်ကလည်း သူ့လိုပဲ စိတ်ရှုပ်မခံပါဘူး။ သူငယ်ချင်းတွေ လာတွေ့ပြီး ပျော်ဖို့ ဒီကို လာတာပါလို့ သူက ဆိုပါတယ်။ ဒီရောက်နေတာ တပတ်ရှိပြီ၊ ဒီက လူတိုင်းက သိပ်ချစ်စရာကောင်းတယ်လို့လည်း သူက ပြောပါတယ်။ အရှေ့တောင်အာရှမှာ တွေ့ခဲ့တဲ့အထဲ ခင်စရာ အကောင်းဆုံးလူတွေလို့လည်း ပြောပါတယ်။ ဒါကြောင့် ဘာပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ အန္တရာယ်မရှိဘူးလို့ ထင်တယ်လို့ ဆိုပါတယ်။

ရန်ငြိုးနဲ့ လုပ်တာလား မသိရပေမယ့် လူခြောက်ယောက် သေဆုံးခဲ့ပြီး ဒီထဲက ငါးယောက်က အမျိုးသမီးငယ်တွေ ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကြောင့် လန်ဒန်ကနေ မဲလ်ဘုန်းထိ ကမ္ဘာတလွှားက မိဘတွေဆီ ရိုက်ခတ်သွားခဲ့ပါတယ်။ ကျောပိုးအိတ်လွယ်ပြီး ခရီးသွားနေကြတဲ့ သားသမီးတွေဆီ စိတ်ပူနေတဲ့ မိဘတွေက စာတွေပို့ သတိပေးပြီး ဗန်ဗျင်းကို မသွားဖို့ ကြိုးစားတာတွေ ဖြစ်ကုန်ပါတယ်။