ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဘိလပ်မြေ ငွေရှိတိုင်းဝယ်မရ
အင်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးတဲ့နောက် ပြန်လည်ထူထောင်ရေးကာလမှာ ဘိလပ်မြေက ရွှေဝယ်တာထက် ခက်လာတယ်လို့ စစ်ကိုင်းနဲ့ မန္တလေးမြို့ခံတချို့က ညည်းတွားပါတယ်။
ငလျင်ဗဟိုချက်စစ်ကိုင်းက ဘိလပ်မြေအရောင်းဆိုင် ကိုးခုလုံးဟာ စျေးတင်ရောင်းလို့ဆိုပြီး အပိတ်ခံထားရပါတယ်။
မြန်မာနိုင်ငံမှာ ဘိလပ်မြေစက်ရုံ ၁၉ ခုရှိပေမဲ့ အပြည့်အဝမလည်ပတ်နိုင်ဘဲ စျေးကွက်ထဲမှာ ဘိလပ်မြေအကျပ်အတည်းက ဖြစ်နေပါတယ်။
ငလျင်ဒဏ်အဆိုးရွားဆုံးခံခဲ့ရတဲ့ ဒေသတွေမှာ ပြန်လည်ထူထောင်ရေးလုပ်ဖို့ အဓိကလိုအပ်တဲ့ ဘိလပ်မြေအပါအဝင် အိမ်ဆောက်ပစ္စည်းတချို့ပြတ်လပ်နေပြီး ဝယ်ယူရခက်ခဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဘိလပ်မြေအရောင်းဆိုင်တွေ လုံးဝ ပိတ်ထားရတဲ့ စစ်ကိုင်း
ငလျင်ဒဏ်ဆိုးဆိုးရွားရွားခံရတဲ့ စစ်ကိုင်းမြို့မှာ ဘိလပ်မြေရောင်းတဲ့ ဆောက်လုပ်ရေးအရောင်းဆိုင် ၉ ဆိုင်ကို ဈေးတင်ရောင်းချမှုနဲ့ စစ်ကောင်စီက ဧပြီလကုန်ကစပြီး ရောင်းချခွင့် ပိတ်ထားတယ်လို့ မြို့ခံ ၂ ဦးထက်မနည်းက ဘီဘီစီကို ပြောပါတယ်။
နေအိမ်အဆောက်အအုံတွေကို အမြန်ပြင်ဆင်ဖို့ လိုအပ်တဲ့ မိုးရာသီထဲမှာ ဒီလိုရောင်းချခွင့်တွေ ပိတ်လိုက်တာကြောင့် မြို့ခံတွေအနေနဲ့ ထူထောင်ရေးမလုပ်နိုင်ဘဲ နေစရာထိုင်ခင်းမလုံခြုံတဲ့ အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ မြို့ခံတစ်ဦးက ရှင်းပြပါတယ်။
စစ်ကိုင်းမြို့က နှစ် ၇၀၀ ဘောလုံးကွင်းထဲမှာတော့ ဘိလပ်မြေအပါအဝင် သွပ်နဲ့ သံ စတဲ့အိမ်ဆောက်ပစ္စည်းတွေကို စစ်ကောင်စီရဲ့ အစီအစဉ်အတိုင်း ရာအိမ်မှူးနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တန်ဖိုးသင့်ဈေးနဲ့ စီစဉ်ပြီး ရောင်းချပေးနေတယ်လို့ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေသူတချို့က ပြောပါတယ်။
ဘိလပ်မြေတစ်အိတ်ကို ကျပ် ၂၁,၅၀၀ နဲ့ ရောင်းချပေးနေပေမယ့် ရပ်ကွက်လူကြီးအပါအဝင် စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းက လူတွေကို ကြိုတင်စာရင်းပေးထားမှ ဝယ်လို့ရတယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း ဒီစာရင်းတွေကို ရပ်ကွက်အလိုက် ပျက်စီးခဲ့တဲ့ အိမ်နံပါတ်/အိမ်ထောင်စုအလိုက် အများမြင်သာအောင် ကောက်ယူခဲ့တာမဟုတ်ဘူးလို့ မြို့ခံတချို့နဲ့ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေသူတစ်ဦးက ပြောပါတယ်။
"ရောင်းတဲ့အချိန်သွားဝယ်တော့ စာရင်းထဲမှာ မပါလို့ ဝယ်မရဘူးပြောတယ်။ စာရင်းကောက်သွားတဲ့အချိန်လည်း မသိရဘူး" လို့ ဘိလပ်မြေဝယ်မရခဲ့တဲ့ စစ်ကိုင်းမြို့ခံ တစ်ဦးက ဆိုပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတချို့နဲ့ ဆွေမျိုးတွေအပြင် သူတို့နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ လူတစ်စုကတော့ ဘိလပ်မြေဝယ်လို့ရတဲ့ စာရင်းထဲမှာ နေ့တိုင်းပါတယ်လို့ ရပ်ကွက်လူကြီးတွေနဲ့ နီးစပ်သူတစ်ဦးက မေ ၁၆ ရက်မှာ ဘီဘီစီကို ပြောပါတယ်။
ဘိလပ်မြေဝယ်ယူရာမှာလည်း ပျက်စီးတဲ့ အိမ်ဓာတ်ပုံ၊ အိမ်ထောင်စုစာရင်းနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးလက်မှတ်စတဲ့ အထောက်အထားတွေပါမှသာ ဝယ်ယူလို့တဲ့အကြောင်း သူက ဆက်ပြောပါတယ်။
ဒါပေမဲ့ နေအိမ်ပြန်ဆောက်ဖို့အတွက် ဘိလပ်မြေဝယ်ယူဖို့ ကြိုတင်ပေးရတဲ့ စာရင်းအပြင် ငလျင်ဒဏ်ခံစားခဲ့ရသူတွေအတွက် လှူဒါန်းတဲ့ စာရင်းတွေထဲမှာ နေအိမ်ပြိုကျပျက်စီးတာမရှိတဲ့ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေအပြင် သူတို့ရဲ့ ပတ်သက်ဆက်နွှယ်နေသူတချို့ရဲ့ နာမည်တွေ ပါဝင်နေတယ်လို့ သူက ထုတ်ပြောပါတယ်။
"အပြင်မှာ တိုက်အိမ်နဲ့နေတာမဟုတ်ဘဲ ပျဉ်ထောင်အိမ်နဲ့နေတဲ့သူတွေအပြင် အိမ်လည်းမပြိုသွားတဲ့သူတွေရဲ့ နာမည်က စစ်ကောင်စီကို တင်ပြရတဲ့ တိုက်ပြိုတဲ့ အိမ်ထောင်စုစာရင်းတွေထဲမှာ ပါနေတယ်" လို့ သူက ပြောခဲ့ပါတယ်။
ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတံတားအဟောင်းပြိုကျပျက်စီးခဲ့သလို စစ်ကိုင်းတံတားအသစ်ကိုလည်း ကုန်ကားတွေကို တန်ချိန်အလိုက် ကန့်သတ်ထားရတာကြောင့် စစ်ကောင်စီက ဘိလပ်မြေတွေကို ရေလမ်းကနေ ဇက်သင်္ဘောတွေသုံးပြီး စစ်ကိုင်းမြို့ထဲပို့ပေးနေရတယ်လို့ ကူညီရေးလုပ်နေသူတစ်ဦးက ရှင်းပြပါတယ်။
"တခြားကုန်ကားတွေလည်းရှိတော့ ဘိလပ်မြေတင်ထားတဲ့ ဇက်တစ်စီး စစ်ကိုင်းမြို့ပေါ်ရောက်ဖို့က အချိန်တစ်ခုစောင့်ရတယ်" လို့ သူက ဆက်ပြောပါတယ်။
တစ်ရွာ တစ်ပုဒ်စမ်း ဘိလပ်မြေစျေး
စစ်ကောင်စီက ဘိလပ်မြေတစ်အိတ်ကို ကျပ် ၁၇,၀၀၀ နဲ့ ရောင်းရမယ်လို့ စက်ရုံတွေကို ဧပြီလကုန်ပိုင်းက ပြောခဲ့ပေမယ့် လက်တွေ့နဲ့မကိုက်ညီခဲ့ပါဘူး။
မေလလယ်အထိ မန္တလေးမြို့မှာ ဘိလပ်မြေတစ်အိတ်ကို ကျပ် ၃ သောင်းကနေ ၄ သောင်းကျော်အထိ ဈေးပေါက်ပြီး ပစ္စည်းအပြတ်မြန်တာကြောင့် လိုအပ်သလောက် ဝယ်ယူလို့မရတဲ့ အခြေအနေပါ။
ဒါပေမဲ့ ငလျင်ဒဏ်သင့်တဲ့ဒေသထဲက စစ်ကောင်စီရဲ့ အစီအစဉ်နဲ့ ရောင်းချနေတဲ့ စစ်ကိုင်းမြို့မှာတောင် ဘိလပ်မြေတစ်အိတ်ကို ၂၁,၅၀၀ ကျပ် ရှိနေတာဖြစ်ပါတယ်။
ရန်ကုန်မြို့မှာတော့ ဘိလပ်မြေတစ်အိတ်ကို ကျပ် ၂၈,၀၀၀ ကနေ ကျပ် ၃၆,၀၀၀ အထိ ဈေးပေါက်နေပြီး လိုအပ်သလောက်အထိတော့ ဝယ်ယူလို့ရနေတယ်လို့ ဆောက်လုပ်ရေးဆိုင်တချို့က ပြောထားပါတယ်။
အင်းလေးဒေသမှာလည်း ဘိလပ်မြေတစ်အိတ်ကို ကျပ် ၂၂,၀၀၀ အထိ ဈေးပေါက်နေပြီး လူတစ်ဦးကို တစ်ရက်မှာ အများဆုံး ၁၀ အိတ်အထိပဲ ဝယ်ယူလို့ရတယ်လို့ ပြန်လည်ထူထောင်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။
မန္တလေးနဲ့ နေပြည်တော်မှာလည်း ဘိလပ်မြေအရောင်းဆိုင်တွေက လူတစ်ဦးအတွက် တစ်ရက်ကို ဘိလပ်မြေ အိတ် ၂၀ ကနေ ၃၀ အထိပဲ ရောင်းချပေးနေတယ်လို့ သိရပါတယ်။ တချို့ဘိလပ်မြေ အရောင်းဆိုင်တွေမှာတော့ ပစ္စည်းပြတ်လပ်နေတုန်းပဲလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီကတော့ ပြန်လည်ထူထောင်ရေးအတွက် နေပြည်တော် ဥပ္ပါတသန္တိစေတီတော် တပေါင်းကွင်းမှာ ဘိလပ်မြေကို တစ်အိမ်ထောင် အိတ် ၂၀ အပြင် ဆောက်လုပ်ရေးပစ္စည်းတွေကို ပြခန်းပေါင်း ၇၄ ခုနဲ့ ရောင်းချပေးခဲ့ပါတယ်။
ငလျင်ဒဏ်သင့်ဒေသတွေက နေအိမ်ပျက်စီးခဲ့သူအများစုကတော့ ဘိလပ်မြေဝယ်ယူမရတဲ့ ဒုက္ခတွေကြောင့် နေအိမ်ပြန်ဆောက်နိုင်ဖို့ ခက်ခဲနေကြပါတယ်။
အိမ်ဖြိုချဖို့လိုအပ်နေသူတွေကလည်း ပြန်ဆောက်ဖို့ အချိန်ကြန့်ကြာနိုင်တာကြောင့် ပြိုပျက်စအိမ်တွေကို အင်ဂျင်နီယာတွေရဲ့ အကူအညီတချို့နဲ့ ပြုပြင်ထိန်းသိမ်းတာမျိုးပဲ လုပ်နေရတယ်လို့ မြို့ခံတချို့က ပြောပြထားပါတယ်။
ငလျင်ကြောင့် ရပ်တန့်သွားတဲ့ ဘိလပ်မြေစက်ရုံတွေ
ပြည်တွင်းမှာ လည်ပတ်နေတဲ့ ဘိလပ်မြေစက်ရုံတချို့ ပြင်းထန်တဲ့ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့ပြီး ဘိလပ်မြေထုတ်လုပ်နိုင်တဲ့ ပမာဏကလည်း ၄၀ ရာခိုင်နှုန်း ကျဆင်းသွားတယ်လို့ စစ်ကောင်စီက ဧပြီလကုန်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ငလျင်မလှုပ်ခင် ပြည်တွင်းက ဘိလပ်မြေစက်ရုံ ၉ ရုံကနေ တစ်ရက်ကို ဘိလပ်မြေတန်ချိန် ၃၀,၇၀၀ (အိတ် ၆၁၄,၀၀၀) ထုတ်နိုင်ခဲ့ပြီး ငလျင်ပြီးတဲ့နောက်မှာတော့ စက်ရုံ ၆ ရုံကနေ တစ်ရက်ကို တန် ၁၇,၁၀၀ (အိတ် ၃၄၂,၀၀၀) ပဲထုတ်နိုင်တော့တာကြောင့် တန်ချိန် ၁၃,၀၀၀ ကျော် ကျဆင်းခဲ့ပါတယ်။
ငလျင်ကြောင့် နေပြည်တော်က ဘိလပ်မြေစက်ရုံ ၁ ရုံနဲ့ မန္တလေးက ဘိလပ်မြေစက်ရုံ ၄ ရုံ စုစုပေါင်း ၅ ရုံထိခိုက်ပျက်စီးခဲ့ပြီး စက်ရုံတချို့ကတော့ မေလလယ်အထိ ပြန်မလည်ပတ်နိုင်သေးဘူးလို့ မန္တလေးက ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ပြည်တွင်းမှာ ပုဂ္ဂလိကပိုင် ဘိလပ်မြေစက်ရုံ ၁၆ ရုံနဲ့ နိုင်ငံပိုင် ဘိလပ်မြေစက်ရုံ ၃ ရုံ စုစုပေါင်း ၁၉ ရုံရှိပြီး အဲဒီစက်ရုံတွေ စွမ်းအားပြည့်လည်ပတ်မယ်ဆိုရင် တစ်နှစ်ကို ဘိလပ်မြေတန်ချိန် ၁၆ သန်းခန့်အထိ ထုတ်လုပ်နိုင်တယ်လို့ စစ်ကောင်စီ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက ၂၀၂၁ ခုနှစ်မှာ ပြောခဲ့ပါတယ်။
၂၀၂၁ ခုနှစ်အထိ ပြည်တွင်းမှာ အသုံးပြုနေတဲ့ ဘိလပ်မြေပမာဏမှာ တစ်နှစ်ကို တန်ချိန် ၁၀ သန်းနဲ့ ၁၁ သန်းကြားရှိနေတယ်လို့ စက်မှုဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။
စစ်ကောင်စီရဲ့ ငလျင်ပြီးတဲ့နောက်ပိုင်း ထုတ်ပြန်ချက်တွေအရ ပြည်တွင်းမှာ လည်ပတ်နိုင်တဲ့ ဘိလပ်မြေစက်ရုံက ၉ ရုံပဲရှိတော့တယ်လို့ နားလည်ရပါတယ်။
စစ်ကောင်စီကတော့ တစ်ရက်ကို ဘိလပ်မြေတန်ချိန် ၂၂,၁၀၀ (အိတ် ၄၄၂,၀၀၀) နဲ့ စက်တင်ဘာမှာတော့ တန်ချိန် ၃၂,၁၀၀ (အိတ် ၆၄၂,၀၀၀) အထိ တိုးမြင့်ထုတ်လုပ်သွားမယ်လို့ ဧပြီလမှာ ကြေညာခဲ့ပါတယ်။
ဘိလပ်မြေဈေးကွက်အကျပ်အတည်းဟာ ငလျင်မတိုင်ခင် အာဏာသိမ်းကာလကတည်းက ဖြစ်ပေါ်နေခဲ့ပါတယ်။
အာဏာမသိမ်းခင်နှစ်တွေမှာ ဘိလပ်မြေတစ်အိတ်ပေါက်ဈေးက ကျပ် ၅,၀၀၀ ဝန်းကျင်အထိပဲ ရှိခဲ့ပါတယ်။
အာဏာသိမ်း ၄ နှစ်ကျော်ကြာ ၂၀၂၅ ခုနှစ် အစပိုင်းမှာတော့ ဘိလပ်မြေဈေးကွက်မှာ ပစ္စည်းပြတ်လပ်မှုတွေဖြစ်ခဲ့ပြီး ဘိလပ်မြေတစ်အိတ်ကို ကျပ် ၂၀,၀၀၀ ကနေ ၃၀,၀၀၀ အထိ ဈေးမြင့်တက်ခဲ့ဖူးပါတယ်။
ဒါက အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီက ပြည်ပကနေ ဘိလပ်မြေတင်သွင်းခွင့်တွေကို ကန့်သတ်ပိတ်ပင်ခဲ့လို့ဖြစ်ပါတယ်။
၂၀၂၁ မတ်လမှ ၂၀၂၄ ဇူလိုင်အတွင်း တန်ချိန် ၇၈၀,၀၀၀ သာ စစ်ကောင်စီက တင်သွင်းခွင့်ပြုခဲ့ပါတယ်။
စစ်အာဏာမသိမ်းခင်က ပြည်ပကနေ တစ်နှစ်ကို ဘိလပ်မြေတန်ချိန် ၁ သန်းခန့် တင်သွင်းခဲ့ရတာဖြစ်ပါတယ်။
ဘိလပ်မြေထုတ်လုပ်နိုင်မှု ကျဆင်းနေချိန်မှာပဲ ငလျင်ဒဏ်ကြောင့် အဆောက်အအုံထိခိုက်ပျက်စီးမှု များတဲ့ဒေသတွေမှာ ဘိလပ်မြေဝယ်လိုအားမြင့်တက်ခဲ့ပြီး ဘိလပ်မြေတစ်အိတ်ပေါက်ဈေးက ဧပြီလမှာ ကျပ် ၄၀,၀၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။
စစ်ကောင်စီကတော့ ဘိလပ်မြေဈေးကွက်ကို ထိန်းချုပ်ဖို့ ငလျင်ဒဏ်သင့်တဲ့မြို့တွေအပါအဝင် မြို့ကြီးတချို့က ဆောက်လုပ်ရေးပစ္စည်းအရောင်းဆိုင် ၃၀၀ ကျော်ကို ကွင်းဆင်းစစ်ဆေးပြီး အမြတ် ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းကျော်အထိ ဈေးတင်ရောင်းတဲ့ ၆၂ ဆိုင်ကို အရေးယူမယ်လို့ ဧပြီလကုန်ပိုင်းမှာ ကြေညာခဲ့ပါတယ်။
ဘိလပ်မြေဈေးကွက် ဘာလို့ကျပ်တည်းလဲ
အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံခြားငွေအကြီးအကျယ်လိုအပ်လာတဲ့ စစ်ကောင်စီဟာ နိုင်ငံခြားငွေစီးဆင်းမှုကို ထိန်းချုပ်ချင်တာကြောင့် ပို့ကုန်၊ သွင်းကုန် လိုင်စင်တွေကို တင်းကျပ်ကန့်သတ်ခဲ့ပါတယ်။
သွင်းကုန်တင်သွင်းသူတွေအနေနဲ့ စစ်ကောင်စီဖွဲ့စည်းထားတဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီရဲ့ ခွင့်ပြုချက်မရှိဘဲ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ သွင်းကုန်လိုင်စင်လျှောက်ထားခွင့်မရအောင် စစ်ကောင်စီက ကန့်သတ်ခဲ့ပါတယ်။
ငလျင်လှုပ်ပြီးနောက်ပြန်လည်ထူထောင်ရေးလုပ်ရမယ့်အချိန်အထိ တင်သွင်းခွင့်တွေကို ဆက်တင်းကျပ်ထားတာကြောင့် ဝယ်လိုအားနဲ့ ရောင်းလိုအားမမျှဘဲ ဈေးတွေထိုးတက်လာတာလို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ထောက်ပြပါတယ်။
စစ်ကောင်စီအနေနဲ့ ဘိလပ်မြေအကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ပို့ကုန်သွင်းကုန်ဆိုင်ရာ လိုင်စင်ဖြေလျှော့မှုတွေ လုပ်ဆောင်ပေးဖို့ လိုတယ်လို့ စီးပွားရေးအကဲခတ်တစ်ဦးဖြစ်တဲ့ ဒေါက်တာဇော်နိုင်က မှတ်ချက်ပြုထားပါတယ်။
ပြည်တွင်းမှာ ထုတ်လုပ်နိုင်တဲ့စွမ်းအားနဲ့ဝယ်လိုအားကို ချိန်ဆပြီး လိုအပ်ချက်ကို ဖြည့်ဖို့ "သွင်းကုန်လိုင်စင်တွေကို စိစစ်ပြီး ပြန်ခွင့်ပြုမယ်ဆိုရင် ဈေးကွက်အခြေအနေ ဒီထက်ပိုပြီးငြိမ်လာနိုင်ပါတယ်" လို့ သူကဆိုပါတယ်။
၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ ပြည်တွင်းက ဘိလပ်မြေစက်ရုံတွေအတွက် ကုန်ကြမ်းဖြစ်တဲ့ လိုအပ်ချက်၊ နယ်မြေပဋိပက္ခတွေတွေကြောင့် စက်ရုံအများစု လည်ပတ်မှုရပ်ဆိုင်းခဲ့တာကြောင့် ထုတ်လုပ်မှုကျဆင်းခဲ့ပါတယ်။
"တချို့စက်ရုံတွေက တော်လှန်ရေးဘက်က သိမ်းလိုက်တော့ ရပ်လိုက်ရတယ်။ တိုက်ပွဲဖြစ်လို့ ရပ်လိုက်ရတာရှိတယ်။ လျှပ်စစ်မီး ပုံမှန်မရတော့တာနဲ့ စက်ရုံသုံးစက်ပစ္စည်းတွေ တင်သွင်းခွင့် ကန့်သတ်ခံရတာတွေကြောင့် ရပ်လိုက်ရတာတွေ ရှိတယ်" ပြည်တွင်းက ဘိလပ်မြေစက်ရုံမလည်ပတ်နိုင်တဲ့အခြေအနေကို စက်ရုံနဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ ၂၀၂၃ ခုနှစ်ကစပြီး မန္တလေးတိုင်းထဲက အယ်လ်ဖာ (Alpha) ဘိလပ်မြေစက်ရုံနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က Crown ဘိလပ်မြေစက်ရုံတို့ကို တအာင်းတပ် (TNLA) က ထိန်းထားပြီး လည်ပတ်မှု ရပ်ဆိုင်းထားတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ကဖော်ပြခဲ့ပါတယ်။
ငလျင်ပြန်လည်ထူထောင်ရေးမှာ လိုအပ်နေတဲ့ ဘိလပ်မြေဝယ်လိုအားအတွက် ပြည်တွင်းက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဘိလပ်မြေစက်ရုံတွေ ပြန်လည်ပတ်နိုင်ဖို့ကိုလည်း တော်လှန်ရေးတပ်ဖွဲ့တွေဘက်က အားစိုက်ဖို့လိုတယ်လို့ နိုင်ငံရေးအကဲခတ်တချို့က ထောက်ပြပြောဆိုနေကြပါတယ်။
ငလျင်ပြန်လည်ထူထောင်ရေးဟာ လွတ်လပ်ရေးရပြီးမြန်မာနိုင်ငံအတွက် အကြီးဆုံးတည်ဆောက်ရေးလုပ်ငန်းလို့ တင်စားကြပါတယ်။
ဆယ်စုနှစ်အထိကြာသွားနိုင်တဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းမှာ ဘိလပ်မြေလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှုကလည်း အရေးအကြီးတဲ့အခန်းကဏ္ဍမှာ ရှိနေတာဖြစ်ပါတယ်။
စစ်ကောင်စီက ဘိလပ်မြေတန်ချိန် တိုးထုတ်သွားမယ်လို့ ကြေညာထားပေမယ့် ဝယ်လိုအား ပြည့်မီအောင် မလုပ်ပေးနိုင်သေးဘူးလို့ ပြန်လည်ထူထောင်ရေးဆောင်ရွက်နေသူတချို့က ဘီဘီစီကို ပြောပါတယ်။