ရေ ရရှိနိုင်မှုကို အေအိုင်က ခြိမ်းခြောက်နေပြီလား

    • ရေးသားသူ, ဆာရာ အီဗရာဟင်
    • ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှားအစီအစဉ်

အေအိုင်လို့ သိကြတဲ့ ဉာဏ်ရည်တု (Artificial Intelligence - AI) နည်းပညာကို အသုံးပြုတဲ့နှုန်းက အန္တရာယ်များတဲ့အမြန်နှုန်းနဲ့ကို သုံးနေကြတာပါ။

ဒါပေမဲ့ ဒီ အေအိုင်နည်းပညာက ရေအလွန် ဆာလောင်တဲ့ နည်းပညာပါ။ သူအလုပ်လုပ်နိုင်ဖို့လျှပ်စစ် ဓာတ်အားတွေအများကြီး လိုသလို စက်တွေကို အေးအောင်လုပ်ဖို့လည်း ရေတွေ အများကြီးထပ်လိုပါတယ်။

အခုအချိန်မှာကတည်းက ကမ္ဘာ့လူဦးရေ ထက်ဝက်က ရေရှားတာနဲ့ ကြုံနေကြရပြီ၊ ရာသီဥတု ပြောင်းလဲတာနဲ့ ရေကို ပိုပြီး လိုအပ်ချက်များလာတာ စတဲ့အချက်တွေကြောင့် ဒီရေရှားတဲ့ ပြဿနာက အနာဂတ်မှာ ပိုကြီးလာမှာလို့ ကုလသမဂ္ဂက ဆိုပါတယ်။

အေအိုင် ချဲ့ထွင်လာတာကြောင့် ရေတွေ ပိုရှားလာတော့မှာလား။

အေအိုင်က ရေဘယ်လောက် သုံးသလဲ

OpenAI ကုမ္ပဏီက စီအီးအို ဆမ် အော့မန်းက ChatGPT ကို မေးခွန်းတခါမေးရင် ရေ (လက်ဖက်ရည်ဇွန်း) တဇွန်းရဲ့ ၁၅ ပုံ ၁ ပုံ ခန့် ကုန်ပါတယ်တဲ့။

ဒါပေမဲ့ '' အဲဒီကုမ္ပဏီက GPT-3 မိုဒယ် အေအိုင်က အဖြေ ၁၀ ခု - ၁၅ ခုလောက် ပြန်ဖြေပြီးတိုင်း ရေ လီတာဝက်လောက်အထိ ကုန်တယ်၊ ဒီပမာဏက အဖြေတခုပေးရင် ရေ (လက်ဖက်ရည်ဇွန်း)၂ ဇွန်း နဲ့ ၁၀ ဇွန်းကြား ကုန်တာ'' လို့ ကယ်လီဖိုးနီးယား နဲ့ တက္ကဆပ်ပြည်နယ်က အမေရိကန် ပညာသည်တွေက ဆိုပါတယ်။

မေးခွန်းရဲ့ အတိမ်အနက် အတိုင်းအတာကို မူတည်ပြီးလည်း အသုံးပြုလိုက်တဲ့ ရေပမာဏက ကွာခြားပါတယ်၊ ဘာလို့လဲဆိုတော့ ပြန်ပြီးတုံ့ပြန်ဖြေရတဲ့နေရာမှာ အေအိုင်က လုပ်ငန်းစဥ် အဆင့်ဆင့် လုပ်ရတာမျိုး၊ တွက်ချက်ဖို့အတွက် လိုအပ်တဲ့ အကြောင်းအချက်တွေကို ပြည့်စုံအောင် ထည့်သွင်းရတာမျိုး စတာတွေကြောင့် ရေလိုအပ်မှုက ကွာခြားသွားတာပါ။

မေးမြန်းမှု ၁၀ ခု ကနေ ၅၀ ခု လောက်အတွက် ရေ ၅၀၀ မီလီ လီတာ လိုတယ်လို့ အမေရိကန် ပညာသည်တွေက ခန့်မှန်းပြီး အဲဒီရေပမာဏကိုတွက်ချက်ရင် အေအိုင်က သုံးစွဲလိုက်တဲ့ လျှပ်စစ်စွမ်းအားကို ထုတ်လုပ်နိုင်ဖို့ ကျောက်မီးသွေး ဒါမှမဟုတ် သဘာဝဓာတ်ငွေ့ ဒါမှမဟုတ်နျူုကလီးယား စွမ်းအင်ထုတ် စက်ရုံတွေက တာဘိုင်တွေကို လည်ပတ်နိုင်ဖို့ ရေကိုလည်း ထည့်တွက်ဖို့ လိုတယ်လို့ သူတို့က ဆိုပါတယ်။

မစ္စတာ အော့မန်းရဲ့ တွက်ချက်မှုက ဒါတွေကို ထည့်သွင်းမထားပါဘူး။ ဘီဘီစီက OpenAIကို ဒီအကြောင်းမေးတဲ့အခါ သူတို့က တွက်ချက်ပုံ အသေးစိတ်ကို ပြန်မဖြေပါဘူး။

ဘာပဲဖြစ်ဖြစ် ရေသုံးစွဲမှုတွေက ထပ်ထပ်တိုးလာနေပါတယ်။ ChatGPT ဟာ နေ့စဉ် အမေးပေါင်း သန်း ၁ ထောင်ကို ပြန်ဖြေပေးနေရတယ်လို့ OpenAI က ပြောပါတယ်၊ ChatGPT ဆိုတာ အေအိုင် ဘော့ (AI bots) များစွာထဲက တခုမျှသာပါ။

၂၀၂၇ ကျရင် အေအိုင် လုပ်ငန်းကဏ္ဍကြီး တခုလုံးက တနှစ် သုံးစွဲတဲ့ ရေပမာဏဟာ ဒိန်းမတ် တနိုင်ငံလုံး တနှစ်သုံးစွဲတဲ့ ရေပမာဏထက် ၄ ဆ ကနေ ၆ ဆအထိ ရှိနိုင်တယ်လို့ အမေရိကန် သုတေသန တစ်ခုက ခန့်မှန်းထားပါတယ်။

"အေအိုင်ကို ကျွန်တော်တို့ များများသုံးလေလေ၊ ရေတွေ ပိုပို ကုန်သွားလေပါပဲ" လို့ အဲဒီ သုတေသန ပြုလုပ်သူတွေထဲက တယောက်ဖြစ်တဲ့ ကယ်လီဖိုးနီးယား တက္ကသိုလ်က ပါမောက္ခ ရှိုလီ ရန်က ပြောပါတယ်။

အေအိုင်က ရေကို ဘယ်လိုသုံးတာလဲ

အင်္ဂလိပ်လို အီးမေးလ်သုံးတာက အစ၊ စာစီစာကုံးတွေရေးခိုင်းတာ အလယ်၊ ဒိဖိတ်ခ် (deepfakes)လို့ ခေါ်တဲ့ ပုံတူတုပမှုတွေ လုပ်တာအဆုံး အွန်လိုင်း လုပ်ဆောင်မှုတွေဟာ ဒေတာ စင်တာလို့ ခေါ်တဲ့ ကွန်ပျူတာ ဆာဗာကြီးတွေ လိုအပ်ပါတယ်။

တချို့ ဒေတာ စင်တာတွေဆိုရင် ဘောလုံးကွင်းပေါင်း မြောက်များစွာ ပေါင်းထားတဲ့ မြေအကျယ်ပေါ်မှာ တည်ဆောက်ထားတာပါ။

အဲဒီစင်တာတွေက ကွန်ပျူတာတွေကို လျှပ်စစ်စီးတဲ့အခါ အဲဒီစင်တာတွေ ပူလာပါတယ်။

ဒါကို အေးသွားအောင်လုပ်တဲ့ စနစ်မှာ အဓိကလိုအပ်တာက သန့်ရှင်းတဲ့ ရေချိုပါ။

နည်းတွေကတော့ အမျိုးမျိုးရှိပါတယ်။ တချို့က သူတို့သုံးတဲ့ ရေပမာဏရဲ့ ၈၀ ရာခိုင်နှုန်း လောက်အထိ ရေငွေ့ပျံအောင် လုပ်နိုင်ကြပါတယ်။

အွန်လိုင်းသုံးပြီး စျေးဝယ်တာ၊ ဝက်ဆိုဒ်တွေ လိုက်ရှာတာ စတဲ့ သမရိုးကျ အွန်လိုင်းသုံးစွဲကြရာမှာ လိုအပ်တဲ့ ကွန်ပျူတာတွေထက် အေအိုင်လုပ်ငန်းတွေ လုပ်ရတဲ့ ကွန်ပျူတာတွေက စွမ်းအင်ပါဝါ အများကြီး ပိုလိုအပ်ပါတယ်။ ပုံတွေ၊ ဗီဒီယိုတွေ ထုတ်ရတဲ့ အေအိုင်ဆိုရင် သူတို့က ပိုပြီး လျှပ်စစ် စွမ်းအင် လိုပါတယ်။

ကွာခြားချက်ကို တိုင်းတာဖို့ ခက်ပေမဲ့ နိုင်ငံတကာ စွမ်းအင် အေဂျင်စီ (International Energy Agency - IEA) ရဲ့ မှန်းဆချက်အရ ChatGPT မှာ တခါမေးရင် သုံးရတဲ့ လျှပ်စစ် ပမာဏက ဂူဂယ်မှာ တခါမေးတာထက် ၁၀ ဆ လောက် ပိုကုန်တယ်လို့ သိရပါတယ်။

လျှပ်စစ်ပိုသုံးရလေလေ အပူထွက်တာ ပိုများလေလေ ဖြစ်ပြီး အေးအောင် လုပ်ဖို့ ပိုလိုအပ်လေလေပါ။

အေအိုင် ကျယ်ပြန့်လာတာနဲ့အတူ ရေသုံးတာ ဘယ်လောက်ပို များလာလဲ

အေအိုင်လုပ်ငန်းဆောင်တာတွေအတွက် ရေဘယ်လောက်သုံးတယ်ဆိုတဲ့ပမာဏ ဖော်ပြချက်ကို အေအိုင် နည်းပညာ ကုမ္ပဏီကြီးတွေက ထုတ်ပြန်တာမျိုး မရှိပါဘူး။ ဒါပေမဲ့ သူတို့ သုံးစွဲတဲ့ ရေပမာဏအားလုံးပေါင်းကတော့ တိုးများလာနေပါတယ်။

ဂူဂဲလ်၊ မက်တာ၊ မိုက်ခရိုဆော့ဖ် ကုမ္ပဏီတွေ (သူတို့ဟာ Open AI မှာ အဓိက ရင်းနှီးမြှုပ်နှံထားကြသူတွေလည်းဖြစ်)ရဲ့ ရေသုံးတဲ့ပမာဏက ၂၀၂၀ နောက်ပိုင်းကတည်းက သိသိသာသာကို တိုးများလာကြောင်း သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာအစီရင်ခံစာတွေ အရ သိရပါတယ်။

ဂူဂဲလ်ရဲ့ရေသုံးစွဲမှုက အဲဒီအချိန်ထက် စာရင် ၂ ဆ နီးပါးတက်လာပါတယ်။ အမေဇုန် ဝက်ဘ် ဆားဗစ် (Amazon Web Services - AWS) ကတော့ သူတို့ သုံးစွဲတဲ့ ရေပမာဏကို မထုတ်ပြန်ပါဘူး။

အေအိုင်ကို လူသုံးများမှု ကြီးထွားလာမှာနဲ့အတူ လိုအပ်တဲ့လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရာမှာ သုံးတဲ့ ရေရော၊ ကွန်ပျူတာ ချစ်ပ်တွေ ထုတ်လုပ်ရာမှာ သုံးတဲ့ရေရော စတာတွေ အပါအဝင် ဒေတာ စင်တာတွေရဲ့ ရေသုံးစွဲမှု ပမာဏက ၂၀၃၀ မှာ ၂ ဆ နီးပါး တက်လာမှာလို့ IEA က မှန်းဆထားပါတယ်။

၂၀၂၄ အတွင်း ရေအရင်းအမြစ်တွေဆီက ရေ လီတာပေါင်း ၃၇ ဘီလျံကို သူတို့ ဒေတာစင်တာတွေက ယူတယ်။ အဲဒီထဲက ရေ လီတာပေါင်း ၂၉ ဘီလျံကို သုံးစွဲတယ် (ဆိုလိုတာက ရေငွေ့ပျံသွားတဲ့ ရေပမာဏက အတော် များပြားတာကို ဆိုလိုတာပါ) လို့ ဂူဂဲလ်ကုမ္ပဏီက ပြောပါတယ်။

ဒါက သိပ်များတဲ့ ပမာဏလား။ နှိုင်းယှဥ်ပြောကြစို့ရယ်။ ဒီပမာဏဟာ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ လူတယောက် တရက်ကို အနည်းဆုံး လိုအပ်တဲ့ ပမာဏဖြစ်တဲ့ ရေလီတာ ၅၀ ကို လူဦးရေ ၁. ၆ သန်းအတွက် တနှစ် စာပမာဏပါ။

ဒါမှမဟုတ် ဂူဂဲလ်ရဲ့အဆိုအရဆိုရင်တော့ အမေရိကန် အနောက်တောင်ပိုင်းက ဂေါက်ကွင်း ၅၁ ကွင်းအတွက် ၁ နှစ်စာ ရေသွင်းပေးရတဲ့ပမာဏပါ။

ဘာကြောင့် ဒေတာ စင်တာတွေကို ပူပြင်းခြောက်သွေ့တဲ့ အရပ်တွေမှာ တည်ဆောက်ကြတာလဲ

ကမ္ဘာမှာ မိုးခေါင်ရေရှား ဖြစ်လေ့ရှိတဲ့ အရပ်တွေမှာ ဒေတာ စင်တာတွေ တည်ဆောက်လို့ ဒေသခံတွေက ကန့်ကွက်ကြတဲ့သတင်းတွေက အခုနှစ်ပိုင်းတွေအတွင်း ခေါင်းကြီးပိုင်းသတင်းတွေအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။ ဥရောပမှာ၊ လက်တင်အမေရိကမှာ၊ အရီဇိုးနားလို အမေရိကန်က ပြည်နယ်တွေမှာလည်း အလားတူ ဆန့်ကျင်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

စပိန်မှာဆိုရင် ဒေတာစင်တာတွေ ထပ်တိုးချဲ့လာတာကို ဆန့်ကျင်ကြဖို့ (Your Cloud is Drying Up My River) လူကြီးမင်းတို့ရဲ့ကလောက် သိုလှောင်မှုက ကျွန်ုပ်တို့ရဲ့မြစ်ကြီးတွေ ခမ်းခြောက်နေစေတယ်လို့ အမည်ရတဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့ တခု ပေါ်ပေါက်လာပါတယ်။

မိုးအကြီးအကျယ်ခေါင်ခဲ့တဲ့ ချီလီနဲ့ ဥရုဂွေးမှာဆိုရင် ရေရရှိနိုင်မှုနဲ့ပတ်သက်တဲ့ဆန္ဒပြပွဲတွေ ဖြစ်လာတဲ့နောက် ဂူဂဲလ်အနေနဲ့ ဒေတာ စင်တာတွေကို ရပ်ဆိုင်းတာ ဒါမှမဟုတ် အစီအစဥ် ပြောင်းတာတွေကို လုပ်ခဲ့ရပါတယ်။

ကမ္ဘာတလွှားမှာ ဒေတာ စင်တာပေါင်း ၁၅၀ ကျော်ကို ဖွင့်လှစ်ဆောင်ရွက်နေတဲ့ NTT Data ကုမ္ပဏီက စီအီးအို အဘီဂျစ် ဒူဘီက ပူပြီးခြောက်သွေ့တဲ့ အရပ်ဒေသတွေမှာ စင်တာတွေ ဆောက်ဖို့ "ပိုပြီး စိတ်ဝင်စားလာနေကြတယ်" လို့ ပြောပါတယ်။

မြေကျယ်ကျယ်ရရှိနိုင်မှု၊ ဆိုလာနဲ့ လေစွမ်းအင်တို့လို ပြည့်ဖြိုးမြဲစွမ်းအင်ရနိုင်မှု၊ စွမ်းအင် အခြေခံအဆောက်အအုံ စတဲ့အချက်တွေ အပြင် စည်းမျဉ်းပိုင်းတွေကလည်း နှစ်သက်လိုလား စရာ ဖြစ်တာမို့ အဲဒီအရပ်ဒေသတွေကို ကြိုက်နေကြတယ်လို့ သူက ရှင်းပြပါတယ်။

လေထုစိုထိုင်းဆများတာကြောင့် သံချေးတက်တာတွေဖြစ်တတ်တယ်၊ ဒါကိုတားနိုင်ဖို့ အဆောက်အအုံတခုကို အေးစေအောင်လုပ်ရာမှာ စွမ်းအင်က ပိုလိုတယ်၊ ဒီအတွက်ကြောင့် ပူတဲ့ အရပ်တွေက အကျိုးများစရာ ဖြစ်လာတာလို့လည်း ကျွမ်းကျင်သူတွေက ထောက်ပြပါတယ်။

ဂူဂဲလ်၊ မိုက်ခရိုဆော့ဖ်၊ မက်တာ စတဲ့ ကုမ္ပဏီ အားလုံးက သူတို့ အပူပိုင်း ဒေသတွေက ရေတွေကို သုံးစွဲကြောင်း သူတို့ရဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အစီရင်ခံစာတွေထဲမှာ ဖော်ပြထားပါတယ်။

ဒီကုမ္ပဏီတွေရဲ့ နောက်ဆုံးထုတ် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ အစီရင်ခံစာတွေထဲမှာ ဂူဂဲလ်က ရေရှားနိုင်တဲ့အန္တရာယ် မြင့်မားတဲ့ ဧရိယာတွေကတွေ သူတို့ရေလိုအပ်ချက်ရဲ့ ၁၄ ရာခိုင်နှုန်း၊ အန္တရာယ် အလယ်အလတ် ရှိတဲ့ ဧရိယာတွေကနေ ၁၄ ရာခိုင်နှုန်း ယူတယ်၊ မိုက်ကရိုဆော့ဖ်က ရေနဲ့ပတ်သက်ပြီး water stress ဧရိယာ - ဆိုလိုတာက ရေအရင်းအမြစ်ရနိုင်ခြေထက် ရေလိုအပ်မှု မြင့်နေတဲ့ ဧရိယာ တွေကနေ သူတို့ရေလိုအပ်ချက်ရဲ့ ၄၆ ရာခိုင်နှုန်း၊ water stress မြင့်မားစွာဖြစ်နေတဲ့၊ ဒါမှမဟုတ် သိပ်ကို မြင့်မားနေတဲ့ ဧရိယာတွေကနေ သူတို့ ရေလိုအပ်ချက်ရဲ့ ၂၆ ရာခိုင်နှုန်းကို ယူကြောင်း ရေးထားကြပါတယ်။

အအေးစနစ်အတွက် တခြားအစားထိုးစရာတွေ ရှိလား

လေနဲ့ အအေးပေးတဲ့စနစ်တွေ ရှိပေမဲ့ ရေကို သုံးပြီးအေးအောင်လုပ်တဲ့စနစ်ထက် လျှပ်စစ် စွမ်းအင် ပိုလိုအပ်တယ်လို့ ပါမောက္ခ ရန်က ပြောပါတယ်။

မိုက်ခရိုဆော့ဖ်၊ မက်တာနဲ့ အမေဇုန် တို့အားလုံးက သူတို့ ရေ ဒါမှမဟုတ် အရည် ကွင်းဆက်ပိတ် (closed loop) စနစ်ကို တည်ဆောက်နေတယ်လို့ ပြောပါတယ်။ အဲဒီစနစ်က ရေတွေ အငွေ့ပျံတာမျိုး မဖြစ်သလို ရေကို လဲလှယ်ပေးစရာ မလိုပါဘူး။

မစ္စတာ ဒူဘီက အနာဂတ်မှာ ဒီလို စနစ်တွေက ခြောက်သွေ့တဲ့ ဧရိယာတွေမှာ ပိုပြီး သုံးလာနိုင်မယ်လို့ တွက်ဆပေမဲ့ အခုလောလောဆယ်မှာတော့ ဒီစနစ်ကို ပြောင်းလဲနိုင်ဖို့ အခြေအနေ သိပ်နည်းပါးနေသေးတယ်လို့ ဆိုပါတယ်။

ဂျာမနီ၊ ဖင်လန်နဲ့ ဒိန်းမတ်နိုင်ငံတို့ အပါအဝင် တချို့နိုင်ငံတွေမှာတော့ ဒေတာ စင်တာတွေက ထွက်လာတဲ့ အပူဓာတ်ကို ဒေသတွင်း အိမ်တွေအတွက် ပြန်အသုံးချဖို့ လုပ်နေတာ၊ စီစဉ်နေတာတွေ ရှိနေပါပြီ။

ကုမ္ပဏီတွေက သောက်သုံးနိုင်တဲ့ ရေလို သန့်ရှင်းတဲ့ ရေချိုကို လိုချင်ကြတယ်၊ ဒါမှ ဘက်တီးရီးယား ပေါက်ဖွားမှု၊ ချေးပိတ်ဆို့မှု၊ သံချေးတက်မှု စတာတွေ နည်းပါးမှာ မို့ပါ။

ဒါပေမဲ့ တချို့ကုမ္ပဏီတွေကတော့ ပင်လယ်ရေ၊ လုပ်ငန်းတွေက စွန့်ထုတ်ရေတွေလို မသောက်သုံးနိုင်တဲ့ရေတွေ သုံးစွဲတာကို မြှင့်တင်နေပါတယ်။

သဘာဝ ပတ်ဝန်းကျင်က ပေးရသလောက် ထိုက်တန်တဲ့ အကျိုးရှိပါရဲ့လား

ကမ္ဘာဂြိုဟ်ကို ကျရောက်နေတဲ့ ဖိစီးမှုတွေကို လျှော့ချရေးမှာ အေအိုင်ကို အခုကတည်းက သုံးနေပါပြီ၊ ဥပမာ - ဖန်လုံအိမ် ဓာတ်ငွေ့ မီသိန်းတွေ ယိုစိမ့်မှုကို အေအိုင်က ရှာပေးသလို ကားမောင်းရင် လောင်စာကုန်တာ အနည်းဆုံးဖြစ်မယ့် လမ်းကြောင်းကိုလည်း အေအိုင်က ပြပေးပါတယ်။

ယူနီဆက်ဖ်ရဲ့ တီထွင်ဆန်းသစ်မှုရုံးက ကမ္ဘာလုံးဆိုင်ရာ ဒါရိုက်တာ သောမတ်စ် ဒက်ဗင်က ကမ္ဘာတလွှားက ကလေးသူငယ်တွေရဲ့ ပညာရေး၊ ကျန်းမာရေး တို့အပြင် ရာသီဥတု ပြောင်းလဲမှု အရေးတွေ ဘက်မှာ အေအိုင်ဟာ အပြောင်းအလဲကြီး တခုကို ဆောင်ပေးလာနိုင်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ သူက ကုမ္ပဏီတွေအနေနဲ့ "အစွမ်းအထက်ဆုံးနဲ့ ခေတ်ရှေ့အပြေးဆုံး (အေအိုင်)မိုဒယ်တွေ" ကိုပဲ ဦးစားပေးပြီး ထုတ်လုပ်တာမျိုးထက်စာရင် "ထိုက်သင့်တဲ့ စွမ်းဆောင်ရည်နဲ့ ပွင့်လင်းမြင်သာရှိမှု" ကို ပိုရှေးရှုသင့်တယ်လို့ ဆိုပါတယ်။

ကုမ္ပဏီတွေက သူတို့ မိုဒယ်တွေကို လူတိုင်းသိနိုင်အောင် ဖွင့်ချထားပေးခြင်းဖြင့် လူတိုင်း အသုံးပြုလို့ နိုင်တာ၊ လိုက်လျောညီထွေအောင် ပြုပြင်ပြောင်းလဲနိုင်တာ စတဲ့အကျိုးတွေ ဖြစ်စေမယ်လို့လည်း သူက ပြောပါတယ်။

မစ္စတာ ဒက်ဗင်က အေအိုင် မိုဒယ်တွေကို လေ့ကျင့်တဲ့လုပ်ငန်းစဥ်တွေ၊ ဒေတာတွေထည့်သွင်းတဲ့ နေရာတွေမှာ စွမ်းအင်နဲ့ ရေလိုအပ်ချက်ကို ဒီနည်းနဲ့ လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ ဥရောပ အစိုးရတွေ၊ ဥရောပသမဂ္ဂနဲ့ ကုလသမဂ္ဂ အေဂျင်စီတွေကို အကြံပေးနေသလို လွတ်လပ်တဲ့ သုတေသီတယောက်လည်းဖြစ်၊ ကျင့်ဝတ်ညီနည်းပညာလူ့ဘောင် (Ethical Tech Society) ကွန်ရက်ကို လုပ်ဆောင်နေသူလည်းဖြစ်တဲ့ လိုရန်နာ ဂျိုမီ ပလက်စီက သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အေအိုင် တိုးတက်မှုက မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

"သဘာဝအရင်းအမြစ် သုံးစွဲမှု နည်းနည်းနဲ့ အကျိုးများအောင်လုပ်နိုင်ကြပါတယ်၊ ဒါပေမဲ့ အဲဒီလို ပိုအကျိုးများရင် ပိုထုတ်လာကြလိမ့်မယ်။"

"ရေရှည်မှာ ပိုပြီး ကျယ်ပြန့်လာ၊ ပိုပြီး မြန်လာတဲ့ အေအိုင် စနစ်တွေ အပြိုင်အဆိုင်လုပ်နိုင်ဖို့ ကျွန်မတို့ဆီမှာ လုံလောက်တဲ့ သဘာဝအရင်းအမြစ် ကုန်ကြမ်းတွေ မရှိပါဘူး" လို့ မစ္စ ပလက်စီက ပြောပါတယ်။

နည်းပညာကုမ္ပဏီတွေက ဘာပြောသလဲ

ဂူဂဲလ်၊ မိုက်ခရို ဆော့ဖ်၊ AWS နဲ့ မက်တာ တို့ အားလုံးက ဒေသဆိုင်ရာ အခြေအနေတွေပေါ် မူတည်ပြီး အအေးစနစ်ကို သူတို့ သေသေချာချာ ရွေးချယ်ပါတယ်လို့ ဆိုပါတယ်။

သူတို့အားလုံးက ၂၀၃၀ မှာ ရေသယံဇာတကို သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘဲ သုံးစွဲမှု (water positive) ဖြစ်ဖို့ ရည်မှန်းချက်တွေ ချမှတ်ထားပါတယ်။ သဘောကတော့ သူတို့ရဲ့ လုပ်ငန်းတွေအတွက် ယူတဲ့ရေထက် သူတို့က ပြန်ရှာပေးတဲ့ ရေပမာဏကို ပိုများအောင် လုပ်ဖို့ပါ။

ဒီလို လုပ်နိုင်ဖို့ သူတို့လုပ်ငန်း လုပ်ကိုင်တဲ့အရပ်ဒေသအတွင်းမှာ ရေတွေ ထိန်းသိမ်းတဲ့၊ ရေတွေ ပြန်ဖြည့်တဲ့စီမံချက်တွေကို ရန်ပုံငွေပေးတာ၊ ပံ့ပိုးတာတွေ လုပ်ဆောင်ဖို့ပါ။ ဥပမာအားဖြင့် သစ်တောတွေ၊ စိမ့်မြေတွေ ထိန်းသိမ်းတာ၊ ရေတွေ ယိုစိမ့်ထွက်မှုကို ရှာဖွေတာ၊ တူးမြောင်းစနစ်ကို မြှင့်တင်တာ စတာတွေ လုပ်ဆောင်ပေးဖို့ပါ။

AWS က သူတို့ ရည်မှန်းချက်ကို ရောက်ဖို့သွားနေတဲ့ လမ်းကြောင်းပေါ်မှာ ၄၁ ရာခိုင်နှုန်း ရောက်နေပြီ၊ မိုက်ခရိုဆော့ဖ်က သူတို့ လမ်းကြောင်းမှန်ပေါ်ရောက်နေတယ်လို့ ဆိုပါတယ်၊ ဂူဂဲလ်နဲ့ မက်တာတို့က ရေတွေ ပြန်ဖြည့်တဲ့ စီမံချက်တွေ သိသိသာသာ တိုးတက်နေကြောင်း စာရင်းဇယားတွေ ထုတ်ပြန်ထားပါတယ်။

ဒါပေမဲ့ ယူနီဆက်ဖ်က မစ္စတာ ဒက်ဗင်က ဒီလို ရည်မှန်းချက်တွေကို ရောက်ဖို့ "အဝေးကြီးကို လျှောက်လှမ်းရဦးမှာ" လို့ ပြောပါတယ်။

OpenAI က သူတို့ ရေနဲ့ စွမ်းအင်ကို အကျိုးရှိရှိ အသုံးချဖို့ "အထူးကြိုးပမ်းဆောင်ရွက်နေတယ်" လို့ ဆိုပါတယ်။

ဒါပေမဲ့ ပါမောက္ခ ရန်က ကုမ္ပဏီတွေက ရေအသုံးချမှု အစီရင်ခံစာ လုပ်ရမှာ တူညီတဲ့ စံသတ်မှတ်ချက်တွေ ထားဖို့ လိုအပ်ကြောင်းပြောပါတယ်။

"ကျွန်တော်တို့ မတိုင်းတာနိုင်ရင် ကျွန်တော်တို့ စီမံကွပ်ကဲလို့ မရနိုင်ပါဘူး။"