ထိပ်တန်းရောက်လာမယ့် အလုပ်အကိုင် နယ်ပယ် ၅ မျိုးနဲ့ အလုပ်ရဖို့လိုတဲ့အရည်အချင်းတွေ

    • ရေးသားသူ, အိုလက် ကပ်ရက်ခ်
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန (ယူကရိန်း)

အလုပ်အကိုင် စျေးကွက်က ဘယ်ကာလနဲ့မှ မတူအောင် ပြောင်းလဲနေပါတယ်။ ဒီနေ့ ကာလမှာ ရှိနေတဲ့ အလုပ်အကိုင်အတော်များများက မကြာခင် ပျောက်ကွယ်သွားတော့မှာပါ။

ကမ္ဘာ့စီးပွားရေး ဖိုရမ် (World Economic Forum) က မကြာသေးခင်မှာ လုပ်ခဲ့တဲ့ လေ့လာမှုအရ အလုပ် စျေးကွက်ပြောင်းလာတာဟာ အကြောင်း ၂ ချက်ပေါ် မူတည်နေတယ်ဆိုတာကို သိရပါတယ်။ အဲဒါတွေကတော့ နည်းပညာအသစ်တွေနဲ့ အလိုအလျောက် စက်သစ်တွေ ပေါ်ထွန်းလာတာနဲ့ အစိမ်းရောင် စီးပွားရေး(Green Economy)၊ စဥ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးရေးတို့ဆီကို ဦးတည်လာတာတွေကြောင့်လို့ ဆိုပါတယ်။

များပြားလွန်းပြီး ရှုပ်ထွေးလှတဲ့ ဒေတာတွေကို စုဆောင်းထိန်းသိမ်းတာ၊ ဆန်းစစ်တာတွေလုပ်ပေးနိုင်တဲ့ big data လို၊ cloud computing လို ကွန်ပျူတာနည်းပညာတွေ ၊ ဉာဏ်ရည်တု (Artificial Intelligence – AI) နည်းပညာတွေက အလုပ်အကိုင် စျေးကွက်ကို အကြီးအမား ပြောင်းလဲသွားစေလိမ့်မယ်လို့ ခန့်မှန်းကြပါတယ်။

သတင်းကောင်းကတော့ နည်းပညာသစ်တွေရောက်လာတာကနေ တချို့ အလုပ်တွေကို ဖျက်သိမ်းပစ်ပေမဲ့ အလုပ်သစ်တွေကို ဖန်တီးပေးတာနဲ့အတူ စီးပွားရေး တစုံလုံးကို ကောင်းကျိုးပေးမှာပါတဲ့။ အရင်းအမြစ်တွေကိုသုံးရာမှာ အရင်ထက် နည်းအောင် သုံးပြီး ပိုအကျိုးဖြစ်မယ့် စီးပွားရေးမျိုးတွေလည်း ပေါ်ထွန်းလာမှာပါ။

ကမ္ဘာ့စီးပွားရေးဖိုရမ်က သုတေသီတွေက လာမယ့် ၅ နှစ်အတွင်း အခုလက်ရှိအချိန်မှာ ရှိနေတဲ့ အလုပ်အကိုင်အမျိုးအစားတွေရဲ့ ၄ ပုံ ၁ ပုံ လောက်က ပြောင်းလဲသွားလိမ့်မယ်လို့ ဆိုပါတယ်။

ဒါကြောင့် လူတွေဟာ အလျင်အမြန် ပြောင်းလဲလာမယ့် အလုပ်စျေးကွက်အတွက် စွမ်းရည် အသစ်၊ ကျွမ်းကျင်မှုအသစ်တွေကို အစဥ်မပြတ်လေ့လာဖို့၊ အရည်အသွေးကို အမြဲ မြှင့်တင်ထားဖို့ လိုအပ်နေပါတယ်။

ထိပ်တန်းရောက်လာတဲ့ စွမ်းရည်တွေ

အလုပ်စျေးကွက် အသစ်မှာ အပြိုင်အဆိုင်တိုးနိုင်အောင်အတွက် လိုအပ်လာတဲ့ စွမ်းရည်တွေထဲက တခုက နည်းပညာ တတ်သိမှုပါ။

ဒီလိုဆိုလိုက်လို့ လူတိုင်းက ကွန်ပျူတာ ပရိုဂရမ်တွေ ရေးနိုင်တာမျိုး ဒါမှမဟုတ် ကွန်ပျူတာစနစ် တခုကို တိတိပပ နားလည်နေတာမျိုး စတာတွေနဲ့ ပြည့်စုံနေရမယ် လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ အနာဂတ်မှာ STEM အလုပ်တွေ (Science - သိပ္ပံ၊ Technology - နည်းပညာ၊ Engineering - အင်ဂျင်နီယာ၊ Mathematics - သင်္ချာ ပညာတွေနဲ့ ပတ်သက်တဲ့ အလုပ်တွေ) ပိုပြီး လိုအပ်လာမယ်လို့ မှန်းဆနေကြပါတယ်။

တကယ်လို့ ကျောင်းမှာ သင့်ရဲ့ သားသမီးတွေအနေနဲ့ ဘာဘာသာရပ်တွေကို ပို အလေးထား သင့်သလဲလို့ စဥ်းစားမယ်ဆိုရင် အဖြေကတော့ သင်္ချာ၊ ကွန်ပျူတာ သိပ္ပံ၊ သဘာဝသိပ္ပံစတဲ့ ဘာသာရပ်တွေပါ။

နောက်ထပ်လိုအပ်တဲ့ စွမ်းရည်ကတော့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်တတ်မှုပါ။ ဒါကို မြှင့်တင်နိုင်ဖို့အတွက် ဆင်ခြင်စဥ်းစားသုံးသပ်တဲ့ စွမ်းရည် တနည်းအားဖြင့် ပုံစံတူ ဖြစ်လာမှုတွေကို သတိပြုတာ၊ အချက်အလက်တွေကို ဆက်စပ်ကြည့်တာ၊ နိဂုံးချုပ်အဖြေထုတ်တာ စတာတွေကို ဆန္ဒစွဲကင်းကင်း၊ စိတ်ခံစားမှုကင်းကင်းနဲ့ လုပ်ဆောင် နိုင်တဲ့စွမ်းရည်ကို ဖြည့်ဆည်းထားရမှာ ဖြစ်ပါတယ်။

ဒီစွမ်းရည်တွေရဖို့အတွက် အာရုံစူးစိုက်မှု အားကောင်းကောင်းနဲ့ လေ့ကျင့်သင်ကြားဖို့လိုအပ်ပါတယ်။ ဒီနေ့ခေတ်မှာ ဂိမ်းကစားတဲ့ ကိရိယာလေးတွေ၊ လူမှုကွန်ရက်တွေ၊ အွန်လိုင်းဂိမ်းတွေ၊ ကြော်ငြာတွေက သင့်ရဲ့ အာရုံတွေ ထွေပြားအောင် အမြဲလုပ်နေတာ မဟုတ်ပါလား။

ခွဲခြမ်းစိတ်ဖြာသုံးသပ်နိုင်တဲ့ စွမ်းရည်ထဲမှာ သိချင်စိတ်ပြင်းပြတာ၊ အမြဲတမ်းလေ့လာသင်ကြားနေတာ၊ အမြဲတမ်း တိုးတက်အောင် လုပ်ဆောင်နေတာတွေပါဝင်ပြီး အဲဒါတွေကြောင့် ကိုယ့်ပန်းတိုင်ကို မျက်ခြည်မပြတ်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။

အင်္ဂလိပ်စာကို အဆင့်မြင့်အောင် သင်ယူထားခြင်းဟာလည်း အဖိုးတန်တဲ့ စွမ်းရည်တခုကို ပိုင်ဆိုင်ထားတာပါပဲ။

ဖန်တီးနိုင်မှုလည်း လိုအပ်ပါတယ်။ သိပ္ပံ၊ အင်ဂျင်နီယာ၊ ဒီဇိုင်း၊ အနုပညာ ဘာသာရပ်တွေမှာ နည်းပညာ တတ်သိမှုနဲ့ ဖန်တီးနိုင်မှုတွေကို ပေါင်းစပ်ထားတဲ့ လူတွေအဖို့ အမြင့်ကို ပိုတက်လှမ်းနိုင်မှာပါ။

လာမယ့်ခေတ်မှာ၊ အထူးသဖြင့် ဉာဏ်ရည်တုခေတ်မှာ ဆက်သွယ်ဆက်ဆံရေး (Communication) နဲ့ ကိုယ်ချင်းစာနာတတ်တာတွေကလည်း သိပ်ကို တန်ဖိုး မြင့်မားတဲ့ စွမ်းရည်တွေ ဖြစ်ပါတယ်။

စက်မှုပိုင်းက ဘယ်လောက်ပဲ အလျင်အမြန်တိုးတက်လာနေပါစေ လူသားတွေအနေနဲ့ လူသားတွေကို လိုအပ်နေမှာဖြစ်ပြီး လူသားဆန်တဲ့ ဂရုထားမှု၊ အသင်းအဖွဲ့နဲ့ လုပ်ဆောင်တတ်မှု၊ နားထောင်ပေးနိုင်တဲ့ စွမ်းရည်၊ အားပေးတတ်မှု၊ ဇာတ်လမ်း ပြောပြနိုင်မှု၊ ကိုယ်ချင်းစာနာမှု စတာတွေဟာ အရင်က ထက်တောင် ပိုလို့ တန်ဖိုး မြင့်မြင့်မားမားထားရတဲ့ နေရာတွေကို ရောက်လာမှာပါ။

ပရော်ဖက်ရှင်နယ်အလုပ်တွေ ရှိထားတဲ့ သူတွေအတွက် လူမှုကွန်ရက်တခုဖြစ်တဲ့ လင့်ခ်အင် (LinkedIn)နဲ့ ပတ်သက်ပြီး ၂၀၂၀ ခုနှစ်မှာ ထုတ်ပြန်တဲ့အစီရင်ခံစာ တခုအရ ဆက်သွယ်ဆက်ဆံရေး (Communication)ဟာ ဒီနေ့ အလုပ်စျေးကွက်မှာ အလိုအပ်ဆုံး စွမ်းရည်တွေထဲက တခု ဖြစ်လာနေပါပြီ။

“အေအိုင် နဲ့ ရိုဘော့(စက်ရုပ်)တွေကို လုပ်ငန်းခွင်မှာ ပိုသုံးလာတာနဲ့အတူ အ‌ဝေးကနေ လုပ်နိုင်တဲ့ လုပ်ငန်းခွင်တွေ တိုးများလာတယ်၊ ကမ္ဘာတလွှားက လူတွေနဲ့ ကျွန်တော်တို့ ပိုချိတ်ဆက်လာနိုင်တယ်၊ ဒီနေရာမှာ ကျွန်တော်တို့ ဘယ်လို ပြောဆိုဆက်ဆံရမလဲ၊ သူများပြောတာကို နားထောင်တတ်ဖို့ ဘယ်တွေလိုလဲ၊ ဘယ်လို ဆက်သွယ်ဆက်ဆံကြမလဲ စတာတွေက သိပ်ကို အရေးကြီးလာပါတယ်” လို့ လုပ်ငန်းခွင်ရေးရာနဲ့ ဆက်ဆံဆောင်ရွက်ရေးဆိုင်ရာ ကျွမ်းကျင်သူ ဒန် နီဂရိုနီက ပြောပါတယ်။

နည်းပညာသစ်များ

သတင်းအချက်အလက် နည်းပညာ (Information Technologies – IT) နဲ့ နည်းပညာ အသစ်တွေက လာမယ့်အနာဂတ်မှာ အလုပ်အကိုင်တွေရနိုင်တယ်ဆိုတာက သိပ်အံ့သြစရာ မရှိပါဘူး။ အေအိုင်နဲ့ အေအိုင်ရဲ့ ဘာသာရပ်ခွဲတခုဖြစ်တဲ့ machine learning (လူသားတွေ သင်ယူမှုပုံစံအတိုင်း အေအိုင်က တုပနိုင်အောင်နဲ့ တဖြည်းဖြည်းတိကျလာအောင် စက်ရဲ့သင်ယူမှု) တို့ ထွန်းကား တိုးတက်လာမှုတွေက အခွင့်အလမ်းကောင်းတွေကို ဆောင်ယူ လာပါတယ်။

အနာဂတ်မှာ ဒီလုပ်ငန်းနယ်ပယ်ထဲ အလုပ်အကိုင်ကောင်း တခုအဖြစ် ပေါ်ထွန်း လာမှာက ပရွန့် အင်ဂျင်နီယာ (prompt engineer) အလုပ်ပါ၊ သူက အေအိုင် မိုဒယ်ပုံစံတွေကို ဆက်သွယ် ဆက်ဆံရေးမှာ ကျွမ်းကျင်သူဖြစ်ပြီး အေအိုင်ကို လုပ်ပေးဖို့ တောင်းဆိုမှုတွေကို လက်ခံကာ အေအိုင်က ပြန်ပြီး လှုပ်ရှားဆောင်ရွက် နိုင်ရေးအတွက် လုပ်ဆောင်ပေးရတဲ့သူပါ။ တနည်းအားဖြင့် သူက လူတွေနဲ့ အေအိုင် အကြားမှာ ကြားခံ ဆက်သွယ်ဆောင်ရွက်ပေးသူပါ။

အေအိုင်နဲ့ ပတ်သက်ပြီး နောက်ထပ်ဖြစ်ပေါ်လာနိုင်တဲ့ အလုပ်တွေထဲမှာ ကျင့်ဝတ်ဆိုင်ရာ ကျွမ်းကျင်သူ (ethicist) အလုပ်လည်းပါဝင်ပါတယ်။ သူကတော့ ကျင့်ဝတ်ပိုင်းတွေ၊ လုံခြုံရေးဆိုင်ရာ ပရိုဂရမ်တွေကို နားလည်တတ်ကျွမ်းထားပြီး လူနဲ့စက် အကြား ဆက်ဆံဆောင်ရွက်ရာမှာ အသုံးပြုရလွယ်တဲ့ စနစ်ကို တည်ဆောက်ပေးတဲ့ သူပါ။

အေအိုင်နဲ့ ပတ်သက်ပြီး ယေဘုယျပြောရရင်တော့ ပရော်ဖက်ရှင်နယ် ပေါင်းစုံက လူတွေက အပြိုင်အဆိုင်အနိုင်ကြဲဖို့အတွက် အေအိုင်ကို အသုံးချကြမှာမဟုတ်ပါဘူး။ မိတ်ဖက် သဘောထားနဲ့ ဆောင်ရွက်ကြမှာပါ၊ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်ကြ မလဲ ဆိုတာကို သူတို့ နားလည်လာအောင် ကြိုးစားကြမှာပါ။

မဝေးတဲ့ အနာဂတ်မှာ အထိအခိုက်မခံတဲ့ အချက်အလက်တွေ ပေါ်ထွန်းလာတာနဲ့ အတူ ဆိုင်ဘာ လုံခြုံရေး ကျွမ်းကျင်သူတွေ အနေနဲ့တော့ အလုပ်အကိုင် ရှားပါး သွားတာမျိုး ကြုံစရာ အကြောင်းမရှိပါဘူး။

နောက်ထပ်ခေတ်စားလာနိုင်တဲ့ လုပ်ငန်းတခုကတော့ သတင်းအချက်အလက်တွေ များမြောင်စွာပါတာကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်တဲ့ big data အလုပ်ပါ၊ ဒီအလုပ်မျိုး က နက်ဖလစ် (Netflix) လို အွန်လိုင်း ရုပ်ရှင် ပလက်ဖောင်းတခုမှာ ပါဝင်တာက အစ ဟက်ဒရွန် ကော်လွိုက်ဒါ (hadron collider) မှာ ပါဝင်တာမျိုးတွေ အထိ အကျယ် အပြန့်ရှိပါတယ်။

ဘဏ္ဍာရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်သူတွေ၊ စီးပွားရေး သုံးသပ်သူတွေနဲ့ ဒေတာ ဘေ့စ်ပေါင်းများစွာပါဝင်တဲ့ ဘလော့ချိန်း စနစ် (blockchain systems) တည်ဆောက်သူ တွေလည်း အနာဂတ်မှာ လိုအပ်ပါလိမ့်မယ်။

အစိမ်းရောင် အလုပ်များ (Green jobs)

ကမ္ဘာ့စီးပွားရေးဖိုရမ်က ၂၀၂၃ မှာထုတ်ပြန်တဲ့ အလုပ်အကိုင်များရဲ့ အနာဂတ် အစီရင်ခံစာမှာ လုပ်ငန်းနယ်ပယ် အသီးသီးကနေ (သဘာဝပတ်ဝန်းကျင်ကို မပျက်စီးစေတဲ့ ထိန်းသိမ်းစောင့်ရှောက်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တဲ့ အလုပ်တွေ ဖြစ်တဲ့) အစိမ်းရောင် အလုပ်တွေကို အလျင်အမြန် လိုအပ်လာလိမ့် မယ်လို့ ဖော်ပြထားပါတယ်။

“ကမ္ဘာတလွှားမှာ အစိမ်းရောင် ပြောင်းလဲရေးနဲ့အတူ သန့်ရှင်းတဲ့ စွမ်းအင် ထုတ်လုပ် တဲ့ နည်းပညာ၊ ကာဗွန် ထုတ်လွှတ်မှု နည်းပါးအောင်လုပ်တဲ့ နည်းပညာ တွေဘက်မှာ အလုပ်အကိုင် အရေအတွက် သန်း ၃၀ ကို ၂၀၃၀ မှာ ဖန်တီး ပေးနိုင်မယ်” လို့ အစီရင်ခံစာက ဆိုထားပါတယ်။

အခု အချိန် မှာ သန့်ရှင်းတဲ့ စွမ်းအင်ထုတ်လုပ်ရေးနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဆိုင်ရာ အလုပ်အကိုင် အသစ်တွေ ဖန်တီးပေးနိုင်တဲ့နေရာမှာ အနောက်နိုင်ငံတွေနဲ့ ဂျပန်နိုင်ငံ က ထိပ်တန်းကနေ ရှိနေပြီး တရုတ်နိုင်ငံက တဖြည်းဖြည်းနဲ့ အမီ လိုက်လာနေပါ တယ်။

ဒီအလုပ်တွေဟာ စီးပွားရေးလုပ်ငန်း ဆိုင်ရာ၊ သိပ္ပံဆိုင်ရာ၊ နိုင်ငံရေးဆိုင်ရာ၊ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာလုပ်ငန်း နယ်ပယ်တွေနဲ့ ဆက်နွှယ်နေပြီး ဒီအလုပ်တွေထဲမှာ ပြည့်ဖြိုးမြဲစွမ်းအင်၊ စွမ်းအင်ထုတ် ရင်းမြစ်သစ်တွေနဲ့ ဘက်ထရီတွေ၊ ပျောက်ကွယ်လု ဖြစ်နေတဲ့ မျိုးစိတ် တွေ ထိန်းသိမ်း စောင့်ရှောက်ရေး စတာတွေနဲ့ ပတ်သက်တဲ့ အလုပ်တွေ ပါဝင်သလို၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေတွေ အပြောင်းအလဲတွေကို နားလည် တတ်ကျွမ်းတဲ့ စီးပွားရေး ဆိုင်ရာ အတိုင်ပင်ခံ၊ ဥပဒေဆိုင်ရာ အကြံပေး စတဲ့ အလုပ်တွေလည်း ပါဝင်ပါတယ်။

စမတ်အိမ်တွေ (smart houses) တည်ဆောက်မယ့် မြို့ပြစီမံကိန်းလုပ်ဆောင်သူတွေ၊ ဗိသုကာတွေ၊ ဒီဇိုင်းလုပ်သူတွေ၊ ဆောက်လုပ်ရေးသမားတွေလည်း အများအပြားလိုအပ်မှာပါ။

ကျန်းမာရေး ဝန်ထမ်းတွေ

ကမ္ဘာမှာ အသက်ကြီးတဲ့ လူဦးရေများလာပြီး လူ့သက်တမ်းကလည်း ပိုရှည်လာ နေပါတယ်။ ကုသပေးရတဲ့အလုပ်တွေ၊ စောင့်ရှောက်ပေးရတဲ့ အလုပ်တွေက အရင်အချိန်ကထက် ပိုလိုအပ်လာနေပါတယ်။

မဝေးတဲ့အနာဂတ်မှာ ကျန်းမာရေးဝန်ထမ်းအလုပ်တွေက သိပ်ကို လိုအပ်နေဦးမှာပါ။ လူနာကို ‌ဆေးဝါးနဲ့ကုသပေးရုံသာမက စိတ်ပိုင်းကိုလည်း အားပေးနိုင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပိုပြီးတော့ လိုအပ်လာပါလိမ့်မယ်။

ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေဟာ ရောဂါသတ်မှတ်မှုနဲ့ ကုသမှုနည်းလမ်း အသစ်တွေကို အစဉ်အမြဲ လေ့လာဖို့ လိုအပ်ပါတယ်။ အေအိုင်ကလည်း သူတို့ကို အထောက်အကူပေးမှာပါ။

စိတ်ကုထုံးနဲ့ကုသပေးသူတွေ (psychotherapists)၊ တဦးချင်း တိုးတက်မှုအတွက် ညွှန်ပြပေးနိုင်သူတွေ၊ စိတ်ပိုင်းဆိုင်ရာ သင်တန်းဆရာတွေ စတဲ့ သူတွေအတွက်လည်း အလုပ်တွေ ရှိနေမှာပါ။

ကာယအား စိုက်ထုတ်ရတဲ့ အလုပ်တွေ

အင်အားစိုက်ထုတ်ရတဲ့ ပရော်ဖက်ရှင်နယ်အလုပ်တွေ - ဥပမာအားဖြင့် မက္ကင်းနစ်တွေ၊ ရေပိုက်ပြင်သမားတွေ၊ မီးပြင်သမားတွေ၊ ဆောက်လုပ်ရေးသမားတွေလည်း လာမယ့်နှစ်တွေမှာ အလုပ်တွေ ဆက်ရှိနေဦးမှာပါ။

အခြေအနေအမျိုးမျိုးအောက်မှာ အသေးစိတ်လေးတွေလုပ်ဖို့ လိုအပ်တဲ့အခါ လူသားတွေကို အစားထိုးနိုင်ဖို့က မဖြစ်နိုင်သေးပါဘူး။ ဒါပေမဲ့ ဒီလို ဆက်ပြီး လိုအပ်နေစေရေးအတွက် လူတွေဟာ ကျွမ်းကျင်သူတွေဖြစ်ဖို့ လိုအပ်ပြီး ကိရိယာ သစ်တွေနဲ့ ကျွမ်းဝင်နေအောင်၊ နည်းပညာဆိုင်ရာ အသိပညာတွေ အမြဲ လိုက်မီ အောင် လုပ်ဆောင်ထားဖို့ လိုအပ်ပါတယ်။

စိုက်ပျိုးရေးကဏ္ဍဘက်မှာ အလုပ်အကိုင်အသစ်တွေ ပေါ်ထွန်းလာမယ်လို့လည်း မှန်းဆနေကြပါတယ်။ ကမ္ဘာမှာ လူဦးရေ တိုးပွားလာတာနဲ့အတူ စားစရာတွေလည်းက ပိုလိုအပ်မှာပါ။ ဒါပေမဲ့ လယ်သမားတွေ ပိုလိုအပ်လာတာထက်စာရင် ကျွမ်းကျင်တဲ့ အင်ဂျင်နီယာတွေက ပိုလိုအပ်လာမှာပါ။

ပျောက်ကွယ်သွားမယ့် အလုပ်တွေ

မကြာခင် အနာဂတ်မှာ ပျောက်ကွယ်သွားမယ့် အလုပ်အကိုင်တွေလည်း အတော် များများ ရှိပါတယ်။ အဲဒါတွေကတော့ အလိုအလျောက်စက်တွေနဲ့ အလွယ်တကူ အစားထိုး နိုင်မယ့် အလုပ်မျိုးတွေပါ။

အလုပ်အကိုင်စျေးကွက်ထဲကနေ မကြာခင်ပျောက်ကွယ်သွားနိုင်တဲ့ အလုပ်တွေကို ဒီမှာ စာရင်းလုပ်ထားပါတယ်။

  • ဝယ်သူအတွက် ဝန်ဆောင်မှုလုပ်ငန်း - Customer Services (ငွေသိမ်း၊ အရောင်း စာရေး၊ အတိုင်ပင်ခံ စသဖြင့်)
  • ရုံး စီမံခန့်ခွဲမှု - Office management (ရုံးခန်းမထားပဲ အ‌ဝေးကနေ အလုပ်လုပ်ကြတာမျိုးက ပိုများ လာနေတာကြောင့်ဖြစ်)
  • ဒေတာ စာရင်းသွင်း - Data entry (စာရင်းဇယား ဝန်ထမ်း၊ ဘဏ္ဍာရေး စာရင်းဇယား ဝန်ထမ်း၊ လက်နှိပ်စက်ရိုက်သူ၊ ဘာသာပြန် စသဖြင့် )
  • စာရင်းကိုင် (Accounting)
  • ဒီအလုပ်ကိုပဲ ထပ်ခါ ထပ်ခါ လုပ်ရတဲ့ စက်ရုံ အလုပ်သမားတွေ။

ဇာတ်လမ်းပြောတဲ့အလုပ် (Storytelling)

အနာဂတ်ကို မျှော်ရည်ကြည့်သူတွေ သိပ်ပြီးတော့ မညွှန်းတဲ့ အလုပ်တခုဖြစ်ပြီး အနာဂတ်မှာ တကယ်ကို့ မရှိမဖြစ် ကျန်ရစ်မယ့်အလုပ်ကတော့ ဇာတ်လမ်း ပြောပြသူပါ။

လူသားတွေရဲ့ ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေကို ဖော်ညွှန်းတဲ့ အနုပညာဖန်တီးမှု အလုပ်တွေက လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာမှာ လိုအပ်သလိုမျိုးပဲ အခုခေတ်ရော အနာဂတ်မှာပါ မရှိမဖြစ် ဆက်ပြီး ရှိနေဦးမှာပါ။

စာရေးဆရာ၊ ကဗျာဆရာ၊ ရုပ်ရှင် ဒါရိုက်တာ၊ သရုပ်ဆောင်၊ လူရွှင်တော်၊ အနုပညာရှင်၊ ဂီတပညာရှင် တွေအဖို့ သူတို့ရဲ့ လုပ်ငန်းနယ်ပယ်မှာ အေအိုင်က ယူဆောင်လာမယ့် စိန်ခေါ်မှု အသစ်တွေကို ရင်ဆိုင်လာရနိုင်ပေမဲ့ သူတို့ရဲ့ အလုပ်တွေကို အများက ဆက်ပြီးတော့ လိုအပ်နေကြဦးမှာပါ။