ဇူလိုင် ၅ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ်- စစ်ကြောင်းထိုးခံနေရတဲ့ ဖားကန့် ဘာတွေဖြစ်နေလဲ

တိုက်ပွဲတွေကြောင့် ညဘက် တိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်တွေ

ဓာတ်ပုံ ရင်းမြစ်, အောင်ဇော်မိုး-ဖားကန့်

ဓာတ်ပုံ ပုံစာ, တိုက်ပွဲတွေကြောင့် ညဘက် တိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်တွေ

ဖားကန့် ကျောက်စိမ်းမြေက ကချင်လွတ်လပ်ရေးတပ်- KIA ထိန်းချုပ်ထားတဲ့ မှော်နေရာတွေမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး ဖားကန့်မြို့တွင်းလှည့်ပတ် လှုပ်ရှားနေတယ်လို့ KIA ပြန်ကြားရေး တာဝန်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ KIA ရဲ့ ဝင်ငွေရလမ်းဖြစ်တဲ့ ဖားကန့်ဒေသ လုံးခင်းကို မေ ကနေစပြီး ရောက်ရှိခဲ့သလို လက်ရှိအချိန်မှာ ဖားကန့်မြို့ပေါ် ကျောက်ဝိုင်းနားအထိ ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဖားကန့်မှာ အမြင့်ဆုံးတောင်လို့ ပြောလို့ရတဲ့ လှမောင်ကုန်းက အေးမြသာယာထဲမှာရှိတယ်။ အဲဒီဘက်သွားတဲ့ လမ်းနှစ်လမ်းလုံးမှာ စစ်ကြောင်းဝင်နေတယ်"လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

စစ်ကြောင်းဝင်လာတာကြောင့် အေးမြသာယာရွာက ရာနဲ့ချီတဲ့ ဒေသခံတွေ ညတွင်းချင်း တိမ်းရှောင်နေကြရပါတယ်။

အေးမြသာယာကျေးရွာထဲမှာ နှစ်ဘက်ပစ်ခတ်မှုတွေကြား သေဆုံးသွားတဲ့ အရပ်သား ၂ ယောက်ကိုလည်း မကောက်ယူနိုင်ကြသေးဘူးလို့ ဒေသခံက ပြောပါတယ်။

ဖားကန့်ဒေသကို စစ်ကြောင်းဝင်နေတဲ့ ကာလအတွင်းမှာ ကျောက်စိမ်းတူးဖော်တဲ့ ကုမ္မဏီတချို့ မီးရှို့ခံရတာအပြင် လုံးခင်းနဲ့ဖားကန့်လမ်းတလျှောက်မှာ အသတ်ခံရတဲ့ အရပ်သား အယောက် ၃၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းထိုးပြီးတဲ့ နေရာတွေက ကုန်းမြင့်နေရာတွေမှာ တပ်စွဲထားတာဖြစ်ပါတယ်။

မှော်ဆီစာဘုရားကုန်း၊ စွန့်ပစ်မြေစာအမှိုက်ပုံ၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းလေး အပြင် နေအိမ်တချို့မှာလည်း တပ်စွဲနေတာတွေရှိတယ်လို့ သိရပါတယ်။

အပစ်ရပ်ဖို့ TNLA နဲ့ စစ်ကောင်စီကို တရုတ်ပြော

လေကြောင်းတိုက်ခိုက်ခံရတဲ့ TNLA ထိန်းချုပ်မြို့နယ်ထဲက နေအိမ်

ဓာတ်ပုံ ရင်းမြစ်, TNLA

ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်ခံရတဲ့ TNLA ထိန်းချုပ်မြို့နယ်ထဲက နေအိမ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို ရပ်စဲဖို့အတွက် တရုတ်က စစ်ကောင်စီနဲ့ တအောင်းတပ်- TNLA ကို သီးခြားစီတွေ့ဆုံ စကားပြောတယ်လို့ TNLA ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြန်ကြားရေးတာဝန်ရှိသူ လွေးယေဦးက ပြောပါတယ်။

တရုတ်ရဲ့ ကြားဝင် သီးသန့်တွေ့ဆုံမှုကပြီးခဲ့တဲ့ ရက်ပိုင်းကလို့ လွေးယေဦးက ပြောခဲ့ပြီး ရက်အတိအကျနဲ့ ဘယ်လိုပုံစံမျိုး ဆက်သွယ်စကားပြောကြတယ်ဆိုတာတော့ မပြောခဲ့ပါဘူး။

"တရုတ်ရဲ့ ကြားဝင်ဆွေးနွေးမှုက ထိရောက်တတ်ပါတယ်။ ကျွန်မတို့နဲ့ တရုတ်တွေ့ချိန်မှာ လက်ရှိ စစ်ကောင်စီရဲ့ လုပ်ရပ်တွေ၊ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေကို တင်ပြခဲ့တယ်။ စစ်ကောင်စီဘက်ကလည်း တင်ပြတာမျိုး ရှိပါတယ်"လို့ လွေးယေဦးက ပြောပါတယ်။

တရုတ်ကလည်း စစ်ကောင်စီနဲ့ တအာင်းတပ်ဖွဲ့ကြား အပြုသဘောဆောင်တဲ့ ကြားဝင်ချိတ်ဆက်တာမျိုးဖြစ်တယ်လို့ သူကပြောပါတယ်။

လက်ရှိ စစ်ကောင်စီက ထိုးစစ်ဆင်နေတဲ့ နောင်ချိုမြို့နယ်ထဲမှာလည်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တအောင်းတပ် သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို ပြန်လက်မလွှတ်ရအောင် ခုခံစစ်အနေနဲ့ တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့ကြောင့် တရုတ်ကြားဝင် ညှိနှိုင်းပြီး ကူမင်းမှာ စစ်ကောင်စီနဲ့ တအာင်းတပ်တို့ ဆွေးနွေးဖို့ကိုလည်း လာမယ့် ဩဂုတ်မှာ လျာထားကြပါတယ်။

စစ်ကောင်စီဟာ TNLA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေကို လေကြောင်းတိုက်ခိုက်တာတွေ ရှိနေပြီး ပြီးခဲ့တဲ့ ဇွန် တစ်လတည်းမှာတင် တိုက်ပွဲမဖြစ်တဲ့ ကျောက်မဲမြို့မှာ လေကြောင်းတိုက်ခံရလို့ ကလေး ၂ ယောက် အပါအဝင် ၅ ယောက် သေဆုံးပြီး ၂၂ ယောက် ဒဏ်ရာရတယ်လို့ TNLA က ဇူလိုင် ၅ ရက်မှာ ထုတ်ပြန်ပါတယ်။

မြဝတီ- ဝေါလေက စစ်ဘေးရှောင်တွေ ထိုင်းဘက်ကို တိမ်းရှောင်

ထိုင်းဘက်ကို တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို ထိုင်းစစ်တပ်က ကူညီပေး

ဓာတ်ပုံ ရင်းမြစ်, မဲဆောက်မြို့ အုပ်ချုပ်ရေး

ဓာတ်ပုံ ပုံစာ, ထိုင်းဘက်ကို တိမ်းရှောင်လာတဲ့ စစ်ဘေးရှောင်တွေကို ထိုင်းစစ်တပ်က ကူညီပေး

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ပိုင်း ဥကရစ်ထနဲ့ တီသဲလယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေဟာ ထိုင်းနိုင်ငံ၊ ဖုတ်ဖရာ့ဘက်ကို တိမ်းရှောင်လာကြတယ်လို့ ထိုင်း-မြန်မာနယ်စပ်က စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

တိုက်ပွဲတွေ စပြင်းထန်တဲ့ ဇူလိုင် ၄ ရက်ကစပြီး စစ်ဘေးရှောင် အယောက် ၂၀၀ ဝန်းကျင်လောက် ဟာ ဖုတ်ဖရမြို့၊ တာခမ်းဝေါ်လေရွာဘက်ကို ရောက်ရှိလာတယ်လို့ ပြောပါတယ်။

ကျေးရွာ ၁၀ ရွာက စစ်ဘေးရှောင် အရေအတွက် ထောင်ချီရှိပြီး အများစုက ကရင်ပြည်နယ်တွင်းက စစ်ရှောင်စခန်း၊ ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန် ဘုရားကျောင်းတွေမှာ ခိုလှုံနေရတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲဖြစ်တဲ့ ဥကရစ်ထဟာ စစ်ကောင်စီရဲ့ ဝေါလေဗျူဟာကုန်း အနောက်မှာရှိပြီး တီသဲလယ်ကတော့ တောင်ဘက်မှာရှိတယ်လို့ စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

အဲဒီစခန်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လက်နက်ချဖို့ KNLA နဲ့ ပူးပေါင်းအဖွဲ့တွေက ဇူလိုင် ၃ ရက်မှာ ညှိနှိုင်းပေမဲ့ အကြောင်းမပြန်တာကြောင့် ဇူလိုင် ၄ ရက် မနက်ပိုင်းမှာ တိုက်ပွဲစပြင်းထန်တာလို့ KNLA တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေကို ဝေါလေဗျူဟာကုန်းကနေ လက်နက်ကြီးနဲ့ ပစ်တာကြောင့် ဒေသခံတချို့လည်း ထိခိုက်ဒဏ်ရာ ရပြီး ထိုင်းဘက်ကို တိမ်းရှောင်ကြရတာလို့ ထိုင်း-မြန်မာနယ်စပ်က စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

"လက်နက်ကြီး ဒဏ်ရာရတဲ့ သုံးယောက်ကို ထိုင်းစစ်တပ်က ဖုတ်ဖရာ့ဆေးရုံကိုပို့ပေးတယ်"လို့ ပြောပါတယ်။ ဒီနေ့ ဇူလိုင် ၅ ရက်အထိလည်း တိုက်ပွဲတွေ ဆက်ပြင်းထန်နေတုန်းပဲလို့ သိရပါတယ်။

စစ်ကောင်စီက PDF ကို ဖိတ်ခေါ်မှု NUG ဘာပြောလဲ

အမျိုးသားညီညွတ်ရေးအစိုးရ -NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, အမျိုးသားညီညွတ်ရေးအစိုးရ -NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF အပါအဝင် တော်လှန်ရေးဖွဲ့တွေကို ဘက်ပြောင်းလာဖို့ စစ်ကောင်စီက ကမ်းလှမ်းတာဟာ တော်လှန်ရေးကို သွေးခွဲရေး နည်းဗျူဟာကို သုံးနေတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ -NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဘီဘီစီကို ပြောပါတယ်။

ဒီလိုသွေးခွဲတဲ့ နည်းလမ်းဟာ စစ်ကောင်စီ သုံးနေကျ နည်းဗျူဟာ ဖြစ်တယ်လို့ ပြောပါတယ်။

"ပြည်သူရော တော်လှန်ရေး အင်အားစုရော ရိုးနေပြီလို့ ပြောရမှာပဲ။ ဒါကို တော်လှန်ရေး အင်အားစုတွေဘက်က စစ်တပ်လိုချင်တဲ့ ညီညွတ်မှု ပြိုကွဲတာ မဖြစ်ရအောင် စည်းလုံးတယ်ဆိုတာ ဒီထက်ပိုပြနိုင်ဖို့ အရေးကြီးပါတယ်"လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အခုလို ကမ်းလှမ်းပြီးတယ်ဆိုရင် အဖမ်းခံထားရတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် တချို့ ဒါမှမဟုတ် ငွေကြေးနဲ့ ခေါ်ယူထားတဲ့ လူတစ်ချို့ကို သုံးပြီး လက်နက်ချလာတဲ့သူတွေဆိုပြီး ထုတ်ပြန်ဦးမှာ ဖြစ်တယ်လို့လည်း ထပ်ပြောပါတယ်။

အမျိုးသား ညီညွတ်ရေးအစိုးရ-NUG နဲ့ CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီတို့ရဲ့ ဝါဒဖြန့်တာကို လက်ခံယုံကြည်ပြီး လက်နက်ကိုင်လမ်းစဉ်ကို ရွေးခဲ့တာ ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာပါ။

ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အခြေခံတဲ့ ပြည်ထောင်စုပေါ်ထွန်းဖို့ဆိုတဲ့ တူညီတဲ့ ပန်းတိုင်ရှိနေတာကြောင့် NUG နဲ့ CRPH တို့ရဲ့ ဝါဒမှိုင်းကြောင့် လမ်းစပျောက်မသွားဖို့ဆိုပြီး တော်လှန်ရေးအဖွဲ့တွေကို ရွေးကောက်ပွဲမှာ ပူးပေါင်းဖို့ပါဝင်ပါတယ်။

ဒါ့ကြောင့် တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်တပ်နဲ့ လက်တွဲပြီး နိုင်ငံအကျိုး၊ ဒေသအကျိုး ဖော်ဆောင်မယ်ဆိုရင် ကြိုဆက်လက်ခံမှာ ဖြစ်တဲ့အတွက် နီးစပ်ရာ တပ်စခန်းတွေကို ဆက်သွယ်နိုင်တယ်လို့ စစ်ကောင်စီက ကမ်းလှမ်းတာ ဖြစ်ပါတယ်။

NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က NUG၊ CRPH ဆိုတာက ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ပေါ် အခြေခံ ပေါ်ပေါက်လာတဲ့ ဥပဒေပြုမဏ္ဍိုင်နဲ့ အုပ်ချုပ်ရေး မဏ္ဍိုင်တွေ ဖြစ်တယ်လို့ တုန့်ပြန်ပါတယ်။

"ပြည်သူ့ဆန္ဒကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်နဲ့ အစိုးရကို ချေဖျက်ချင်လို့ တရားမဝင် ရွေးကောက်ပွဲတစ်ခုကို ဟန်ပြလုပ်ဖို့ ကြိုးစားနေတာ အားလုံးသိရှိပြီး ဖြစ်မှာပါ"လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒါ့အပြင် CRPH နဲ့ NUG ကို သူတို့ရဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်တွေကတောင် အသိအမှတ်ပြု လက်ခံထားတာ မရှိဘဲ ပုဂ္ဂိုလ်ရေးအကျိုးအတွက် တရားမဝင် ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

သူတို့ရဲ့ ခေါင်းဆောင်ပုဂ္ဂိုလ်တွေဆိုတာဟာ စစ်ကောင်စီဖမ်းဆီးထားတဲ့ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကို ရည်ညွှန်းတယ်လို့ နားလည်ရပါတယ်။

ပြီးခဲ့တဲ့ ဇွန်တုန်းက ပေါက်ကြားခဲ့တဲ့ ရုံးချိန်းထွက်ဆိုချက်မှာ NUG ၊ CRPH တို့နဲ့ ပတ်သက်လို့ ဒေါ်ဆောင်ဆန်းစုကြည်က ရေရေရာရာ ဘာမှမသိရတာကြောင့် ဘာမှ သဘောထားပေးဖို့မရှိပါလို့ ပါဝင်ခဲ့တဲ့အပေါ် စစ်ကောင်စီက ရည်ညွှန်းတာ ဖြစ်ပါတယ်။

တရားရုံးမှာ ထွက်ဆိုချက်တွေကို ရည်ရွယ်ချက်ရှိရှိ ဖြန့်ပြီး အသုံးပြုတာက အဓိပ္ပါယ်မရှိတဲ့ ကိစ္စဖြစ်ပြီး ခေါင်းဆောင်တွေက လက်မခံတာ တကယ်သေချာတယ်ဆိုရင် နိုင်ငံ့ခေါင်းဆောင်တွေကို တရားဝင်ပြောခွင့်ပေးလိုက်ဖို့ ဦးနေဘုန်းလတ်က တုန့်ပြန်ပါတယ်။

တော်လှန်ရေးအဖွဲ့တွေကို ဘက်ပြောင်းလာဖို့ စစ်ကောင်စီကမ်းလှမ်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် ပေါ်ပေါက်လာဖို့ဟာ စစ်ကောင်စီနဲ့ တော်လှန်‌ရေးအဖွဲ့တွေရဲ့ တူညီတဲ့ ရည်မှန်းချက်ဖြစ်တာကြောင့် ရွေးကောက်ပွဲကို အပြည့်အဝ ပူးပေါင်းဖို့ စစ်ကောင်စီက PDF အပါအဝင် တော်လှန်ရေးအဖွဲ့တွေကို ကမ်းလှမ်းလိုက်ပါတယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က ဒီနေ့ ဇူလိုင် ၄ ရက် နေ့စဉ်ထုတ် သတင်းစာတွေကနေ "ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်" ဆိုပြီး ကြေညာလိုက်တာပါ။

လက်နက်ကိုင်လမ်းစဉ်ဟာ နှစ် ၇၀ ကျော် ကြာလာပေမဲ့ ရလဒ်မထွက်တဲ့အပြင် နိုင်ငံဖွံ့ဖြိုးရေး နောက်ကျသလို ကိုယ်က လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်နေတာကြောင့် မိဘ၊ ဆွေမျိုး၊ မောင်နှမတွေရဲ့ လူမှုစီးပွားဘဝတွေလည်း ထိခိုက်ပျက်စီးတယ်လို့ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို စစ်ကောင်စီက ထုတ်ပြောလာပါတယ်။

လက်နက်ကိုင်လမ်းစဉ်ကြောင့် လူငယ်တွေ အသက်ဆုံးရှုံးရပြီး လူ့စွမ်းအား အရင်းအမြစ် ဆုံးရှုံးတာတွေ ဖြစ်နေတယ်လို့လည်း ဆိုပါတယ်။

ဒါပေမဲ့ မန္တလေးတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ယောက်ကတော့ ယုံကြည်လို့မရဘူးလို့ ပြောပါတယ်။

"စစ်တပ်ရဲ့စကား ဘယ်တုန်းက ယုံရလို့လဲ။ အပစ်ခတ်ရပ်စဲပါတယ်ဆိုပြီး လေကြောင်းတွေပစ်တာပဲလေ။ အခု ရွေးကောက်ပွဲဆိုတာကလည်း သူတို့ရဲ့ ကြံ့ခိုင်ရေးပါတီပဲ မဲအများဆုံးပြီး သူတို့ပဲ တက်လာမှာပဲလေ"လို့ သူကပြောပါတယ်။

ဆန္ဒပြတာ၊ တော်လှန်ရေးမှာ ပါဝင်တာကြောင့် ကလေးအပါအဝင် မိသားစုဝင်တချို့လည်း စစ်ကောင်စီက ဖမ်းဆီးခံရတာတွေ ရှိခဲ့သလို နေအိမ်ချိတ်ပိတ်ခံရတာတွေလည်း ရှိပါတယ်။

၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ကျင်းပမယ်လို့ စစ်ကောင်စီရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲမှာ ပါဝင်မယ့် နိုင်ငံရေးပါတီ ၅၄ ပါတီရှိတယ်လို့လည်း သိရပါတယ်။

ရည်မှန်းချက်တူညီတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်အခြေခံ ပြည်ထောင်စု ပေါ်ပေါက်လာဖို့ကလည်း ကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးတွေလိုအပ်ပြီး ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် လွှတ်တော်၊ အစိုးရတွေနဲ့ ဆက်ဆွေးနွေးကြရမှာ ဖြစ်တယ်လို့လည်း စစ်ကောင်စီရဲ့ ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

သီပေါနဲ့နောင်ချို လေကြောင်းဗုံးကြဲခံရ

ဇူလိုင် ၄ ရက် ညပိုင်းက လေကြောင်းကနေ ဗုံးကြဲခံရတဲ့ ဆေးရုံ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဇူလိုင် ၄ ရက် ညပိုင်းက လေကြောင်းကနေ ဗုံးကြဲခံရတဲ့ ဆေးရုံ

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်- TNLA သိမ်းပိုက်ထားတဲ့ သီပေါမြို့ကို ဇူလိုင် ၄ ရက်ညပိုင်းကလေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

သီပေါမြို့ပေါ်ကို စစ်ကောင်စီလေယာဉ်က ည ၁၀ နာရီကျော်မှာ ဗုံးတွေလာကြဲခဲ့တာပါ။

ဗုံးကြဲခဲ့တဲ့ နေရာတွေဟာ သီပေါဆေးရုံရဲ့ ရင်ခွဲရုံဘေးက ခွဲစိတ်ဆောင်နဲ့ နမ့်ပေါ့ တံတားနားက စိုက်ပျိုးရေးရုံး ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဗုံးကျပေါက်ကွဲခဲ့တဲ့ဆေးရုံမှာ လူတစ်ယောက် သေဆုံးတယ်လို့သာ လတ်တလော သိထားရသေးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိ/မရှိကိုတော့ မသိကြရသေးပါဘူး။

ဘီဘီစီကို ပေးပို့လာတဲ့ ဗွီဒီယိုဖိုင်မှာဆိုရင် ညအမှောင်ထဲမှာ လေယာဉ်သံဝဲသံ ကြားရပြီးနောက် စက္ကန့်ပိုင်းမှာပဲ ဗုံးပေါက်ကွဲသံကိုပါကြားရပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ သီပေါမြို့ထဲမှာ ပုံမှန်အတိုင်း သွားလာနေကြပေမဲ့ လေကြောင်းရန်ကို ကြောက်လန့်နေကြတယ်လို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ TNLA တိုက်ပွဲတွေ ဖြစ်နေတဲ့ နောင်ချိုမြို့ကိုလည်း ဇူလိုင် ၁ ရက်နဲ့ ၂ ရက်မှာ လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။

အုမ္မခါး၊ မျက်ချီးနု၊ လုံစံ၊ ကျောက်တော်ကျေးရွာတွေသာမက တိုက်ပွဲမဖြစ်တဲ့ ကျေးရွာတွေကိုပါ လေကြောင်းသာမက လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ဗုံးကြဲခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

နောင်ချိုမြို့နယ်ထဲကို လေကြောင်းကနေ ဗုံး ၆ လုံး၊ လက်နက်ကြီးနဲ့ အလုံးရေ တစ်ရာကျော်၊ ဒရုန်းနဲ့ ဗုံး ၂၀ ဝန်းကျင် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒါ့ကြောင့် ပြည်သူတွေအနေနဲ့ လေကြောင်းရန် ကာကွယ်နည်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း သတိပေးထားပါတယ်။