အဖမ်းအဆီးကြမ်းနေတဲ့ မဲဆောက်မှာ စိုးထိတ်နေရတဲ့မြန်မာတွေ

ဓာတ်ပုံ ရင်းမြစ်, Tak Immigration
ထိုင်းအစိုးရအဖွဲ့အတွင်း ကသောင်းကနင်းဖြစ်နေချိန်မှာတောင် မြန်မာတွေခိုလှုံနေထိုင်တာများတဲ့ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှာ တရားမဝင်နေထိုင်သူတွေကို ပိုက်စိပ်တိုက်ရှာဖွေ ဖမ်းဆီးမှုတွေရှိနေပါတယ်။
၂၀၂၅ ဇွန်လမှာတော့ မဲဆောက်မှာတရားမဝင်နေထိုင်သူတွေကို ထိုင်းအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုက ဒီတကြိမ်မှာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။
မြန်မာစစ်တပ်အာဏာသိမ်းပြီးချိန် ၂၀၂၁ ခုနှစ် ကတည်းက သောင်းနဲ့ချီတဲ့ မြန်မာတွေဟာ ထိုင်းဘက်ခြမ်း မဲဆောက်မြို့မှာ ဘေးကင်းလုံခြုံရာနေရာ အဖြစ်ခိုလှုံနေကြပါတယ်။
မဲဆောက်မှာ မြန်မာတော်လှန်ရေးသမားတွေ၊ နိုင်ငံရေးခိုလှုံခွင့်ရဖို့စောင့်ဆိုင်းနေကြသူတွေနဲ့ ပြည့်နေသလို စစ်တပ်ကိုဆန့်ကျင်ဆန္ဒပြရုံနဲ့ ထွက်ပြေးခဲ့ရသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ ရွှေ့ပြောင်းအလုပ် သမားတွေ ရှိနေပါတယ်။
မြန်မာလူဦးရေသုံးသိန်းကျော်ထဲမှာ အများစုက တရားမဝင်နေထိုင်ကြတာဖြစ်လို့ ဘယ်အချိန်ဖမ်းဆီးခံရမလဲဆိုတဲ့ ရတက်မအေးမှုတွေနဲ့ ကျော်ဖြတ်နေရပါတယ်။ ဒီလိုဖမ်းဆီးမှုဖြစ်လာတာက ဘာကြောင့်လဲ။
ဘာ့ကြောင့် ဖမ်းဆီးတာတွေ များလာသလဲ

ဓာတ်ပုံ ရင်းမြစ်, Tak Immigration
အဖမ်းအဆီးကြမ်းလို့ မဲဆောက်မြို့ထဲက မြန်မာတွေဟာ ည ကိုးနာရီမတိုင်ခင်မှာ မီးပိတ်၊ တံခါးပိတ်ပြီး လူမနေတဲ့အိမ်ပုံစံမျိုး ဖန်တီးနေထိုင်ကြရပါတယ်။ နေ့ဘက်မှာလည်း အရေးကြီးကိစ္စမရှိရင် အိမ်အပြင် မထွက်ကြတော့ဘူးလို့ ဆိုပါတယ်။
ထိုင်းလူဝင်မှုကြီးကြပ်ရေး၊ ရဲတပ်ဖွဲ့တွေ အပါအဝင် ထိုင်းလုံခြုံရေး တာဝန်ရှိသူတွေဟာ မဲဆောက်မြို့မှာ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးနေတာကနေ ဇွန် ၆ ရက်ကစတင်ပါတယ်။
မဲဆောက်မြို့တွင်းမှာ လျှပ်စစ်စက်ဘီးစီးတဲ့သူတွေကို စတင်ဖမ်းဆီးခဲ့တာပါ။ အဲဒီနောက် ဆိုင်ကယ်၊ ကုန်စိမ်း/ကုန်ခြောက်တွေကို သယ်ပို့ပေးနေတဲ့ ဆိုက်တွဲလို့ ခေါ်တဲ့ သုံးဘီးဆိုင်ကယ်တွေကိုလည်း ပစ်မှတ်ထားဖမ်းနေတယ်လို့ မဲဆောက်မြို့မှာနေထိုင်တဲ့ မစန္ဒာမော်က ပြောပြပါတယ်။
"အရင်က လူကို မဖမ်းဘူး၊ ဆိုင်ကယ်၊ လျှပ်စစ်စက်ဘီး၊ သုံးဘီးဆိုင်ကယ်တွေကိုပဲ သိမ်းပြီး လူကိုပြန်လွှတ်တယ်။ အခုက လူကိုပါ မရရအောင် လိုက်ဖမ်းတာ၊ ရဲတွေရဲ့ ပစ်မှတ်က လူတွေဖြစ်နေပြီ"လို့ မဲဆောက်မှာ ခိုလှုံနေရတဲ့ မစန္ဒာမော်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tak Immigration
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ရဲ့ အချက်အလက်အရ ဇွန် ၂၀ ရက် နောက်ပိုင်းမှာ အိမ်တန်းလျားတွေ၊ ဆောက်လုပ်ရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဈေးဆိုင်ခန်း၊ အလှပြင်ဆိုင်၊ ဆံပင်ညှပ်ဆိုင်တွေကိုပါ ဝင်ရောက်ဖမ်းဆီးတာတွေ ရှိလာပါတယ်။
"မဲဆောက်မှာ ရောက်နေတဲ့ နှစ် ၂၀ ကာလအတွင်း အခုလောက် အဖမ်းအဆီးကြမ်းတာမျိုး မကြုံဖူးဘူး၊ အခုက မြန်မာအလုပ်သမားတွေကို ခန့်တဲ့ ထိုင်းလုပ်ငန်းရှင်တွေကိုပါ ဖမ်းတာ"လို့ မဲဆောက် အခြေစိုက် မြန်မာလုပ်သားအရေးဆောင်ရွက်တဲ့ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
ပုံမှန်အားဖြင့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နှင်းဖို့၊ ရာဇဝတ်မှု၊လက်နက်ကူးသန်းရောင်းဝယ်မှု၊လူကုန်ကူးမှု၊ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်တာတွေကို တစ်နှစ်ကို နှစ်ကြိမ် စီမံချက် ရက်သတ်မှတ်ပြီး တင်းတင်းကျပ်ကျပ် ဖမ်းဆီးလေ့ရှိပါတယ်။
အဲဒီပြစ်မှုတွေကို ဖမ်းဆီးရင်း မြန်မာနိုင်ငံသားတွေ တရားမဝင် နေထိုင်တာ၊ တရားမဝင်အလုပ်လုပ်ကိုင်တာတွေကိုပါ ဆက်နွှယ်ဖမ်းဆီးခံရတာတွေ များလာတယ်လို့ မဲဆောက် အခြေစိုက် အဖွဲ့တွေက ရှင်းပြပါတယ်။
မဲဆောက်မြို့က တမာတော (၂) လက်ဖက်ရည်ဆိုင်ကို ဝင်ရောက်ဖမ်းဆီးတဲ့အခါ ထိုင်းလုပ်ငန်းရှင်က အလုပ်လုပ်ခွင့်ပါမစ် မရှိတဲ့ မြန်မာနိုင်ငံသားတွေကို အလုပ်ခန့်ထားတာကြောင့် ထိုင်းအလုပ်ရှင်ကိုပါ ဖမ်းဆီးခဲ့တယ်လို့ တာ့ခ် ခရိုင်လူဝင်မှုကြီးကြပ်ရေးရုံးရဲ့ ဇွန် ၂၄ ရက်ထုတ်ပြန်ချက်ကဖော်ပြပါတယ်။
လက်ဖက်ရည်ဆိုင်တွေ၊ တန်းလျားတွေ၊ အိမ်ခန်းတွေကနေလည်း တရားမဝင် အထောက်အထားမဲ့ နေထိုင်သူတွေဆိုပြီး မြန်မာနိုင်ငံသားတချို့ ဖမ်းဆီးခံထားရတာကိုလည်း တာ့ခ် ခရိုင် လဝကရုံးက ထုတ်ပြန်ထားပါတယ်။
အခုတစ်ကြိမ် ဖမ်းဆီးခံရသူတွေထဲမှာ တရားဝင် နေထိုင်ခွင့် အထောက်အထားမရှိသူတွေအပါအဝင် တရားဝင် အလုပ်လုပ်ခွင့် (ပန်းရောင်ကတ်) ရှိရင်တောင် ကတ်ထဲမှာပါတဲ့အချက်အလက်တွေနဲ့ကွဲလွဲနေရင်လည်း ဖမ်းဆီးပါတယ်။
"သူဌေးနာမည်နဲ့ အချက်အလက်တွေကို မှတ်ထားတော့ သူတို့နားလည်အောင် ထိုင်းလိုရော၊ မြန်မာလိုရော၊ အင်္ဂလိပ်လိုရော တတ်နိုင်သလောက် ပြောရတာ။ သေချာ ရည်ရည်လည်လည် မဖြေနိုင်ရင် ဖမ်းခံထိကြတာပဲ"လို့ စစ်ဆေးမေးမြန်းခံရဖူးတဲ့ မစန္ဒာမော်က ပြောပါတယ်။
တင်းတင်းကျပ်ကျပ် ဖမ်းဆီးတာတွေ စတင်တဲ့ ဇွန် ၆ ရက်ကနေ ဇွန် ၂၅ ရက်အတွင်း ဖမ်းဆီးခံထားရသူ မြန်မာနိုင်ငံသား ၁၀၀ ကျော် ရှိနေပြီလို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) စာရင်းအရ သိရပါတယ်။
ဒီတကြိမ်ဖမ်းဆီးမှုမှာတော့ မဲဆောက်ဒေသခံ ထိုင်းနိုင်ငံသားတွေက တရားမဝင်နေထိုင်နေသူတွေနဲ့ ပတ်သက်ပြီး ထိုင်းပါတီတချို့နဲ့ နှုတ်ခမ်းမွှေးလို့ လူသိများတဲ့ ထိုင်းမျိုးချစ်အဖွဲ့ဦးဆောင်သူတွေကို တိုင်ကြားချက်များလာရာကနေ ဒီလိုတင်းကျပ်တဲ့ပိုက်စိပ်တိုက်ဖမ်းဆီးမှုဖြစ်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
တိုင်ကြားခံရမှုတွေများတာကြောင့် ဘန်ကောက်က ရဲတပ်ဖွဲ့ ကိုယ်တိုင်ဦးစီးပြီး မဲဆောက်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး နေရာ ၁၀၀ ကျော်ကို လိုက်လံစစ်ဆေးနေတာလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tak Immigration

ဓာတ်ပုံ ရင်းမြစ်, Amarin News
ထိုင်းနိုင်ငံမှာ မြန်မာအပါအဝင် နိုင်ငံခြားသား အလုပ်သမားတွေ လုပ်ကိုင်ခွင့် မရှိတဲ့ လုပ်ငန်း ၂၇ မျိုးကို ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။
အဲဒီလုပ်ငန်းတွေထဲက ယာဉ်မောင်းလုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ ဆံပင်ညှပ်/အလှပြင်၊ ပွဲစားနဲ့အေဂျင်စီလုပ်ငန်း၊ ဧည့်လမ်းညွှန်၊ ဈေးရောင်းစတဲ့ လုပ်ငန်းတွေမှာပါဝင်ပါတယ်။
ဒါပေမဲ့ အဲဒီလုပ်ငန်းတွေထဲမှာပဲ မြန်မာတွေ အများဆုံးဝင်ရောက်လုပ်ကိုင်နေကြတာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ရဲ့ ဖမ်းဆီးမှုကနေ လွတ်မြောက်အောင် ထွက်ပြေးလာကြသူတွေဟာ မဲဆောက်ကို အစုလိုက် အပြုံလိုက် ရောက်ရှိလာပါတယ်။
တော်လှန်ရေးမှာ ပါဝင်ပြီး ရောက်လာသူ အများစုဟာ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူတွေ၊ ပညာကို အသုံးချပြီး အသက်မွေးကြသူတွေလည်းပါကြပါတယ်။
"တော်လှန်ရေးမှာ ဆက်ပါဝင်ဖို့က ကိုယ်ပိုင်လုပ်ငန်းအနေနဲ့ ဟင်း၊ အစားအသောက် ချက်ပြုတ်ပြီး ရောင်းတာ၊ အလှပြင်ဆိုင်ဖွင့်တာ၊ ဈေးရောင်းတာတွေ လုပ်ကြရတာ၊ ဒါတွေကို ထိုင်းတချို့က သူတို့လုပ်ရတဲ့အလုပ်တွေကို ဝင်လုပ်တယ်ဆိုပြီး အမြင်မကြည်ဘူး''
'' တချို့မြန်မာတွေကလည်း ကိုယ့်နိုင်ငံသား ဂရုတင်မကဘူး ထိုင်း ဂရုတွေမှာပါ ဈေးရောင်း ပို့စ်တွေတင်တယ်"လို့ မဲဆောက်ရောက် တော်လှန်ရေးထောက်ပို့လုပ်နေသူတစ်ဦး က ပြောပါတယ်။
ဒါ့အပြင် မဲဆောက်မြို့မှာ "ခြံမြေကွက်ရောင်းရန်ရှိသည်" ဆိုတဲ့ မြန်မာစာနဲ့ ရေးထားတဲ့ ကြေညာဆိုင်းဘုတ်ကို ထိုင်းလွှတ်တော်အမတ်တစ်ယောက်က "မြန်မာနိုင်ငံသားတွေ မဲဆောက်မှာ မြေရောင်းလို့ရပြီလား"ဆိုတဲ့ မေးခွန်းနဲ့ ပို့စ်တင်ထားတာကို ထိုင်းသတင်းဌာနတွေမှာ ရေးသားထားပါတယ်။
"တစ်ခု ထပ်တိုးတာက ထိုင်းအမျိုးသားရေးအဖွဲ့တွေကလည်း ထိုင်းတွေသာ လုပ်ခွင့်ရတဲ့ အလုပ်တွေကို မြန်မာတွေက ဝင်လုပ်တယ်ဆိုပြီး ထိုင်းလွှတ်တော်အမတ်တွေကို တိုင်တာတွေရှိတယ်"လို့ ဦးမိုးကြိုးက ပြောပါတယ်။
အဲဒီနောက်ပိုင်း မဲဆောက်ကို ထိုင်းလွှတ်တော်ကိုယ်စားလှယ်တချို့ ရောက်လာပြီး ထိုင်းဒေသခံတွေနဲ့ တွေ့ဆုံချိန်မှာ ဆိုင်ကယ်မောင်း၊ ဘေးတွဲမောင်းတာ၊ ဈေးရောင်းတာတွေ အပါအဝင် တားမြစ်ထားတဲ့လုပ်ငန်းတွေမှာ မြန်မာတွေ လုပ်ကိုင်နေတာတွေကို တွေ့ရှိခဲ့ပါတယ်။
"ဘယ်နေရာဖြစ်ဖြစ် လက်ညိုးထိုးစရာ ဖြစ်သွားပြီး ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေ ပြောစရာတပုံကြီး ဖြစ်သွားတာပေါ့"လို့ ဦးမိုးကြိုးက ပြောပါတယ်။
ထိုင်းနိုင်ငံကလည်း သူတို့သတ်မှတ်ထားတဲ့ ဥပဒေအတိုင်း လုပ်ဆောင်နေတာဖြစ်တဲ့အတွက် ဖမ်းဆီးခံရပြီးရင် မြန်မာနိုင်ငံကို ပြန်ပို့ မခံရဖို့ကိုသာ မြန်မာနိုင်ငံသားအရေးဆောင်ရွက်နေသူတွေက ကူညီပေးနေကြရပါတယ်။
မြန်မာတွေ ဘယ်လောက်ထိ စိုးရိမ်နေကြလဲ

ဓာတ်ပုံ ရင်းမြစ်, Tak Immigration
အဖမ်းအဆီးကြမ်းနေတာကြောင့် ဆိုင်ကယ်တွေ၊ ဘေးတွဲဆိုင်ကယ်တွေ၊ လျှပ်စစ်စက်ဘီးတွေ အိမ်မှာရှိနေရင်တောင် မစီးရဲဘဲ လမ်းလျှောက်ပြီး သွားလာနေကြရပါတယ်။
"လျှပ်စစ်ဘီးနဲ့သွားလိုက်ရင် အလုပ်က ငါးမိနစ်လောက်ဆိုရောက်ပြီ၊ အခုက မိနစ် ၂၀ လောက် လမ်းလျှောက်ရတယ်"လို့ နေ့စဉ်အလုပ်အသွားအပြန် အခြေအနေကို မဲဆောက်က မြန်မာအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် မြန်မာထမင်း၊ ဟင်းတွေကို အမှာကောက်ယူပြီး ချက်ပြုတ်၊ ပို့ဆောင်ပေးတဲ့ အိမ်တွင်းလုပ်ငန်းတချို့လည်း ရပ်နားထားကြရပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ကျေးရွာသူကြီးတွေကလည်း ည ၉ နာရီကျော်ရင် မြန်မာနိုင်ငံသားတွေ အပြင်ကို မထွက်ဖို့ အသံချဲ့စက်နဲ့ ပြီးခဲ့တဲ့ မေလကစပြီး သတိပေးထားကြတယ်လို့ မဲဆောက်ရောက် မြန်မာတွေက ပြောပါတယ်။
ဇွန် တတိယပတ် လောက်အထိ ညဘက်တွေမှာ ချက်ပြုတ်ပြီး မှာတဲ့အိမ်တွေကို လိုက်ပို့ပေးလို့ ရခဲ့ပေမဲ့ ဇွန် ၂၀ နောက်ပိုင်းမှာတော့ တန်းလျားတွေပါ ဝင်ရောက် ဖမ်းဆီးတာတွေ ဆက်တိုက်ဖြစ်လာတာကြောင့် ညရောက်ရင် မီးတောင် မဖွင့်ရဲကြတော့ပါဘူး။
မဲဆောက်မှာနေတဲ့ အသက် ၅၀ ကျော်အရွယ် မပပလည်း အဖမ်းအဆီးတွေကြောင့် သူ့ဟင်းချက်ရောင်းတဲ့ အလုပ်ကို ရပ်နားထားရပါတယ်။
" ကျွန်မ သမီးက ဟင်းအမှာသွားပို့ပြီး အပြန် ၉ နာရီ စွန်းစွန်းလေးကို လှည့်ကင်းနဲ့ သွားတိုးတယ်။ သူက အထောက်အထားရှိလို့ သေချာပြောပြနိုင်ပေမဲ့ သူနဲ့အတူသွားတဲ့ ကလေးတွေက အထောက် အထားမရှိလို့ သူပါ ရုံးရောက်သွားတယ်။ ကလေးတွေဆိုတော့ ပထမဆုံးမို့၊ နောက်တစ်ခါဆို မရဘူးဆိုပြီး ပြန်လွှတ်လိုက်တယ်"လို့ မပပက ပြောပြပါတယ်။
အဲဒီနောက်ပိုင်းမှာ သူလည်း ဟင်းရောင်းတာတွေကို ရပ်နားလိုက်ရတယ်လို့ ဆိုပါတယ်။
"အော်ဒါ (မှာထားတာ) လေးတွေ ဖျက်ပါရစေရှင်၊ မီးပိတ်ပြီး အမှောင်ထဲမှာ နေရတဲ့ အခြေအနေမလို့ပါ"လို့ မဲဆောက်မှာ အွန်လိုင်းကတဆင့် အစားအသောက် ရောင်းချနေတဲ့ နောက်ထပ် မြန်မာအမျိုးသမီး တစ်ဦးကလည်း သူ့လူမှုကွန်ရက်ကနေ ကြေညာထားပါတယ်။
ညဘက်တွေ ဝင်ဖမ်းတယ်ဆိုတာက ရာဇဝတ်မှု ကျူးလွန်သူတွေ၊ ရဲတပ်ဖွဲ့က အလိုရှိသူတွေ၊ မူးယစ်ဆေးဝါး ရောင်းချသူတွေရဲ့ နေရာကို သတင်းရတာကြောင့် ဝင်ရောက်ဖမ်းဆီးတာတွေ ဖြစ်တယ်လို့ ဦးမိုးကြိုးက ရှင်းပြပါတယ်။
လက်ရှိအချိန်အထိတော့ ညဘက်တွေမှာ မြန်မာတွေနေတဲ့ နေအိမ်တွေထဲကို ဖမ်းဆီးတာတော့ မရှိသေးဘူးလို့ ပြောပြပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးမှုတွေကြောင့် စိတ်ဒဏ်ရာရှိနေတဲ့ မြန်မာနိုင်ငံသားတွေဟာ ဒီလိုအခြေအနေတွေကြောင့် စိုးရိမ်ထိတ်လန့် နေကြပါတယ်။
ဒါ့အပြင် မဲဆောက်ရောက် မြန်မာနိုင်ငံသားတွေရဲ့ နေထိုင်၊ စားသောက်ဖို့ ထောက်ပံ့ရေးတွေ လုပ်ပေးနေတဲ့ မြန်မာအဖွဲ့အစည်းတချို့လည်းလုပ်ငန်းတွေ ရပ်နားထားကြရပါတယ်။
အဝေးရောက် ဧရာဝတီအသင်း (OIA) အဖွဲ့ဆိုရင်လည်း သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာကို ပိတ်ထားတာ တွေ့ရပါတယ်။
" အဖွဲ့ရဲ့ ပေ့ချ် မှာ သင်တန်းတွေခေါ်ထားတာ၊ Safe house အတွက် ပြောဆိုထားတာတွေ ရှိတော့ အဲဒါတွေကို မှတ်တမ်းယူပြီး ထိုင်းဘက်ကို အတိုင်ခံရမှာစိုးကြလို့ ပိတ်ထားတာဖြစ်မယ်လို့ "လို့ မဲဆောက်မှာနေထိုင်သူတစ်ဦးက ပြောပြပါတယ်။
မြန်မာနိုင်ငံသားတချို့ ဆိုရင် နယ်စပ်မြို့ မြဝတီကို ပြန်ပြီးတိမ်းရှောင်ကြတာတွေလည်း ရှိနေပါတယ်။
ထိုင်းဘာသာအပြင် မြန်မာဆိုင်နာမည်တပ်တာ၊ မြန်မာအစားအစာ အသုံးအဆောင်တွေရောင်းတဲ့ ဆိုင် ၇၅ ရာခိုင်နှုန်းရှိတဲ့ မဲဆောက်ဈေးက ဆိုင်အများစုလည်း ပိတ်ထားကြပါတယ်။
ဖမ်းဆီးခံရပြီး ဘာတွေ ဆက်ဖြစ်သလဲ

ဓာတ်ပုံ ရင်းမြစ်, Tak Immigration
စစ်ဆေးရေးဂိတ် ဒါမှမဟုတ် လှည့်ကင်းနဲ့ ဖမ်းဆီးခံရသူတွေဟာ ရဲစခန်းကို ချက်ချင်းမရောက်ဘဲ စစ်ဆေးရေးဂိတ်မှာ နာရီနဲ့ချီအောင် နေကြရပါတယ်။
"စခန်းမရောက်ခင် ဂိတ်မှာ နေကြရတာ"လို့ မစန္ဒာမော်က ပြောပါတယ်။
တရားမဝင် နေထိုင်တာ၊ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်တွေ လုပ်ကိုင်လို့ ဖမ်းဆီးခံရသူတွေ၊ တန်းလျားတွေမှာ ဖမ်းဆီးခံရသူတွေဟာ ဘတ် ငါးထောင်ကနေ ငါးသောင်းအထိ ဒဏ်ကြေးဆောင်ရမှာ ဖြစ်ပါတယ်။
ဒ့ါအပြင် ထောင်ဒဏ် နှစ်နှစ် အထိ ချမှတ်ခံရနိုင်သလို အလုပ်လုပ်ခွင့်လည်း နှစ်နှစ် ရပ်နားခံရနိုင်ပါတယ်။
အထောက်အထားမဲ့သူတွေကို လက်ခံထားတဲ့ အိမ်ရှင်၊ လုပ်ငန်းရှင်တွေက ဘတ် တစ်သောင်းကနေ တစ်သိန်းအထိ အထိ ဒဏ်ကြေးဆောင်ရမှာ ဖြစ်ပြီး ရွှေ့ပြောင်းအလုပ်သမား ငှားရမ်းခွင့်လည်း သုံးနှစ် ပိတ်ခံရမှာ ဖြစ်ပါတယ်။
"အဓိကကတော့ မြန်မာနိုင်ငံကို ပြန်မပို့ဖို့ကို ကြိုးစားကြရမှာပဲ၊ ပြန်မပို့ပေမဲ့ တဖက်မှာလည်း အချုပ်ထဲပဲ နေရမလား ထိတ်လန့်နေကြရတာပေါ့"လို့ မဲဆောက်ရောက် မြန်မာနိုင်ငံသားအရေးကူညီနေသူ တစ်ဦးက ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေရဲ့ ဒီလိုတင်းကျပ်တဲ့ ဖမ်းဆီးမှုတွေမှာ ထိုင်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ တိုက်တွန်းချက်တွေလည်း ပါဝင်တဲ့အတွက် ရက်ရှည်နိုင်တယ်လို့လည်း ခန့်မှန်းထားကြပါတယ်။
ဒါ့ကြောင့် လက်ရှိအချိန်မှာ အထောက်အထား ရှိသူတွေအနေနဲ့ တရားဝင် အလုပ်လုပ်ခွင့် မရှိသေးတဲ့ အလုပ်တွေကို ရပ်နားထားတာ၊ ဂရုတစိုက် သွားလာကြတာ၊ ဖမ်းဆီးတာတွေ ရှိနေတဲ့ နေရာတွေကို အချင်းချင်း သတင်းမျှဝေတာတွေ လုပ်ဖို့ကိုလည်း တိုက်တွန်းထားကြပါတယ်။
အထူးသဖြင့် အိမ်ရှင်ထိုင်းနိုင်ငံသားရဲ့ တိုင်ကြားတာ မခံရအောင် သူတို့မကြိုက်နှစ်သက်တဲ့ အပြုအမူတွေ ရှောင်ရှားဖို့ကိုလည်း သတိပေးထားကြပါတယ်။












