တရားမဝင်ရောက်နေသူတွေကို ထိုင်းအစိုးရဘယ်လိုအထောက်အထားထုတ်ပေးမလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
မြန်မာကနေ ထိုင်းဘက်ကို အထောက်အထားမဲ့ တရားမဝင် ဝင်ရောက်လာတဲ့သူတွေကြောင့် ထိုင်းနိုင်ငံရဲ့ အမျိုးသားလုံခြုံရေးကိုကျိုးပေါက်စေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီး ဖီဖက်ရတ်ချာကစ်ပရာကန်က ထုတ်ပြောလာပါတယ်။
ဝန်ကြီး ဖီဖက်က မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအပါအဝင်တော်လှန်ရေးတပ်တွေကြားတိုက်ပွဲတွေဖြစ်ပွားနေတာကိုလည်းထောက်ပြပါတယ်။
မြန်မာနိုင်ငံတွင်းက စစ်ရေးနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေက ထိုင်းနိုင်ငံကို မြန်မာအစုလိုက်အပြုံလိုက် တရားမဝင်ရောက်လာစေတယ်လို့ သူကကောက်ချက်ချထားတာပါ။
ထိုင်းနိုင်ငံထဲကို တရားမဝင်ရောက်နေတဲ့ အထောက်အထားမဲ့မြန်မာနိုင်ငံသားတွေကို ပန်းရောင်ကတ်လို့ ခေါ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ်ထုတ်ပေးဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။
ဘယ်သူတွေအကျုံးဝင်လဲ။ ဘယ်လိုပုံစံထုတ်ပေးမှာလဲ။
ဘယ်သူတွေကို ပန်းရောင်ကတ်ထုတ်ပေးမလဲ

ဓာတ်ပုံ ရင်းမြစ်, AFP
ပြည်တွင်းမှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းခေါ်ယူတာတွေနဲ့ အသက် ၂၃ နှစ် ကနေ အသက် ၃၁ နှစ်အထိ အမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ပင်တာတွေကိုလုပ်နေပါတယ်။
ဒီလိုတင်းကျပ်မှုတွေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံကို တရားမဝင်လမ်းကြောင်းကနေ ဝင်ရောက်ခိုလှုံနေတဲ့ မြန်မာက ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာတင် သိန်းနဲ့ချီရှိနိုင်တယ်လို့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ခန့်မှန်ထားပါတယ်။
ခိုလှုံသူအများစုဟာ မြန်မာနိုင်ငံသားတွေဟာ ဘန်ကောက်၊မဟာချိုင်၊ ချင်းမိုင်၊ မဲဆောက်၊ရနောင်းအပါအဝင် မြန်မာအများဆုံးရှိတဲ့ ထိုင်းက ခရိုင် ၁၅ ခုထက်မနည်းမှာရှိနေကြတယ်လို့ ဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါကြောင့် မြန်မာအလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) နဲ့ ရွှေ့ပြောင်းအလုပ်သမားသွေးစည်းညီညွတ်ရေးအဖွဲ့ (MWSC) ကိုယ်စားလှယ်တွေက ထိုင်း၊ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နဲ့ ဇွန် ၅ ရက်မှာတွေ့ဆုံပြီး အထောက်အထားမဲ့မြန်မာတွေကို ပန်းရောင်ကတ်ထုတ်ပေးဖို့ အပါအဝင် အချက် ၃ ချက်ကိုတောင်းဆိုခဲ့ကြပါတယ်။
'' ကျွန်တော်တို့က အထောက်အထားမဲ့နဲ့ ပုန်းလျှိုးနေရတဲ့ ကိုယ့်မြန်မာနိုင်ငံသားတွေကို စိုးရိမ်လို့ ဒီလိုတင်ပြပြီး အထောက်အထားတွေထုတ်ပေးဖို့ ပြောတာပါ'' လို့ မြန်မာအလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) ရဲ့ ပြောရေးဆိုခွင့်ရှိသူဦးအောင်ကျော်ကပြောပါတယ်။
ဇွန် ၆ ရက်မှာတော့ ထိုင်းအလုပ်သမားဝန်ကြီးပါတဲ့ ထိုင်းအမျိုးသားအဆင့်ရွှေ့ပြောင်းလုပ်သားစီမံခန့်ခွဲမှုကော်မတီကနေ အထောက်အထားမဲ့ ရွှေ့ပြောင်းရောက်လာသူတွေနဲ့ ရောက်နေသူတွေအတွက် ပန်းရောင်ကတ်လို့ ခေါ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ်ထုတ်ပေးဖို့ အပါအဝင် အချက် ၃ ချက်ကို ထိုင်းအစိုးရအဖွဲ့ကိုတင်ပြခဲ့ပါတယ်။
တရားမဝင်ခိုလှုံနေသူတွေကို အထောက်အထားကတ်ထုတ်ပေးရာမှာလည်း ဝင်ရောက်လာတဲ့အခြေအနေအရ ကတ်အမျိုးအစားခွဲခြားပြီး ထုတ်ပေးဖို့လည်း တောင်းဆိုချက်တွေရှိနေပါတယ်။
'' ထိုင်းကို ရောက်နေတာက အနည်းဆုံးအုပ်စု ၃ စုရှိတယ်။ တတိယနိုင်ငံသွားမယ့် အုပ်စု၊ နိုင်ငံရေးအရခိုလှုံနေတဲ့ လွှတ်တော်အမတ်တွေနဲ့ တော်လှန်ရေးအင်အားစု၊ အလုပ်လုပ်ဖို့ပဲရောက်လာတာက တစ်စု ဒီလိုကွဲပြားတာရှိတော့ ကတ်တွေကိုလည်းခွဲထားစေချင်တာမျိုး ဆွေးနွေးကြတာ '' လို့ မဲဆောက်အခြေစိုက် မြန်မာလုပ်သားအရေးလုပ်ဆောင်သူ ကိုစိုင်းကရှင်းပြပါတယ်။
ဒါအပြင် ထိုင်းနိုင်ငံမှာ MoU စနစ်နဲ့ အလုပ်လုပ်ကိုင်နေတဲ့ သက်တမ်းပြည့်မြန်မာအလုပ်သမားတွေအနေနဲ့ ၄ နှစ်ပြည့်တဲ့အခါ မြန်မာကိုပြန်စရာမလိုဘဲ ထိုင်းနိုင်ငံမှာပဲ ပန်းရောင်ကတ်နဲ့ သက်တမ်းဆက်တိုးအလုပ်လုပ်နိုင်ခွင့်ကိုလည်း ထည့်သွင်းစဥ်းစားထားတယ်လို့ သိရပါတယ်။
တချိန်တည်းမှာပဲ ၂၀၂၁ နောက်ပိုင်းထိုင်းနိုင်ငံကိုရောက်ရှိနေပြီး ပန်းရောင်ကတ်လုပ်ထားပေမဲ့ လာမယ့် ၂၀၂၅ ဖေဖော်ဝါရီမှာ သက်တမ်းကုန်တော့မယ်သူတွေကိုလည်း ထပ်တိုးနေထိုင်ခွင့်ပေးဖို့လည်းပါဝင်ပါတယ်။
ဒီလိုသက်တမ်းတိုးဖို့ လိုနေတဲ့ လူဦးရေ ပမာဏကတင် ၂ သန်းနီးပါးရှိနေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။
'' အခုပန်းရောင်ကတ်ထုတ်ပေးဖို့ ပြင်နေတဲ့အထဲမှာ စပ်ကူးမတ်ကူးဖြစ်နေတဲ့ ဟိုမရောက် ဒီမရောက်ဖြစ်နေသူတွေလည်းပါတယ်။ ဥပမာ- ပန်းရောင်ကတ်ပြီးတော့ စီအိုင်( မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်) တချို့က စီအိုင်ကိုင်ထားပြီးတော့ ပီဂျေ ( PJ ပတ်စ်ပို့) မလုပ်နိုင်တဲ့သူရှိတယ်။ အဲဒီလို စာရွက်စာတမ်းမပြည့်စုံသူတွေလည်း အစကနေပြန်လုပ်လို့ရတယ်'' လို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုး က ရှင်းပြပါတယ်။
ပန်းရောင်ကတ်လုပ်ထားပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် သက်တမ်းတိုးဖို့ မမီလိုက်သူတွေ၊ အလုပ်ရှင်ပြောင်းဖို့ အချိန်မလုံလောက်လို့ တရားမဝင်ဖြစ်သွားသူတွေလည်း အကျုံးဝင်မှာဖြစ်ပါတယ်။
ဒီလိုကာလရှည်အလုပ်သမားတွေအတွက်သာမက နယ်စပ်ဝင်ပေါက်ကနေ ဝင်ရောက်လုပ်ကိုင်နေတဲ့ ရာသီအလိုက်လုပ်သားတွေကိုလည်း အလုပ်လုပ်ခွင့် သက်တမ်း ၃ လ ကနေ ၆ လအထိရှိတဲ့ အလုပ်လုပ်ခွင့်လက်မှတ်တွေ ထုတ်ပေးဖို့လည်းရှိနေတယ်လို့ သိရပါတယ်။
'' သက်တမ်းကုန်နေတဲ့သူတွေကိုလည်း ဖမ်းဆီးပြီး မြန်မာကိုပြန်ပို့တာမလုပ်ဖို့နဲ့ မြန်မာရဲ့ အခြေအနေအပေါ် မူတည်ပြီးသူတို့ကို နေထိုင်အလုပ်လုပ်ကိုင်ခွင့်ပေးဖို့ တင်ပြခဲ့တယ်'' လို့ (LRF) ရဲ့ ပြောရေးဆိုခွင့်ရှိသူဦးအောင်ကျော်ကပြောပါတယ်။
ဒီလို အဆင့်ဆင့်တင်ပြချက်ကနေ ပန်းရောင်ကတ်လို့ ခေါ်တဲ့ အလုပ်လုပ်ခွင့်လက်မှတ်ထုတ်ကို လာမယ့် ဇူလိုင်လမှာ ထုတ်ပေးဖို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနကစိုင်းပြင်းနေတယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေပြီဖြစ်ပါတယ်။
အထောက်အထားမဲ့ခိုလှုံနေသူတွေကို အထောက်အထားထုတ်ပေးလိုက်တာက ထိုင်းနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအစီအစဥ်ကို ထည့်သွင်းစဥ်းစားတာသာမက စီးပွားရေးဆိုင်ရာ အကျိုးအမြတ်အတွက်လည်း အထောက်အပံ့ဖြစ်တယ်ဆိုတဲ့ နိုင်ငံရေးအကဲခတ်တချို့ရဲ့ ရှုမြင်ချက်တွေလည်းရှိနေပါတယ်။
ဒါပေမဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ စဥ်းစားချက်မှာတော့ မြန်မာအပြင် ထိုင်းနိုင်ငံထဲကို တရားမဝင်ရောက်ရှိနေတဲ့ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် တို့က ရွှေ့ပြောင်းနေထိုင်သူတွေလည်းပါဝင်ပါတယ်။
'' ဒီအထောက်အထားမဲ့တွေကို ဖမ်းရုံပဲဖမ်းနေပြီး အထောက်အထားမထုတ်ပေးတာက ထိုင်းနိုင်ငံကို ပြဿနာပိုကြီးစေမယ်လို့ ကျွန်တော်တို့လည်းတင်ပြတယ်။ ထိုင်းနိုင်ငံထဲမှာ ဘယ်သူတွေဘယ်လောက်ရောက်နေလဲဆိုတာသိဖို့ ထိုင်းအစိုးရကိုယ်တိုင်က ခပ်မြန်မြန်လုပ်ဖို့ အလုပ်သမားအဖွဲ့တွေကလည်း ကော်မတီ ကို တိုက်တွန်းခဲ့တယ် '' လို့ မဲဆောက်အခြေစိုက် မြန်မာလုပ်သားအရေးလုပ်ဆောင်သူ ကိုစိုင်းကရှင်းပြပါတယ်။
ပန်းရောင်ကတ်နဲ့ သတိထားရမယ့် ပွဲစားတွေ
ပန်းရောင်ကတ်ထုတ်ပေးဖို့ တင်ပြထားတဲ့ဆိုတဲ့သတင်းတွေနောက်မှာ ပန်းရောင်ကတ်လုပ်ပေးမယ်ဆိုတဲ့ လိမ်လည်ပွဲစားတွေကို သတိထားဖို့လည်း အလုပ်သမားအရေးလှုပ်ရှားသူတွေက သတိပေးနေပါတယ်။
'' အခုထိပန်းရောင်ကတ်လုပ်လို့ရပြီဆိုတဲ့ တိကျတဲ့အတည်ပြုချက်မထွက်သေးချိန်မှာငွေကြိုတောင်းတဲ့ပွဲစားတွေ ကိုသတိထားဖို့လိုတယ်။ တကယ်အတည်ပြုထုတ်ပြန်ပြီဆိုမှ ထိုင်းအစိုးရက တရားဝင်ခွင့်ပြုထားတဲ့ ပွဲစားကုမ္ပဏီတွေနဲ့ လုပ်ဖို့လိုတယ်'' လို့ မဲဆောက်အခြေစိုက် မြန်မာလုပ်သားအရေးလုပ်ဆောင်သူ ကိုစိုင်းက သတိပေးပါတယ်။
ဒါအပြင် ထိုင်းအစိုးရအနေနဲ့ ဒီကတ်တွေလုပ်ပေးတဲ့အခါ ကုန်ကျစရိတ်ကိုအသက်သာဆုံးစဥ်းစားပေးဖို့လည်း တိုက်တွန်းနေကြပါတယ်။
ပန်းရောင်ကတ်ရဲ့ သဘောက မြို့နယ်တစ်ခုတည်းမှာပဲနေထိုင်အလုပ်လုပ်ခွင့် ဖြစ်ပြီး စီအိုင်ကတော့ ထိုင်းနိုင်ငံတွင်းခရိုင် ၇၇ ခုလုံးကို ရွှေ့ပြောင်းသွားလာနိုင်တဲ့ကတ်ဖြစ်ပါတယ်။
ဒါကြောင့် အလုပ်သမားတစ်ဦးက ပန်းရောင်ကတ်လုပ်ပြီးရုံနဲ့မပြီးဘဲ စီအိုင်ကတ်ပါဆက်လုပ်ရတာမျိုးကြောင့် အလုပ်သမားတွေ မှာကတ်မျိုးစုံအတွက် ကုန်ကျစရိတ်တွေမြင့်တက်နေတာလို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ဝေဖန်ပါတယ်။
ပန်းရောင်ကတ်ရဖို့အတွက် အလုပ်ရှင်မရှိတဲ့ သူတွေအနေနဲ့ အလုပ်ရှင်ရှာရတာလည်းရှိပါတယ်။ အလုပ်ရှင်မရှိဘဲ ပန်းရောင်ကတ်လုပ်လို့မရတဲ့အတွက်လည်း ဒါကိုဖြေလျှော့ပေးဖို့တောင်းဆိုနေကြတာဖြစ်ပါတယ်။
အလုပ်ရှင်ငှားရမ်းခကလည်း ဒေသအလိုက်စျေးနှုန်းသတ်မှတ်ချက်တွေရှိပါတယ်။ ထိုင်းတစ်နိုင်ငံလုံးမှာ လုပ်ခလစာနှုန်းအနည်းဆုံးခရိုင်ထဲပါတဲ့ မဲဆောက်ခရိုင်မှာတောင် ဘတ် ၂,၀၀ ပေးရတယ်လို့ ဆိုပါတယ်။
'' ထိုင်းမှာအလုပ်ရှင်မရှိတဲ့ အလုပ်သမားတွေကအများကြီးပဲ။ကြုံရာကျပန်းလုပ်တဲ့သူတွေပေါ့။ သူတို့က အလုပ်ရှင်ငှားရမ်းရတယ်။ အလုပ်ရှင်ငှားပြီး ပန်းရောင်ကတ်လုပ်ရမယ်။ ပြီးရင် စီအိုင်လုပ်မယ်ဆိုရင် အနည်းဆုံး ထိုင်းဘတ် ၁၈,၀၀၀ ကနေ ၂၀,၀၀၀ ကြား( ကျပ်ငွေ သိန်း ၂၀ ခန့်) ကုန်ကျတယ်။ အဲဒီတော့ အခုကတည်းကနေပြီးတော့ စုဆောင်းထားကြဖို့လိုတယ် '' လို့ JACBA ဥက္ကဋ္ဌ ဦးမိုးကြိုး က ထောက်ပြပါတယ်။
ထိုင်းဥပဒေအရ ထိုင်းနိုင်ငံသားတစ်ဦးဟာ ဆိုင်ကယ်နဲ့ နွားတစ်ကောင်ပိုင်ရင် ရွှေ့ပြောင်းလုပ်သား ၅ ဦး အထိ အလုပ်ရှင်အမည်ခံပေးခွင့်ရှိပါတယ်။
ဒါကြောင့် လုပ်ငန်းအလိုက်အလုပ်သမားအရေအတွက်တိုးပြီးအလုပ်ရှင်အဖြစ်အာမခံနိုင်တဲ့ အခွင့် အရေးကထိုင်းနိုင်ငံသားတွေမှာရှိနေပါတယ်။
နိုင်ငံတွင်းကတင်းကျပ်မှုတွေနဲ့ ပြည်ပကခြိမ်းခြောက်ဖမ်းဆီးမှု

ဓာတ်ပုံ ရင်းမြစ်, Immigration Bureau
နိုင်ငံတွင်းမှာ ဇွန် ၆ ရက်စတင်ပြီး ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်သူတွေကိုင်ဆောင်ကြတဲ့ PJ ( အလုပ်အကိုင်ပတ်စ်ပို့အမျိုးအစား) ပတ်စ်ပို့တွေကနေ PV (အလည်အပတ်ပတ်စ်ပို့) အမျိုးအစားတွေကို ပြောင်းလဲလျှောက်ထားခွင့်မပြုတော့ဘူးလို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေဘက်ကသိရပါတယ်။
PJ ကနေ PV ကို ပြောင်းလျှောက်ခွင့်ပိတ်လိုက်တာက မေလက လုပ်ခဲ့တဲ့ အမျိုးသားတွေပြည်ပထွက်ခွာအလုပ်လုပ်ခွင့် အသက်ကန့်သတ်ချက်ရဲ့နောက်ဆက်တွဲဖြစ်တယ်လို့ အေဂျင်စီအသိုင်းအဝိုင်းကမှတ်ချက်ပြုပါတယ်။
'' အသက် ၂၃ နှစ်ကနေ ၃၁ ကြားအမျိုးသားတွေက ပြည်ပထွက်အလုပ်လုပ်ခွင့်မရှိတော့ဘူးလို့ စစ်ကောင်စီက ပြောထားတော့ အမျိုးသားတွေက PV ပြောင်းလျှောက်ပြီးထွက်ဖို့ပြင်ကြတယ်။အဲဒါကို သိတော့ စစ်တပ်ကကျပ်လာတာ။ MoU သမားတွေကိုတောင် မလွှတ်တော့ဖို့ တပ်ချုပ်ကပြောတယ်လို့ အေဂျင်စီတွေကြားမှာသတင်းထွက်နေတာ။ အခုက ဝန်ကြီးဌာနက ထိန်းလုပ်နေလို့ ဒီလောက်ပဲဖြစ်နေတာမျိုးလည်းသိရတယ်'' လို့ ပြည်ပအလုပ်သမားအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။
မေ ၁ ရက်ကစတင်ပြီးအမျိုးသားတွေကို ပြည်ပထွက်အလုပ်လုပ်ခွင့်ပိတ်ပင်ခဲ့ပြီး မေ ၆ ရက်မှာ ပြန်လည်ခွင့်ပြုပေမဲ့ အသက် ၂၃ နှစ် ကနေ ၃၁ နှစ်ကြားကိုတော့ ထွက်ခွာခွင့်ကန့်သတ်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ အမျိုးသားပြည်ပထွက်ခွာအလုပ်လုပ်ခွင့်ကို အသက် ၁၈ နှစ် ကနေ ၂၁ နှစ် နဲ့ အသက် ၃၁ နှစ် အထက်တွေကိုသာခွင့်ပြုထားတာဖြစ်ပေမဲ့ ထိုင်း၊ဂျပန်နဲ့ စင်ကာပူအပါအဝင် နိုင်ငံခြားသားအလုပ်သမားခေါ်တဲ့ ပြည်ပနိုင်ငံတွေကတော့ အသက် ၂၀ ကနေ ၃၅ နှစ်အတွင်းကိုပဲ ဦးစားပေးခေါ်ယူကြလို့ ပြည်ပအလုပ်အကိုင်အေဂျင်စီတွေအခက်တွေ့နေတယ်လို့ ပြောကြပါတယ်။
'' စစ်ကောင်စီလုပ်နေတာတွေက နိုင်ငံပြင်ပကို အမျိုးသားတွေ တရားမဝင်လမ်းကတဆင့်ထွက်ခွာဖို့ တွန်းအားပေးနေတာပဲ။ အဲဒါက နိုင်ငံအတွက်လည်းမကောင်းဘူး။ နိုင်ငံသားအတွက်လည်းမလုံခြုံဘူး။ စစ်သားစုဆောင်းဖို့ ဦးတည်လုပ်နေတာတွေကို ပြန်ပြီးသုံးသပ်ဖို့လိုနေပြီ'' လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်းလုပ်ကိုင်သူတစ်ဦးက ထောက်ပြပါတယ်။
နိုင်ငံတွင်းမှာ ဒီလိုကျပ်တည်းမှုတွေကြုံနေရသလိုထိုင်း ကိုထွက်ပြေးခိုလှုံနေသူတွေ အနေနဲ့လည်း ထိုင်းအစိုးရရဲ့ ၄ လကြာလုပ်မယ့် တရားမဝင်ရွှေ့ပြောင်းများကို နှိမ်နင်းရေး စီမံချက်ကြောင့် အခက်အခဲတွေကြုံနေရတယ်လို့ ထိုင်းရောက်ခိုလှုံနေသူအချို့ကပြောပါတယ်။
ထိုင်းအစိုးရအနေနဲ့ အထောက်အထားမဲ့သူတွေကို ပန်းရောင်ကတ်လုပ်ပေးဖို့ ပြင်နေတယ်လို့ ပြောနေချိန်မှာပဲ ဒီလို တရားမဝင်နေထိုင်သူတွေကိုနှိမ်နင်းဖမ်းဆီးမယ့်အစီအစဥ်လည်းထွက်ပေါ်လာတာဖြစ်ပါတယ်။
အခုစီမံချက်ကိုလုပ်ငန်းစဥ်တစ်ခုအနေနဲ့ ရေးဆွဲနေဆွဲဖြစ်တာကြောင့် မူဝါဒတစ်ရပ်အနေနဲ့ထွက်လာရင် ပိုပြီးစနစ်တကျလုပ်ဆောင်မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာန ဝက်ဘ်ဆိုက်မှာဖော်ပြထားပါတယ်။
'' စစ်ဆေးဖမ်းဆီးမယ်၊ ဒဏ်ရိုက်မယ်၊ နေရပ်ပြန်ပို့မယ် အဲဒီလိုမျိုးလုပ်မယ်လို့သိရတယ်။ အဲဒီ စစ်ဆင်ရေးသဖွယ်လုပ်မှာက ၄ လကြာမယ်လို့ဆိုတယ်။ သဘောကတော့ ပန်းရောင်ကတ်လာမယ်။ အဲဒီအခါလုပ်ထားကြပါပေါ့''
'' ပန်းရောင်ကတ်မရှိရင် ဒီစီမံချက်နဲ့တွေ့မယ်ဆိုတာမျိုးခြောက်လိုက်တာပေါ့။ ဒါမှပန်းရောင်ကတ်လုပ်ကြမယ်။ သူတို့လည်း ဘဏ္ဍာငွေတိုးတာပေါ့။ မြန်မာလုပ်သားကသန်းနဲ့ချီလုပ်ကြမှာလေ'' လို့ မြန်မာအလုပ်သမားအခွင့်အရေးဖောင်ဒေးရှင်း (LRF) ရဲ့ ပြောရေးဆိုခွင့်ရှိသူဦးအောင်ကျော်က သုံးသပ်ပါတယ်။












