ထရမ့်ကွန်ဂရက်မိန့်ခွန်းရဲ့ အဓိက အချက် ၆ ချက်

သမ္မတ ဒေါ်နယ်ထရမ့်က သူတကျော့ပြန် သမ္မတဖြစ်ပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်ကွန်ဂရက်လွှတ်တော်လွှတ်တော်နှစ်ရပ်ပေါင်းရှေ့မှောက်မှာ မိန့်ခွန်းပြောရင်း "အမေရိကန်အိပ်မက်က ရပ်တန့်လို့ မရဘူး" လို့ ကြေညာခဲ့ပါတယ်။

ရီပတ်ဘလစ်ကန်တွေက ပြည်တွင်းနဲ့ နိုင်ငံခြားရေးပေါ်လစီကို ပြုပြင်ပြောင်းလဲခဲ့တဲ့ ထရမ့်ရဲ့ ခွန်ပြည့်အားပြည့် ခြောက်ပတ်ကြာ ကာလအတွင်းက ဆုံးဖြတ်ချက်တွေကို ချီးကျူးဂုဏ်ပြုခဲ့ပြီး လွှတ်တော်မှာပြောတဲ့ သမ္မတတွေရဲ့ အရှည်ကြာဆုံး သမ္မတမိန့်ခွန်း ဖြစ်ခဲ့ပါတယ်။ အဲဒီမိန့်ခွန်းမှာ သူ့ရဲ့ ဒုတိယသက်တမ်းအတွက် အမြင်သဘောထားတွေကို ပြောခဲ့ပါတယ်။

ဆူညံပွက်လောရိုက်နေတဲ့ မိန့်ခွန်းမှာ ဒီမိုကရက်တွေက သူ့ကို အော်ဟစ်နှောင့်ယှက်ခဲ့ကြပြီး သူကလည်း ပြန်တုံ့ပြန်ခဲ့ပါတယ်။ ထရမ့်က သူ့အစိုးရက "အစပဲ ရှိသေးတယ်"လို့ လည်း ပြောလိုက်ပါတယ်။

ထရမ့်ဟာ အစိုးရဝန်ထမ်းတွေကို အလုပ်တွေ ထုတ်ခဲ့သလို လူဝင်မှုကြီးကြပ်ရေးကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်ခဲ့ပါတယ်။ ဒါတင်မက အမေရိကန်ရဲ့ အကြီးဆုံးကုန်သွယ်ဖက်တွေ အပေါ် အခွန်စည်းကြပ်မှုတွေ ချမှတ်နေပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီးဆုံးဖြတ်ချက်ကလည်း အတ္တလန္တိတ် မဟာမိတ်အဖွဲ့ကို တုန်လှုပ်စေခဲ့ပါတယ်။

သမ္မတထရမ့် မိန့်ခွန်းထဲက အချက် ၆ ချက်ကို ကြည့်ရအောင်ပါ။

အခွန်အရှုပ်အထွေးတွေကို ကြိုတွက်ထား

အမေရိကန်ရဲ့ အိမ်နီးချင်း နှစ် နိုင်ငံဖြစ်တဲ့ ကနေဒါနဲ့ မက္ကဆီကိုတို့ကနေ အမေရိကန်ကို တင်သွင်းတဲ့ ကုန်ပစ္စည်းအများစုအပေါ် စည်းကြပ်ခွန် ၂၅ ရာခိုင်နှုန်းနဲ့ တရုတ်ကုန်ပစ္စည်းတွေအတွက် နောက်ထပ် ၁၀ ရာခိုင်နှုန်း ကောက်ဖို့ သမ္မတထရမ့်က သတ်မှတ်ခဲ့ပါတယ်။

ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်နိုင်ငံတို့ကလည်း အမေရိကန်သွင်းကုန်တွေအပေါ် အပြန်အလှန် အခွန်တိုးကောက်မှာဖြစ်ကြောင်း မတ် ၄ မှာ ပြောလိုက်ပါတယ်။

ဒီသက်ရောက်မှုစတင်တဲ့ ဒုတိယနေ့မှာ စျေးကွက်အကျပ်အတည်းဖြစ်ခဲ့ပေမဲ့ ကုန်သွယ်ရေးစစ်ပွဲဖြစ်မယ့် အလားအလာနဲ့ စီးပွားရေးဆိုင်ရာ ဆုတ်ယုတ်မှုရှိမယ်ဆိုတဲ့ ပြောဆိုချက်တွေကို ထရမ့်က ပယ်ချခဲ့ပြီး ဒီပြဿနာတွေက အသေးအမွှားသဖွယ် ပြောခဲ့ပါတယ်။

"အခွန်စည်းကြပ်မှုက အမေရိကကို ထပ်ပြီး ချမ်းသာအောင်လုပ်ဖို့ ဖြစ်တယ်။ အမေရိကန်ကို ထပ်ပြီး ကြီးကျယ်ခမ်းနားလာစေဖို့ ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။

"ပြီးတော့ ဖြစ်ပျက်နေတာတွေက မြန်မြန်ဆန်ဆန် ဖြစ်သွားလိမ့်မယ်။ နည်းနည်းတော့ အနှောက်အယှက် ဖြစ်လိမ့်မယ်၊ ဒါပေမယ့် ကျွန်တော်တို့ အဆင်ပြေပါတယ်။ သိပ်ဆိုးမှာ မဟုတ်ပါဘူး။"

အမေရိကန်ကုန်သွယ်ဖက်တွေကို အပြန်အလှန်အကောက်ခွန်ကောက်ခံမှုကို ဧပြီ ၂ ရက်မှာ စတင်မယ်လို့ ထရမ့်က ထပ်လောင်း အတည်ပြုပါတယ်။

ယူကရိန်းနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင်လုပ်မယ်

ရုရှား-ယူကရိန်းစစ်ပွဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲဆီလာရောက်ဖို့ အသင့်ရှိတဲ့အကြောင်း စာတစ်စောင်ကို ယူကရိန်းသမ္မတ ဗလိုဒီမီယာဇလန်းစကီးဆီက လက်ခံရရှိခဲ့တယ်လို့လည်း ကွန်ဂရက်မိန့်ခွန်းမှာ သမ္မတထရမ့်က ထုတ်ပြောပါတယ်။

ယူကရိန်းသမ္မတက စစ်ပွဲကိုအဆုံးသတ်ဖို့ အတွက် သမ္မတထရမ့်ရဲ့ "ခိုင်မာတောင့်တင်းတဲ့ ခေါင်းဆောင်မှု" အောက်မှာ အလုပ်လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီး ထာဝရငြိမ်းချမ်းရေးအတွက် ညှိနှိုင်းရေးစားပွဲကို အမြန်ဆုံးလာရောက်ဖို့ အသင့်ဖြစ်နေပြီလို့ ပြောကြောင်း သူက ဆိုပါတယ်။

"သူ ဒီစာကို ပို့တာကို ကျွန်တော် ကျေးဇူးတင်တယ်" လို့ ထရမ့်က လွှတ်တော်အမတ်တွေကို ပြောပါတယ်။

အိမ်ဖြူတော်မှာ အချေအတင် ဖြစ်ခဲ့ပြီးနောက် ယူကရိန်းကိုပေးနေတဲ့ အမေရိကန်ရဲ့ အကူအညီတွေကို ထရမ့်က ရပ်ဆိုင်းခဲ့တဲ့နောက် ဇလန်းစကီးဆီက ငြိမ်းချမ်းရေးစကားထွက်လာတာ ဖြစ်ပါတယ်။

ထရမ့်က သူ့ရဲ့ ကွန်ဂရက်မိန့်ခွန်းပြောတဲ့အချိန်မှာ ရုရှား - ယူကရိန်းအရေး သူကြားဝင်ခဲ့လို့ သဘောတူညီချက်တခု ရရှိခဲ့ပြီဆိုတာမျိုး ကြေညာဖို့ မျှော်လင့်ထားခဲ့ပေမဲ့ အကောင်အထည်မပေါ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံတကာအရေး - ဂရင်းလန်နဲ့ လီဆိုသို

၉၉ မိနစ်ကြာတဲ့ ထရမ့်ရဲ့ မိန့်ခွန်းက ပြည်တွင်းရေးကို အာရုံစိုက်ပေမဲ့ နိုင်ငံတကာအရေးကိုလည်း ထည့်ပြောခဲ့ပါတယ်။

ကမ္ဘာပေါ် မှာ အမေရိကန် သြဇာလွှမ်းမိုးမှုကို ချဲ့ထွင်လိုတဲ့ နေရာနဲ့ အမေရိကန် ဝင်မပါချင်တော့တဲ့ နေရာတွေလည်း ထရမ့်မှာ ရှိနေပါတယ်။

ဂရင်းလန်းကို အမေရိကန်က ရယူလိုတဲ့ သူ့ရဲ့ဆန္ဒကို ထပ်ခါတလဲလဲ ပြောပါတယ်။

သူက "ကျွန်တော်တို့ အဲဒါကို တစ်နည်းနည်းနဲ့ ရလိမ့်မယ်" လို့ ကတိပြုခဲ့ပါတယ်။ သူ့အုပ်ချုပ်တဲ့ကာလအတွင်း ပနားမားတူးမြောင်းကို ပြန်ယူမယ်လို့လည်း ပြောခဲ့ပါတယ်။

သူ့အရင် သမ္မတဘိုင်ဒန်လက်ထက်က အာဖရိကနိုင်ငံအတော်များများမှာ ငွေတွေ ဖြုန်းတီးခဲ့တယ်လို့ ထည့်ပြောပါတယ်။

လိုက်ဘေးရီးယား၊ မာလီ၊ မိုဇမ်ဘစ်နဲ့ ယူဂန်ဒါတို့ဟာ အမေရိကန်ရဲ့ အကူအညီတွေကို တရားလွန်အကျိုးအမြတ်ရရှိနေတဲ့ နေရာတွေလို့ ထရမ့်က စွပ်စွဲပါတယ်။

အထင်ရှားဆုံး ထရမ့်ရဲ့ မှတ်ချက်က လီဆိုသို အကြောင်းဖြစ်ပါတယ်။ LGBT အခွင့်အရေးကို မြှင့်တင်ဖို့ဆိုပြီး ဒေါ်လာ ၈ သန်း ဘိုင်ဒန်အစိုးရက သုံးခဲ့ပေမဲ့ ဒီနိုင်ငံကို ဘယ်သူမှ မကြားဖူးဘူးလို့ သူက ပြောပါတယ်။

ဆန့်ကျင်သူတွေကြားက အီလွန်မတ်စ်ကို ချီးကျူး

ထရမ့်က လွှတ်တော်ခန်းမထဲရှိနေတဲ့ သူ့ရဲ့ အကြံပေး ဘီလျံနာ အီလွန်မတ်စ်ရဲ့ အမည်ကိုလည်းခေါ် ပြီး ပွဲထုတ်ခဲ့ပါတယ်။

နည်းပညာသူဌေးကြီး မတ်စ်က အစိုးရ စွမ်းဆောင်ရည်ဌာန Doge ဆိုတဲ့ဌာနအနေနဲ့ ဖက်ဒရယ်အစိုးရရဲ့ အလုပ်သမားထောင်ပေါင်းများစွာကို အလုပ်ထုတ်ဖို့နဲ့ အမေရိကန်ရဲ့ နိုင်ငံခြားကို ထောက်ပံ့နေတဲ့ အကူအညီ ဒေါ်လာဘီလျံပေါင်းများစွာကို ဖြတ်တောက်ခဲ့သူ ဖြစ်ပါတယ်။

SpaceX နဲ့ Tesla သူဌေး မတ်စ်ဟာ အပြာရောင်လည်စည်းပါတဲ့ အနက်ရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး ထရမ့်က သူ့နာမည်ကိုခေါ်ပြီး ကောင်းချီးသြဘာပေးချိန်မှာ မတ်တပ်ရပ်ပြီး အသိအမှတ်ပြုမှု ခံယူပါတယ်။

"ကျေးဇူးတင်ပါတယ် အီလွန်" လို့ အသက် ၇၈ နှစ်အရွယ် သမ္မတက ပြောပြီး "သူက အလုပ်အရမ်းကြိုးစားတယ်။ တကယ်က သူဒါတွေ မလိုဘူး" လို့ ချီးကျုးပါတယ်။

မတ်စ်ရဲ့ လျှော့ချမှုတွေက ဒေါသထွက်စရာအခြေအနေတွေကို ဖြစ်ပေါ်စေခဲ့ပြီး သူ့ရဲ့ ဖက်ဒရယ်ဝန်ထမ်းတွေကို ညွှန်ကြားချက်တွေကို တခါတရံမှာ ထရမ့်ရဲ့အစိုးရအဖွဲ့ဝင်တွေက ပယ်ချခဲ့ပါတယ်။

လွှတ်တော်ခန်းထဲမှာ ဒီမိုကရက်တစ်အမတ်တွေက "မတ်စ် ခိုးတယ်" နဲ့ "မှားတယ်" ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားပါတယ်။

Doge က ဒေါ်လာ ၁၀၅ ဘီလျံကို စိစစ်ထားနိုင်တယ်ဆိုတဲ့ ပြောဆိုချက်တွေရှိပေမဲ့ သီးခြားအတည်ပြုလို့မရပါဘူး။ ဒေါ်လာ ၁၈.၆ ဘီလျံဖိုး ချွေတာထားတယ်ဆိုတဲ့ ပြေစာတွေကို ထုတ်ပြပေမဲ့ အမေရိကန်မီဒီယာတွေကတော့ စာရင်းအမှားလို့ ထောက်ပြထားပါတယ်။

ဒီမိုကရက်တွေက ချေပ တွန်းလှန်ခဲ့

ထရမ့်မိန့်ခွန်းပြောကြားပြီး ပထမငါးမိနစ်အတွင်း တက္ကဆက်ပြည်နယ်က ဒီမိုကရက်အမတ် အယ်လ်ဂရင်းက အောက်လွှတ်တော်ဥက္ကဋ္ဌရဲ့ သမ္မတမိန့်ခွန်းပြောချိန်မှာ စည်းကမ်းလိုက်နာဖို့ တောင်းဆိုချက်တွေကို ငြင်းဆန်တာကြောင့် သူ့ကို အခန်းထဲက ခေါ်ထုတ်သွားရပါတယ်။

ထရမ့် ပြောနေတဲ့အချိန်မှာလည်း တခြားဒီမိုကရက်တွေက "ဒါက အလိမ်အညာတွေ " ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားပါတယ်။

အိမ်ဖြူတော်၊ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့ကို အများစုထိန်းချုပ်ထားတဲ့ ရီပတ်ဘလစ်ကန်တွေနဲ့ အပြိုင် ဒီမိုကရက်တွေရဲ့ သဘောထားတွေကို ဖော်ပြဖို့ နဲ့ ထရမ့်အစိုးရရဲ့ လှုပ်ရှားမှုတွေကိုတုံ့ပြန်ဖို့မှာ မစွမ်းသာနိုင် ဖြစ်ခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီက အမျိုးသမီးတွေက အောက်လွှတ်တော်ကို ထက်အောက် ဆင်တူပန်းရောင် အင်္ကျီ၊ဘောင်းဘီတွေ ဝတ်ဆင်လာပြီး ဆန္ဒပြခဲ့ကြပါတယ်။ သူတို့ရဲ့ အင်္ကျီနောက်ကျောမှာ "ကြံ့ကြံ့ခံ" ဆိုတဲ့ စာလုံးတွေ ပါရှိပြီး သမ္မတထရမ့်မိန့်ခွန်းပြောနေချိန်မှာပဲ ဒါဇင်နဲ့ချီတဲ့ အဲဒီအမျိုးသမီးတွေ လွှတ်တော်ထဲက ထွက်သွားပါတယ်။

"သူတို့ကို ပျော်အောင်လုပ်ဖို့ ငါပြောနိုင်တာ ဘာမှမရှိပါဘူး" လို့ထရမ့် လှောင်ပြောင်တဲ့ပုံနဲ့ ပြောပါတယ်။

ဒီမိုကရက်အထက်လွှတ်တော်အမတ် မစ်ရှီဂန်က အလစ်ဆာ စလော့ကင် အခုလို တုံ့ပြန်ပါတယ်။

" သူ့ရဲ့ ဘီလျံနာသူငယ်ချင်းတွေကို မကြုံစဖူးလက်ဆောင်ပေးနေတာပါ" လို့စွပ်စွဲပြီး "ထရမ့်ကကျွန်မတို့ကို စီးပွားရေးကျဆင်းမှုထဲ တွန်းပို့နေတာလို့ " သူက ဆိုပါတယ်။

ငွေကြေးဖောင်းပွမှုကို စွမ်းအင်နဲ့ လောင်းကြေးထပ်

ထရမ့်က သူ သမ္မတပြန်ဖြစ်ချိန်မှာ ငွေကြေးဖောင်းပွမှုကို လျှော့ချမယ်လို့ မဲဆန္ဒရှင်တွေကို ကတိပေးခဲ့ပါတယ်။ သူ့ရဲ့ အာရုံစိုက်မှုက ရေနံနဲ့ သဘာဝဓာတ်ငွေ့ တူးဖော်မှုအသစ်အတွက် နိုင်ငံကို ဖွင့်ပြီး စွမ်းအင်ကုန်ကျစရိတ်ကို လျှော့ချဖို့ဖြစ်တယ်လို့ မိန့်ခွန်းမှာ ထည့်ပြောပါတယ်။

"ကျွန်တော်တို့ ခြေဖဝါးအောက် မြေသယံဇာတထဲမှာ ရွှေရည်တွေ များနေတယ်၊ ​​ဒါကိုအကောင်အထည်ဖော်ဖို့ အရည်အချင်းအရှိဆုံးအဖွဲ့ကို ကျွန်တော် အပြည့်အဝ ခွင့်ပြုထားပါတယ်။ အဲဒါကို တူးမယ်၊ တူးကြမယ်" လို့ ခေါ်ပါတယ်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း ကြက်ဥစျေးမြင့်တက်လာတာကမှာ ခေါင်းကြီးပိုင်းသတင်းဖြစ်ခဲ့ပြီး ထရမ့်ကတော့ ဘယ်သူ့မှာတာဝန်ရှိတယ်လို့ ထင်မြင်လဲလို့ ပြောပါတယ်။

"ဂျိုးဘိုင်ဒန်က ကြက်ဥဈေးကို မထိန်းနိုင်ခဲ့ ရင်တောင် စျေးပြန်ကျဖို့ ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်နေပါတယ်" လို့ သူက ပြောပါတယ်။

ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ကြက်တွေကို သုတ်သင်ဖို့ ဘိုင်ဒန်အစိုးရလက်ထက်က ပြောခဲ့လို့ ကြက်ဥစျေးတွေအပေါ် သက်ရောက်နေတာလို့ ထုတ်လုပ်သူတွေကပြောပေမဲ့ စျေးတွေက ဆက်တက်နေဆဲ ဖြစ်ပါတယ်။

ငွေကြေးဖောင်းပွမှုဟာ ပြီးခဲ့တဲ့လမှာ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပေမဲ့ ဒါဟာ၂၀၂၂ ခုနှစ်တုန်းက အမြင့်ဆုံးတက်ခဲ့တဲ့ ၉ ရာခိုင်နှုန်းကျော်ကနေဆိုရင် ကျသွားတာ ဖြစ်ပါတယ်။

Reuters/Ipsos စစ်တမ်းတစ်ခုအရ ထရမ့်ရဲ့ လူနေမှုစရိတ် ကိုင်တွယ်မှုကို အမေရိကန် သုံးဦးမှာ တစ်ဦးသာ ထောက်ခံတယ်လို့ ဆိုပါတယ်။