ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အခွန်ကောက်မယ့် ထရမ့်သာမက တရုတ်ကြုံနေရတဲ့စီးပွားရေးပြဿနာတွေက ဘာတွေလဲ
- ရေးသားသူ, ဆူရန်ဂျာနာ တီဝါရီ
- ရာထူးတာဝန်, စီးပွားရေး သတင်းထောက်
တရုတ်အစိုးရဟာ ကာလတာရှည် အိမ်ခြံမြေ ပြဿနာ၊ ဒေသန္တရအစိုးရအဖွဲ့ တင်ရှိနေတဲ့ ကြွေးမြီပြဿနာ၊ လူငယ်အလုပ်လက်မဲ့ ပြဿနာတွေကို ဆက်ရုန်းကန် ဖြေရှင်းနေရချိန်မှာပဲ ၂၀၂၄ ခုနှစ်အတွက် ပြည်တွင်း အသားတင် ကုန်ထုတ်လုပ်မှုတန်ဖိုး (GDP) ပမာဏကို ထုတ်ပြန်ဖို့ ရှိနေပါတယ်။
နှစ်စဉ် စီးပွားရေး တိုးတက်မှုနှုန်းကို ၅ ရာခိုင်နှုန်းလောက် တက်နိုင်ဖို့ တရုတ်အစိုးရက ရည်ရွယ်ထားတာ ဖြစ်ပြီး ကမ္ဘာ့ ဒုတိယအကြီးဆုံး စီးပွားရေးနိုင်ငံကြီးဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ ရည်မှန်းချက်အကောင်အထည်ဖော်နိုင်မယ့် လမ်းကြောင်းပေါ် ရောက်နေပြီလို့ သမ္မတ ရှီ ကျင့်ဖျင်က ပြီးခဲ့တဲ့လက ပြောသွားခဲ့ပါတယ်။
"မိုးသက်မုန်တိုင်းကြားကနေ ကျွန်တော်တို့ အမြဲလို ရုန်းထွက်နိုင်ခဲ့ပါတယ်။ ဒုက္ခတွေကို ကျော်ဖြတ်ပြီး ပိုခိုင်မာလာအောင် လုပ်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကို ယုံကြည်စိတ်ချမှုအပြည့် ထားသင့်ပါတယ်။" လို့ သူက ပြောပါတယ်။
စီးပွားရေးကျွမ်းကျင်သူတွေက ဒါကို လက်ခံကြပါတယ်။ ချေးငွေ လျော့ကျလာပြီး ထုတ်ကုန် တိုးလာတာဟာ တရုတ်အနေနဲ့ နှစ်စဉ် စီးပွားရေးတိုးတက်မှုနှုန်း ၄.၉ ရာခိုင်နှုန်း တိုးလာမယ့် သဘောဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောပါတယ်။
ဒါပေမဲ့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့လည်း ဒေါ်လာ ဘီလျံ ၅၀၀ ဖိုး တရုတ်ထုတ်ကုန်တွေအပေါ် အခွန် တိုးကောက်မယ်ဆိုပြီး မကြာခင် သမ္မတရာထူး လွှဲပြောင်းယူမယ့် ဒေါ်နယ် ထရမ့်ရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။
ဒါက လာမယ့်နှစ် စီးပွားရေး တိုးတက်မှုနှုန်း ရည်မှန်းချက် ပြည့်မီစေရေး လုပ်ဆောင်ရာမှာ တရုတ်ကြုံရမယ့် အခက်အခဲအားလုံးတော့ မဟုတ်ပါဘူး။
စီးပွားရေးလုပ်ငန်းတွေနဲ့ စားသုံးသူတွေရဲ့ ယုံကြည်စိတ်ချမှုက လျော့ကျလာနေပြီး စီးပွားရေးတိုးတက်လာစေဖို့ ကြိုးစားတဲ့အနေနဲ့ တရုတ်အစိုးရက အတိုးနှုန်းတွေ လျှော့ချခဲ့တဲ့အတွက် တရုတ် ယွမ်ငွေ တန်ဖိုးဟာလည်း ဆက်လက် ကျဆင်းနေပါတယ်။
ရှီကျင့်ဖျင်အတွက် ထရမ့်ရဲ့ အခွန်စည်းကြပ်မှုထက် ပိုကြီးမားတဲ့ စိန်ခေါ်မှုတွေ ရှိနေရတဲ့ အကြောင်းရင်း ၃ ချက်ကို ကြည့်ကြရအောင်ပါ။
၁။ အခွန်စည်းကြပ်မှုကြောင့် တရုတ်ထုတ်ကုန်တွေအပေါ် ထိခိုက်နေခဲ့ပြီးသားဖြစ်
၂၀၂၅ ခုနှစ်မှာ တရုတ်စီးပွားရေး နှေးကွေးလာလိမ့်မယ် ဆိုတဲ့ သတိပေးမှုတွေက တစ်နေ့တခြား တိုးလာနေပါတယ်။ ပြီးခဲ့တဲ့နှစ်က စီးပွားရေး တိုးတက်မှုမှာ အဓိက တွန်းအားပေးခဲ့တဲ့ အရာက အခုချိန်မှာအန္တရာယ်နဲ့ ကြုံလာနေရပါပြီ။ အဲဒါက ထုတ်ကုန် တင်ပို့မှုပါ။
တရုတ်ဟာ စီးပွားရေးနှေးကွေးမှုကနေ ရုန်းထွက်နိုင်ဖို့အတွက် ကုန်ထုတ်လုပ်မှုပိုင်းကို အားထားလုပ်ဆောင်ခဲ့ပါတယ်။ ဒီအတွက် လျှပ်စစ်ကားတွေ၊ 3D ပရင့်တာတွေ၊ စက်ရုံသုံး ရိုဘော့စက်ရုပ်တွေကို စံချိန်တင်ရလောက်အောင် အများအပြား ထုတ်လုပ်တင်ပို့ခဲ့ပါတယ်။
အမေရိကန်၊ ကနေဒါနဲ့ ဥရောပသမဂ္ဂတို့က တရုတ်ဟာ ပြည်တွင်းက အလုပ်တွေ၊ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ထုတ်ကုန်တွေ အများကြီး ထုတ်လုပ်ပြီး သွင်းကုန်တွေအပေါ် အခွန်စည်းကြပ် ချမှတ်တာတွေ လုပ်နေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။
တရုတ်ကုန် တင်ပို့သူတွေအနေနဲ့ အခုအခါ တခြားကမ္ဘာ့နိုင်ငံတွေအပေါ် အာရုံစိုက်လာဖွယ် ရှိတယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီနိုင်ငံတွေက မြောက်အမေရိကနဲ့ ဥရောပတို့လောက် ဝယ်လိုအားပမာဏ တန်းတူမရှိကြဘဲ စီးပွားရေးစျေးကွက် စဖွံ့ဖြိုးလာနေတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။
ဒါဟာ စွမ်းအင်နဲ့ ကုန်ကြမ်းတွေ ထောက်ပံ့ပေးမယ့် နိုင်ငံတွေနဲ့ ဆက်သွယ်လုပ်ကိုင်ရင်း အပြန်အလှန်အားဖြင့် စီးပွားရေး ချဲ့ထွင်နိုင်မယ်လို့ မျှော်လင့်နေတဲ့ တရုတ်စီးပွားရေးအပေါ် ရိုက်ခတ်လာနိုင်ပါတယ်။
ရှီကျင့်ဖျင်က တရုတ်နိုင်ငံကို စျေးပေါတဲ့ ကုန်တွေ ထုတ်လုပ်တဲ့ ကမ္ဘာ့စက်ရုံနိုင်ငံ တစ်ခုအဖြစ်ကနေ ခေတ်မီနည်းပညာ အင်အားကြီးနိုင်ငံအဖြစ် ၂၀၃၅ ခုနှစ်မတိုင်ခင် အသွင်ပြောင်းပစ်နိုင်ဖို့ လိုလားနေပါတယ်။ ဒါပေမဲ့ အခွန်စည်းကြပ်မှုတွေ တိုးလာနေချိန်မျိုးမှာ ဒီလိုစီးပွားရေး တိုးတက်ဖို့ တွန်းအားပေးတဲ့ နိုင်ငံကြီးဖြစ်လာအောင် ကုန်ထုတ်လုပ်မှုတွေ ဘယ်လို ဆက်လုပ်နိုင်မလဲ ဆိုတာကတော့ မသေချာလှပါဘူး။
၂။ ဝယ်ယူစားသုံးလိုအား အလုံအလောက်မရှိ
တရုတ်နိုင်ငံမှာ အများအားဖြင့် မိသားစုတွေရဲ့ ချမ်းသာကြွယ်ဝမှုက အိမ်ခြံမြေစျေးကွက်မှာ ရင်းနှီးမြှုပ်နှံရာကနေ ရလာခဲ့ကြတာ ဖြစ်ပါတယ်။ အိမ်ခြံမြေအရောင်းအဝယ် အကျပ်အတည်းတွေ မဖြစ်ခင်တုန်းက အိမ်ခြံမြေ အရောင်းအဝယ်လုပ်ငန်းတွေကြောင့် ဆောက်လုပ်ရေးသမားတွေနဲ့ အိမ်ခြံမြေ ရောင်းချသူတွေကအစ ဘိလပ်မြေထုတ်လုပ်သူတွေနဲ့ အိမ်တွင်းအလှဆင်သူတွေအထိ လူသန်းပေါင်းများစွာကို အလုပ်ခန့်နိုင်ခဲ့ပြီး တရုတ်စီးပွားရေးရဲ့ တတိယအကြီးဆုံးနီးပါး လုပ်ငန်းကြီး ဖြစ်ခဲ့ပါတယ်။
တရုတ်အစိုးရက အိမ်ခြံမြေ စျေးကွက် တည်ငြိမ်စေဖို့အတွက် ပေါ်လစီအများအပြား ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး စီးပွားရေးစျေးကွက် စောင့်ကြည့်လေ့လာတဲ့ တရုတ်စည်းမျဉ်းလုံခြုံရေးကော်မတီ(CSRC) က ဒီပြုပြင်ဆောင်ရွက်မှုတွေကို သူတို့ အားသွန်ခွန်စိုက် ထောက်ခံသွားမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒါပေမဲ့ လူသူကင်းမဲ့တဲ့ နေအိမ်တွေ၊ စီးပွားရေးလုပ်ငန်း အဆောက်အအုံတွေ အများအပြား ရှိနေဆဲ ဖြစ်ပြီး အိမ်ခြံမြေစျေးတွေ ကျသွားအောင် အိုးအိမ်ဆောက်လုပ်မှုတွေ လိုအပ်တာထက် ပိုဆောက်လုပ်မှု ဆက်ရှိနေဆဲ ဖြစ်ပါတယ်။
အိမ်ခြံမြေစျေးကွက်ဟာ အခုနှစ်မှာ အနိမ့်ဆုံးအဆင့်ကို ထိုးကျသွားမယ်လို့ ယူဆနေကြပါတယ်။ ဒါပေမဲ့ ဝေါလ်စထရိ ဧရာမ ဘဏ်လုပ်ငန်းကြီးဖြစ်တဲ့ Goldman Sachs က ဒါဟာ တရုတ်စီးပွားရေး တိုးတက်မှုကို နှစ်ပေါင်းများစွာ ဆွဲချထားလိမ့်မယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံမှာ ၂၀၂၄ ခုနှစ်ရဲ့ နောက်ဆုံး ၃ လတာအတွင်း ဝယ်လိုအားတွေ အကြီးအကျယ် ကျဆင်းခဲ့ပြီး ဖြစ်ပြီး အိမ်ထောင်စုတွေရဲ့ ဝယ်ယူစားသုံးမှုပမာဏဟာ တရုတ်ရဲ့ စီးပွားရေးကို ၂၉ ရာခိုင်နှုန်းသာ အထောက်အကူ ပြုခဲ့ပြီး ကိုဗစ်ကာလမတိုင်ခင်ကထက် ၅၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါတယ်။
ဒါဟာ တရုတ်အစိုးရက ပို့ကုန်တွေ ပိုတိုးထုတ်လုပ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခု ဖြစ်ပါတယ်။ ကားအသစ်တွေ၊ ဇိမ်ခံပစ္စည်းတွေနဲ့ တခြားကုန်ပစ္စည်း အားလုံးနီးပါးအပေါ် ပြည်တွင်းမှာ ဝယ်ယူသုံးစွဲအား နှေးကွေးနေတာကို တရုတ်အစိုးရက တန်ပြန်ဆောင်ရွက်ချင်နေတာ ဖြစ်ပါတယ်။
ကိုယ့်မှာရှိတဲ့ အဝတ်လျှော်စက်တွေ၊ မိုက်ခရိုဝေ့ဗ်တွေ၊ ထမင်းပေါင်းအိုးတွေကို အလဲအလှယ် လုပ်နိုင်တဲ့ စားသုံးသူအချင်းချင်းအကြား ကုန်ပစ္စည်း အလဲအလှယ်လုပ်တဲ့ စီမံကိန်းမျိုးတွေကိုတောင် တရုတ်အစိုးရက အစပြုပေးခဲ့ပါတယ်။
ဒါပေမဲ့ ပိုနက်ရှိုင်းတဲ့ စီးပွားရေးပြဿနာတွေကို ဖြေရှင်းတာမျိုး မရှိဘဲနဲ့ ဒီလိုဆောင်ရွက်မှုမျိုးတွေက လုံလောက်ပါ့မလားဆိုတာကို စီးပွားရေးကျွမ်းကျင်သူတွေက မေးခွန်းထုတ်နေကြပါတယ်။
ကိုဗစ်ကာလ မတိုင်ခင် ဝယ်ယူသုံးစွဲမှု အတိုင်းအတာကို ပြန်ရောက်နိုင်ဖို့အတွက် လူတွေရဲ့ လက်ထဲမှာ ပိုက်ဆံတွေ ပိုရှိဖို့ လိုတယ်လို့ သူတို့က ပြောနေပါတယ်။
"စီးပွားရေးလုပ်ငန်းတွေအပေါ် လူထုက ယုံကြည်စိတ်ချမှု ရှိပြီး အကောင်းမြင်လာအောင် တရုတ်အစိုးရက လုပ်ဖို့ လိုအပ်နေပါတယ်။ ဒီလိုဖြစ်လာဖို့ကတော့ အဝေးကြီး လိုနေပါသေးတယ်။"လို့ Standard Chartered ဘဏ်ရဲ့ တရုတ်နဲ့ မြောက်အာရှဒေသဆိုင်ရာ စီးပွားရေးပညာရှင် အကြီးအကဲ ရူအန်း ဒင်း က ပြောပါတယ်။
"တကယ်လို့ ဝင်ငွေတိုးလာစေနိုင်ပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ကောင်းလာနိုင်အောင် ပုဂ္ဂလိက အပိုင်းကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ စလုပ်လာမယ် ဆိုရင်တော့ ဝယ်ယူစားသုံးဖို့ လူတွေ ယုံကြည်စိတ်ချမှု ပိုရှိလာမှာ ဖြစ်ပါတယ်။"
ကြွေးမြီထူပြောမှုနဲ့ အလုပ်လက်မဲ့ များနေမှုကလည်း ငွေစုဆောင်းမှု၊ သုံးစွဲမှုတွေအပေါ် ရိုက်ခတ်ခဲ့ပါတယ်။
တရားဝင် ကိန်းဂဏန်းတွေအရ လူငယ်အလုပ်လက်မဲ့ အရေအတွက်နှုန်းဟာ ကိုဗစ်ကာလမတိုင်ခင်ကထက်စာရင် မြင့်မားနေဆဲ ဖြစ်ပြီး လစာငွေတိုးပေးတာမျိုးလည်း ရပ်ဆိုင်းထားပါတယ်။
၃။ တရုတ်ဆီကို စီးပွားရေးတွေ အရင်ကလို လှိမ့်ဝင်မလာ
ထုတ်လုပ်မှုစွမ်းအားသစ်လို့ တရုတ်အစိုးရက ဖော်ညွှန်းပြောဆိုနေတဲ့ ခေတ်မီစက်မှုလုပ်ငန်းကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိပြုထားပါတယ်။
ခုချိန်ထိတော့ ဒီထုတ်လုပ်မှုစွမ်းအားသစ်ကြောင့် ဆိုလာပြားတွေ၊ အီလက်ထရစ်ကား ဘက်ထရီတွေလို ပြည့်ဖြိုးမြဲစွမ်းအင် ထုတ်ကုန်တွေ ထုတ်လုပ်နေရာမှာ ဦးဆောင်တဲ့နိုင်ငံ ဖြစ်လာအောင် တရုတ်ကို အထောက်အကူပြုခဲ့ပါတယ်။
မနှစ်တုန်းက တရုတ်ဟာ ကမ္ဘာပေါ်မှာ ကားအများဆုံး ထုတ်လုပ်တဲ့ နိုင်ငံအဖြစ်လည်း ဂျပန်နိုင်ငံကို ကျော်တက်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ စီးပွားရေး မကောင်းမှု၊ အခွန်စည်းကြပ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေကြောင့် အခြေအနေတွေ မရေမရာ ဖြစ်နေမှု၊ တခြား ပထဝီနိုင်ငံရေး အခြေအနေ မရေရာမှု စတာတွေကြောင့် ပြည်ပနိုင်ငံတွေက တရုတ်မှာ လာရောက် ရင်းနှီးမြှုပ်နှံလိုစိတ်တွေလည်း လျော့ကျနေပါတယ်။
"ပြည်ပ ဒါမှမဟုတ် ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုနဲ့ မဆိုင်ရင်တောင် တရုတ်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေက တောက်ပတဲ့ အနာဂါတ်မျိုး မတွေ့ရဘူး" လို့ StashAway ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီရဲ့ စတက်ဖနီ လီယွန်း က ပြောပါတယ်။
"မတူကွဲပြားတဲ့ ရင်းနှီးမြှုပ်နှံသူတွေ ပိုဝင်လာတာကို သူတို့က တွေ့လိုနေကြပါတယ်"
ဒီအကြောင်းရင်းတွေအားလုံးကြောင့် စီးပွားရေးကို အထောက်အပံ့ပေးမယ့် ဆောင်ရွက်မှုတွေကသာ အမေရိကန်က ချမှတ်လာမယ့် အခွန်စည်းကြပ်မှုတွေရဲ့ အရှိန်အဟုန်တွေကို တစ်စိတ်တပိုင်း လျော့ပါး ဖယ်ရှားပေးနိုင်မှာ ဖြစ်တယ်လို့ စီးပွားရေး ကျွမ်းကျင်သူတွေက ယူဆနေကြပါတယ်။
"တရုတ်အစိုးရအနေနဲ့ ကြီးမား၊ ပြတ်သားတဲ့ လုပ်ဆောင်မှုမျိုးကို လုပ်ရင်လုပ် မဟုတ်ရင် စီးပွားရေး အလျင်အမြန် တိုးတက်မှာ မဟုတ်ဘူး ဆိုတာကို လက်ခံရမှာ ဖြစ်ပါတယ်" လို့ Goldman Sachs ဘဏ်လုပ်ငန်းကြီးရဲ့ တရုတ် စီးပွားရေးပညာရှင် အကြီးအကဲ ဟွီ ရှန်းက မကြာသေးခင်က ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြခဲ့ပါတယ်။ "ပထမအချက်ကို တရုတ်အစိုးရ ရွေးချယ်မယ်လို့ ယူဆပါတယ်" လို့လည်း ဆိုပါတယ်။
"တရုတ်နိုင်ငံမှာ အိမ်ခြံမြေ စျေးကွက်တည်ငြိမ်ဖို့ နဲ့ လူမှုရေး တည်ငြိမ်မှု ရှိရေးအတွက် အလုပ်တွေ အလုံအလောက် ဖန်တီးပေးဖို့ လိုအပ်နေပါတယ်" လို့ Standard Chartered ဘဏ်က မစ္စာ ဒင်း က ပြောပါတယ်။
China Dissent Monitor သုတေသနအဖွဲ့ရဲ့ လေ့လာချက်တွေအရ ၂၀၂၄ ခုနှစ် ဇွန်လနဲ့ စက်တင်ဘာလ အကြား တရုတ်နိုင်ငံမှာ အလုပ်သမားတွေနဲ့ အိမ်ခြံမြေပိုင်ဆိုင်သူတွေ ဦးဆောင်တဲ့ ကန့်ကွက်ဆန္ဒပြမှုတွေ ၉၀၀ ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါဟာ အဲဒီမတိုင်ခင် တစ်နှစ်ကထက် ၂၇ ရာခိုင်နှုန်း ပိုတိုးလာတာ ဖြစ်ပါတယ်။
စီးပွားရေး ဆိုးဝါးနေမှုနဲ့ စည်းစိမ်ဥစ္စာ ပျက်စီးလာမှုတွေကို မကျေနပ်ရာကနေ ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာနေတာဟာ တရုတ်ကွန်မြူနစ်ပါတီအတွက် စိုးရိမ်စရာ ဖြစ်လာပါလိမ့်မယ်။
အဆုံးမှာတော့ တရုတ်နိုင်ငံဟာ အရှိန်အဟုန်ပြင်းတဲ့ စီးပွားရေး တိုးတက်မှုကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခု ဖြစ်လာခဲ့တာ ဖြစ်ပြီး ဒါ့ထက် ပိုချမ်းသာကြွယ်ဝလာအောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ တရုတ်ခေါင်းဆောင်တွေရဲ့ ကတိတွေကြောင့်ပဲ လူထုအကြား မကျေနပ်မှုတွေ ဖြစ်မလာအောင် ထိန်းထားနိုင်ခဲ့တာလို့ ဆိုရမှာ ဖြစ်ပါတယ်။