ဘယ်လို စီးပွားရေးမျိုးတွေ မြန်မာထဲ အခုအချိန် ဆက်ရှိနေသင့်လဲ၊ ဘယ်လို ကဏ္ဍတွေ မလာသင့်ဘူးလဲ

လူ့အခွင့်အရေးနဲ့ စီပွားရေး ဆိုင်ရာ အင်စတီကျု IHRB ရဲ့ အကြီးတန်း အကြံပေး၊ မြန်မာဆိုင်ရာ ယူကေသံအမတ်ဟောင်း ဗစ်ကီဘိုမင်နဲ့ မေးမြန်ခန်း
ဓာတ်ပုံ ပုံစာ, လူ့အခွင့်အရေးနဲ့ စီပွားရေး ဆိုင်ရာ အင်စတီကျု IHRB ရဲ့ အကြီးတန်း အကြံပေး၊ မြန်မာဆိုင်ရာ ယူကေသံအမတ်ဟောင်း ဗစ်ကီဘိုမင်နဲ့ မေးမြန်ခန်း

မြန်မာနိုင်ငံမှာ စစ်တပ်က တကျော့ပြန် အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဆီ စီးဆင်းတဲ့ ဝင်ငွေ လမ်းကြောင်းတွေ ပိတ်ပင်နိုင်ရေး ဒီမိုကရေစီ အင်အားစုတွေက နိုင်ငံတကာမှာ ဆော်သြ လှုပ်ရှားနေပါတယ်။

လက်ရှိအချိန်ထိတော့ မြန်မာနဲ့ ပတ်သက်ပြီး လေယာဥ်လောင်စာဆီနဲ့ ပတ်သက်တဲ့ ပိတ်ဆို့မှုတွေ၊ လက်နက် ရောင်းဝယ် တင်ပို့မှုနဲ့ ပတ်သက်တဲ့ ပိတ်ဆို့မှုတွေကို အနောက်အုပ်စု နိုင်ငံတွေ ချမှတ် ထားပါတယ်။ ဒါပေမယ့် မြန်မာနဲ့ ကုန်သွယ်စီးပွား လုံးဝ မလုပ်ဖို့ ပိတ်ပင်တာမျိုးတော့ မရှိပါဘူး။

မြန်မာစစ်တပ် အပေါ် နိုင်ငံတကာ ပစ်ဒဏ်ချ အရေးယူတာတွေ ပြုလုပ်ဖို့ ဆော်သြနေကြသူ တချို့ကတော့ မြန်မာ စစ်တပ် နိုင်ငံခြားငွေ အဓိက ရနေတဲ့ ကဏ္ဍဟာ ကုန်ထုတ်စီးပွား ကဏ္ဍ ဖြစ်ပြီး အဲဒီထဲမှာ အထည်ချုပ် လုပ်ငန်းက ကြီးမားတဲ့ အစိတ်အပိုင်း အနေနဲ့ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါကြောင့် အထည်ချုပ် ကဏ္ဍကိုပါ ပိတ်ဖို့ လှုပ်ရှားနေကြပြီး အဲဒီ ရှုထောင့်အမြင် အပေါ် မြန်မာဆိုင်ရာ ဗြိတိန်နိုင်ငံ သံအမတ်ဟောင်း ဗစ်ကီဘိုမင် ကတော့ သဘော မတူပါဘူး။ မစ္စ ဘိုမင်ဟာ ၂၀၂၄ က အထိ လှုပ်ရှား သက်ဝင်ခဲ့တဲ့ The Myanmar Centre for Responsible Business လို့ ခေါ်တဲ့ တာဝန်ခံမှု ရှိတဲ့ စီးပွားရေး - မြန်မာနိုင်ငံဆိုင်ရာ အဖွဲ့ကို ဦးဆောင်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာလည်း နိုင်ငံတကာ အကြံပေး သုခမိန် အဖွဲ့ ဖြစ်တဲ့ လူ့အခွင့်အရေးနဲ့ စီပွားရေး ဆိုင်ရာ အင်စတီကျု IHRB အတွက် အကြီးတန်း အကြံပေး တစ်ယောက် အဖြစ် ဆောင်ရွက် ပေးနေပါတယ်၊၊

ကျင့်ဝတ်နဲ့ လျော်ညီတဲ့ စီးပွားရေး ဆိုတာဘာလဲ ... နိုင်ငံရေး အရ ပြစ်ဒဏ် ချတဲ့ အနေနဲ့ စီးပွားရေး ပိတ်ဆို့တာတွေဟာ ကျင့်ဝတ်နဲ့ ညီတဲ့ စီးပွားရေး ဖြစ်စေဖို့ တွန်းအား ဖြစ်စေလား ဆိုတာတွေ အကြောင်း ဗစ်ကီဘိုမင့်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုးက လန်ဒန်မြို့ ဘီဘီစီ ရုံးချုပ် စတူဒီယို ထဲမှာ တွေ့ဆုံ ဆွေးနွေးထားပါတယ်။

MCRB အဖွဲ့ဟာ ၂၀၂၄ အထိ တစုံတရာ အတိုင်းအတာထိ မြန်မာထဲမှာ လှုပ်ရှား နိုင်ခဲ့

ဓာတ်ပုံ ရင်းမြစ်, MCRB

ဓာတ်ပုံ ပုံစာ, MRCB အဖွဲ့ဟာ ၂၀၂၄ အထိ တစုံတရာ အတိုင်းအတာထိ မြန်မာထဲမှာ လှုပ်ရှား နိုင်ခဲ့

ဘီဘီစီ။ ။ တာဝန်ခံမှုရှိတဲ့ စီးပွားရေး "responsible business" ဆိုတဲ့ ဝေါဟာရဟာ စီးပွားရေးအရ ဆောင်ရွက်တာတွေ အားလုံး ... လူ့အခွင့်အရေး အပေါ်မှာလည်း အထောက်အပံ့ ဖြစ်ဖို့ လိုအပ်တဲ့ အချက်ကို ရည်ညွှန်းဆိုလိုတယ် ဆိုပြီး ကျွန်တော် နားလည်ထားပါတယ်။ ဗစ်ကီရော ဘယ်လို အဓိပ္ပာယ် ဖွင့်မလဲ ခင်ဗျ။

ဗစ်ကီဘိုမင်။ ။ "Responsible business" လို့ ပြောတဲ့အခါ လူ့အခွင့်အရေး ရှုထောင့် ကနေ ကြည့်တဲ့ အစိတ်အပိုင်း ပါဝင်သလို .... ပိုပြီး ကျယ်ပြန့်တဲ့ အပိုင်းတွေလည်း ရှိပါတယ်။ ကမ္ဘာပေါ် သက်ရှိအမျိုးမျိုး ကွဲပြား ရှင်သန် နေထိုင်ကြတဲ့ ဖြစ်ရပ် "Biodiversity" အပေါ် အလေးထား သလို၊ ပတ်ဝန်းကျင် မပျက်စီး စေရေး အပေါ်လည်း အလေးမူပါတယ်။ ဒီ ကိစ္စချင်းရာတွေ ဟာလည်း လူ့အခွင့်အရေးနဲ့ တသီးတခြားရယ်လို့ မဟုတ်ပဲ အားလုံးဟာ ချိတ်ဆက် နေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီတော့ စီးပွားရေး လုပ်တဲ့ ကုမ္ပဏီတွေ အနေနဲ့ လူ့အခွင့်အရေး အပေါ် လေးစား လိုက်နာရမှာ ဖြစ်သလို၊ လေးစားလိုက်နာအောင် ... မချိုးဖောက်အောင် ... အစိုးရကလည်း အကာအကွယ် ပြုပေးရမှာ ဖြစ်ပါတယ်။ ဥပဒေကြောင်းအရကို မဖြစ်မနေ လေးစားလိုက်နာဖို့ လိုတာမျိုး ဖြစ်အောင်နဲ့ ... တခါ၊ ချိုးဖောက်ရင် အပြစ်ပေး အရေးယူနိုင်တဲ့ တရားရုံး စနစ်မျိုး ရှိအောင် အာဏာပိုင်တွေဘက်က စီမံဖန်တီးပေးထားရမှာ ဖြစ်ပါတယ်။ ဒီအချက်တွေကို ၂၀၁၁ မှာ အတည်ပြုခဲ့တဲ့ စီးပွားရေးနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂရဲ့ လမ်းညွှန် မူဝါဒ ဆိုတာထဲမှာ ထည့်သွင်းပြီး အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။

ဘီဘီစီ။ ။ ဒီ ကုလ လမ်းညွှန်ချက်ဟာ ဥပဒေအရ စည်းနှောင်မှု ရှိလား။ အဖွဲ့ဝင် နိုင်ငံတွေ အားလုံး မဖြစ်မနေ လိုက်နာဖို့ လိုလား။

ဗစ်ကီဘိုမင်။ ။ ကုလသမဂ္ဂရဲ့ အခြေခံမူဝါဒပိုင်း လမ်းညွှန်ချက် ဆိုတာဟာ နိုင်ငံတကာ စံချိန်စံညွှန်း ဖြစ်ပေမယ့် ဒီ လမ်းညွှန်ချက် သက်သက်ကတော့ ဥပဒေ တစ်ရပ် အဖြစ် စည်းနှောင်မှု မရှိပါဘူး။ ဥပဒေ အသွင် ပြဌာန်းနိုင်ဖို့၊ ထိန်းကျောင်းနိုင်ဖို့၊ တကယ်တမ်း သက်ဝင် နိုင်ဖို့ကတော့ နိုင်ငံတစ်နိုင်ငံချင်းဆီမှာ ရှိကြတဲ့ အစိုးရနဲ့ တရားရုံးတို့လို သက်ဆိုင်ရာ အာဏာပိုင်တွေဘက်က လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ စံညွှန်းတွေ အဖြစ် ကုလသမဂ္ဂရဲ့ အခြေခံမူဝါဒပိုင်း လမ်းညွှန်ချက် အပြင်၊ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ အဓမ္မ လုပ်အား စေခိုင်းခံရတာကနေ ကင်းလွတ်ခွင့် ဆိုင်ရာ ကိစ္စချင်းရာတွေမှာ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ ILO ကနေ ပြဌာန်းထားတဲ့ ပဋိဉာဥ်တွေ ရှိပါတယ်။ အဲဒါတွေ တကယ်တမ်း အကောင်အထည် ဖော်နိုင်ဖို့ ဆိုတာကတော့ နိုင်ငံတစ်နိုင်ငံချင်းစီမှာ ဥပဒေအသွင် ဘယ်လောက်ထိ ပြဌာန်း ထားနိုင်သလဲ ... တကယ်တမ်း အလုပ်ဖြစ်တဲ့ တရားစီရင်ရေး စနစ် ရှိလား ဆိုတာတွေက အရေးကြီးပါတယ်။ အဲဒါမှပဲ အလုပ်သမားတွေ ဖြစ်ဖြစ်၊ အခွင့်အရေး ချိုးဖောက် ခံရတဲ့ ဘယ်သူဖြစ်ဖြစ် ... သူတို့ဟာ ကိုယ့်နိုင်ငံက တရားရုံးတွေမှာ အမှုကိစ္စ တည်ဆောက်ပြီး ဥပဒေကြောင်းအရ ရင်ဆိုင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်နိုင်ငံထဲမှာပဲ တရားစွဲတာမျိုး မဟုတ်ပဲ ... နိုင်ငံတကာအဆင့် ဒါမှ မဟုတ် နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုခုက တရားရုံးမှာ ကိုယ့်အမှုကိစ္စကို ကြားနား စီရင်ပေး နိုင်တဲ့ ဖြစ်နိုင်ခြေမျိုးလည်း ရှိတတ်ပါတယ်။ ဆိုလိုတာက မြန်မာနိုင်ငံထဲက လုပ်ငန်း ကုမ္ပဏီ တစ်ခုခုကို ယူကေ ဒါမှမဟုတ် အီးယူထဲမှာ တရားစွဲတာမျိုးပေါ့။ အီးယူထဲမှာ ဆိုရင် ဥပဒေသစ်တရပ် ထွက်လာအောင် အခု လုပ်ဆောင်နေပါတယ်။ အဲဒါကတော့ စီးပွားရေး တစ်ခု လုပ်တော့မယ် ဆိုရင် "human rights due delligence" လို့ ခေါ်တဲ့ လူ့အခွင့်အရေး ဆိုင်ရာ ချိုးဖောက်မှုတွေ မပေါ်ပေါက်စေရေး အသေးစိတ် စိစစ်မှုတွေ လုပ်ထားရမယ် ဆိုတာကို ဥပဒေ အသွင် ပြဌာန်းနိုင်ဖို့ ဖြစ်ပါတယ်။ ကုလသမဂ္ဂ လမ်းညွန်ချက်ပါ အချက်တွေကို ဥပဒေ ဖြစ်လာအောင် ကြိုးစားနေတာလို့ နားလည်နိုင်ပါတယ်။ ဒါ အီးယူထဲမှာ ကြိုးစားနေတုန်းပဲ ဖြစ်ပါတယ်။ မဖြစ်မနေ လိုက်နာရမယ့် ဥပဒေ အသွင် ရရှိ လာမလား ဆိုတာ ဆက်ပြီး စောင့်ကြည့်ရဉီးမှာ ဖြစ်ပါတယ်။

နာမည်ကြီး ဖက်ရှင်ကုန်ပစ္စည်း အမှတ်တံဆိပ်တွေ မြန်မာကနေ ထွက်ဖို့ ဆော်သြလှုပ်ရှားမှုတွေ ရှိခဲ့ပြီး တချို့ ထွက်ခွာခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နာမည်ကြီး ဖက်ရှင်ကုန်ပစ္စည်း အမှတ်တံဆိပ်တွေ မြန်မာကနေ ထွက်ဖို့ ဆော်သြလှုပ်ရှားမှုတွေ ရှိခဲ့ပြီး တချို့ ထွက်ခွာခဲ့ကြ

ဘီဘီစီ။ ။ ဗစ်ကီ ဦးဆောင်တဲ့ Myanmar Centre for Responsible Business (MCRB) ဆိုတဲ့ အဖွဲ့ဟာ မြန်မာနိုင်ငံထဲ တစုံတရာ အတိုင်းအတာနဲ့ ပြီးခဲ့တဲ့နှစ် ၂၀၂၄ အထိအောင် သက်ဝင် လှုပ်ရှားခဲ့တယ်လို့ ကျွန်တော် နားလည် ထားပါတယ်။ ဒီတော့ စီးပွားရေး လုပ်ငန်းတွေဟာ ကျင့်ဝတ်ပိုင်း ဆိုင်ရာ မှန်မှန်ကန်ကန် ပြုမူရဲ့လား ဆိုတာကို စောင့်ကြည့်တဲ့ ယန္တရားမျိုး မြန်မာနိုင်ငံထဲမှာ အာဏာသိမ်းပြီး နောက်ပိုင်းမှာရော ဆက်ရှိနေလား ခင်ဗျ။

ဗစ်ကီဘိုမင်။ ။ နိုင်ငံတစ်ခုမှာ လာရောက် လုပ်ကိုင်နေတဲ့ နိုင်ငံခြား ကုမ္ပဏီကို ဖြစ်စေ၊ ပြည်တွင်း ကုမ္ပဏီကို ဖြစ်စေ ကျင့်ဝတ်နဲ့ ညီတဲ့ စီးပွားရေးမျိုး လုပ်ဆောင်သလား ဆိုတာကို အဖွဲ့အစည်းတချို့က စောင့်ကြည့် ထိန်းကျောင်းတာမျိုး ... မဖြစ်မနေ လိုက်နာစေတာမျိုးတွေ ပြုလုပ်ရပါတယ်။ ပထမဆုံးကတော့ အဲဒီ တိုင်းပြည်ရဲ့ အစိုးရပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဆိုရင်လည်း ဒီ ကိစ္စနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ အစိုးရ ဝန်ကြီးဌာနတွေ ရှိပါတယ်။ ဥပမာ - အလုပ်သမား ဝန်ကြီးဌာနနဲ့ မွန်ရက်ခ် "MONREC" လို့ အတိုကောက် ရည်ညွှန်းလေ့ ရှိတဲ့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန လို အရာမျိုးတွေ ဖြစ်ပါတယ်။ လုပ်ငန်းကုမ္ပဏီတွေ ဘက်က ဥပဒေကို လိုက်နာ ဆောင်ရွက်သလား ဆိုတာကို အဲဒီလို ဝန်ကြီးဌာနတွေက စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု မတိုင်ခင် ကတည်းက အစိုးရ ဝန်ကြီးဌာနတွေဟာ အဲဒီလို လုပ်ဆောင်နိုင်စွမ်းမှာ အားနည်းနေပါတယ်။ အစိုးရ ဝန်ကြီးဌာနတွေ ကိုယ်၌ လုံလောက်တဲ့ နားလည်ကျွမ်းကျင်မှုတွေနဲ့ ရင်းမြစ်တွေ မရှိကြပါဘူး။ အာဏာသိမ်းမှု ဖြစ်လာပြီးတဲ့နောက်မှာ ဒါတွေဟာ ပိုပြီးတော့တောင် အားနည်းလာပါတယ်။ CDM လုပ်သွားကြတာကလည်း အကြောင်းအရင်း တစ်ခု ဖြစ်ပါတယ်။

ကျွန်မတို့ ဘက်က သင်တန်းတွေပေးထားတဲ့ အစိုးရ အရာရှိတွေထဲကနေ CDM လုပ်သွားကြပြီး၊ ဌာနတွေကနေ ထွက်ခွာသွားသူတွေ ရှိပါတယ်။ ဝန်ကြီးဌာနတွေရဲ့ တတ်နိုင်စွမ်း ရင်းမြစ်တွေလည်း ပို အားနည်းသထက် နည်းလာပါတယ်။ အဲဒါတွေ အားလုံးရဲ့ အထက် ရှိနေတဲ့ အဓိက မေးခွန်းတစ်ခုကတော့ ကျင့်ဝတ်ပိုင်း စောင့်ကြည့် ထိန်းကျောင်းရေး ကဏ္ဍကို ဘယ်လောက် အလေးထားမလဲ ... တကယ်တမ်း နိုင်ငံရေး စိတ်ဆန္ဒ ရှိရဲ့လား ဆိုတာပါပဲ။ အခု ပြောခဲ့တာတွေဟာ အစိုးရပိုင်းရဲ့ အခန်းကဏ္ဍ ဖြစ်ပါတယ်။ Responsible business ဖြစ်ရေး စောင့်ကြည့် ထိန်းကျောင်းတဲ့ အလုပ်ဟာ ... ကုမ္ပဏီ လည်ပတ်နေတဲ့ နိုင်ငံရဲ့ အစိုးရပိုင်းမှာ အားနည်းလို့ ဆိုပြီး လုံးဝ ကင်းမဲ့ နေတာမျိုးတော့ မဖြစ်သင့်ပါဘူး။

မြန်မာနိုင်ငံထဲ လည်ပတ်နေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေ ဆိုရင် ... သူတို့ရဲ့ သက်ဆိုင်ရာ မိခင် နိုင်ငံ အစိုးရ home governments တွေ ရှိမှာ ဖြစ်ပြီး၊ အဲဒီ အစိုးရတွေမှာလည်း ထိန်းကျောင်းရမယ့် တာဝန် ရှိပါတယ်။ ဒီတော့ စောင့်ကြည့် ထိန်းကျောင်းရေး ယန္တရား အဲဒီ ပုံစံမျိုးနဲ့တော့ ဆက်ရှိနေပါတယ်။

ဥပမာ ပြောရရင် - စီးပွားရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးရေး အဖွဲ့ OECD ထံ ဆက်သွယ် အကြောင်းကြားနိုင်တဲ့ နေရာတွေဟာ နိုင်ငံ တော်တော် များများမှာ ရှိနေပါတယ်။ ကုမ္ပဏီတွေရဲ့ အပြုအမူနဲ့ ပတ်သက်ပြီး အဲဒီနေရာတွေကနေ တဆင့် တိုင်တမ်း အသိပေးနိုင်ပါတယ်။

မြန်မာနဲ့ တိုက်ရိုက်ဆိုင်တာ ပြောရရင် လောလောဆယ်မှာကို ယူကေ၊ ဂျာမနီနဲ့ ပိုလန် နိုင်ငံတွေမှာ မြန်မာနိုင်ငံထဲက အထည်ချုပ် လုပ်ငန်းတွေနဲ့ ပတ်သက်တဲ့ တိုင်တမ်းချက်တွေ ရှိနေပါတယ်။ Next၊ New Yorker နဲ့ ပိုလန်က LPP ကုမ္ပဏီတွေနဲ့ ပတ်သက်တဲ့ တိုင်တမ်းချက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲ သူတို့ရဲ့ အလုပ်တွေ စေခိုင်းရာမှာ ကျင့်ဝတ်နဲ့ ညီစွာ ပြုမူခြင်း ရှိမရှိ ဆိုတဲ့အပေါ် တိုင်ကြား ခံထားရတာ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ စီးပွားရေး ကုမ္ပဏီကြီးတွေ ကိုယ်တိုင် စောင့်ကြည့်ရေး ယန္တရားတွေ ဖော်ဆောင်ထားဖို့ လိုပါတယ်။ သူတို့ကုမ္ပဏီတွေ အသုံးပြုတဲ့ စီးပွားရေး ကွင်းဆက် အဆင့်ဆင့်မှာ လုပ်ပုံကိုင်ပုံတွေဟာ ကျင့်ဝတ်နဲ့ ညီရဲ့လား ဆိုတာကို စစ်ဆေးတဲ့ social auditor တွေ စေလွှတ်တာမျိုး၊ မမှန်မကန် လုပ်ရပ်တွေကို လုပ်ငန်းခွင်ထဲက သူတွေ ကိုယ်တိုင် ဖော်ကောင်လုပ်အသိပေး တိုင်တမ်းနိုင်တဲ့ whistleblowing စနစ်မျိုး ဖန်တီး ထားရှိတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။ နောက်တစ်ခုကတော့ ကုမ္ပဏီတွေ အနေနဲ့ အလုပ်သမားသမဂ္ဂတွေနဲ့ ပုံမှန်တွေ့ဆုံ စကားပြောတာမျိုးတွေ လုပ်နိုင်ပါတယ်။

ဒီတော့ အလုပ်သမဂ္ဂတွေ၊ မီဒီယာတွေဟာလည်း ကျင့်ဝတ်နဲ့ ညီတဲ့ စီးပွားရေး ဖြစ်စေဖို့ ထိန်းကြောင်းရေး စနစ်ထဲ ပါဝင်တယ်လို့ ပြောနိုင်ပါတယ်။ Myanmar Labour News ဆိုရင် ပြည်တွင်း အထည်ချုပ်လုပ်ငန်းတွေထဲက ပြဿနာတွေရော၊ ပြည်ပရောက် ရွှေ့ပြောင်းလုပ်သားတွေအရေးမှာရော ဘာတွေ ချိုးဖောက်ခံနေရသလဲ ဆိုတဲ့ အချက်တွေကို ရည်ညွှန်းကိုးကားဖို့ရာ အတော်လေး အားကိုးရပါတယ်။

နာမည်ကျော် H&M ဆိုရင် မြန်မာကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နာမည်ကျော် H&M ဆိုရင် မြန်မာကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့

ဘီဘီစီ။ ။ အာဏာသိမ်းပြီးနောက်မှာ ကမ္ဘာ့ ကုန်ပစ္စည်း အမှတ်တံဆိပ် တော်တော်များများ မြန်မာနိုင်ငံက ထွက်သွားကြပါတယ်။ သူတို့ ပြောတာကတော့ လက်ရှိ အခြေအနေနဲ့တော့ ကျင့်ဝတ်ချိုးဖောက်တာတွေ မဖြစ်အောင် အသေးစိတ် ကြိုတင်ကာကွယ် ဟန့်တားတဲ့ due delligence မျိုး သူတို့ လုပ်ဆောင်လို့ မရနိုင်တော့တဲ့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီလို ပြောဆိုမှုကို ဗစ်ကီ သဘောတူလား။ သူတို့ တိုင်းပြည်ထဲက ထွက်သွားတာ မှန်ကန်တဲ့ ရွေးချယ်မှုလို့ မြင်လား။

ဗစ်ကီဘိုမင်။ ။ ဘယ်လို လုပ်ငန်းမျိုးတွေ လုပ်တဲ့ ကုမ္ပဏီလည်း ဆိုတဲ့ အပေါ် မူတည် ပါလိမ့်မယ်။ ကျွန်မတို့ အထည်ချုပ်လုပ်ငန်းရဲ့ အပြင်ဘက်ကို အရင်ဆုံး စကြည့်ရအောင်ပါ။ ဥပမာ ဆိုကြပါစို့ ... ပျူးမား စွမ်းအင် ကုမ္ပဏီဆိုရင် ထွက်သွားပါတယ်။ သူတို့ဟာ အရပ်ဘက်သုံး လေယာဥ်လောင်စာဆီတွေ မြန်မာပြည်ထဲ တင်သွင်းပေးခဲ့တဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ သူတို့ တင်သွင်းတဲ့ လေယာဥ်ဆီတွေဟာ မြန်မာ စစ်တပ်ရဲ့ လက်ထဲ ရောက်မသွားစေဖို့ရာ သူတို့မှာ ထိန်းချုပ်နိုင်စွမ်း မရှိဘူး ဆိုပြီး ထွက်ခွာ သွားခဲ့ပါတယ်။ အဲဒါဟာ ကိုဝေဖြိုးပြောတဲ့ due delligence ဆိုတဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။ ဆိုးရွားတဲ့ သက်ရောက်မှု မဖြစ်ပေါ်အောင် စီမံထိန်းချုပ်နိုင်စွမ်း မရှိတော့ဘူး ဆိုတဲ့ အခြေခံနဲ့ မြန်မာနိုင်ငံကနေ ခွာဖို့ သူတို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း မြန်မာနိုင်ငံအပေါ် လေယာဥ်လောင်စာဆီ နဲ့ ပတ်သက်ပြီး ပိတ်ဆို့မှုတွေ ချမှတ်လာခဲ့ပါတယ်။

တခါ၊ တယ်လီနော ဆိုရင်လည်း အလားတူပါပဲ။ လူတွေ အပေါ် စောင့်ကြည့် ထောက်လှမ်းနိုင်ရေးနဲ့ ပတ်သက်ပြီး စစ်အာဏာပိုင်တွေက သူတို့ အပေါ် ဖိအားပေးလာတဲ့ အခါ သူတို့ အနေနဲ့ ကျင့်ဝတ်နဲ့ ညီစွာ ဆက်ပြီး အလုပ်လုပ်လို့ မရနိုင်တော့ဘူး ဆိုတဲ့ အခြေအနေမျိုးကို တွန်းပို့ ခံရသလို ဖြစ်လာတဲ့ အတွက် ထွက်သွားပါတယ်။ NLD အစိုးရလက်ထက် အာဏာပိုင်တွေဘက်က အလားတူ တောင်းဆိုချက်မျိုးတွေ ရှိခဲ့ပေမယ့် အဲဒီတုန်းကတော့ တယ်လီနောက ပြန်လည် တွန်းထုတ်ခဲ့ပါတယ်။ စစ်အာဏာပိုင်တွေ လက်ထက်မှာတော့ အံတုငြင်းဆန်ရင် သူတို့ ဝန်ထမ်းတွေ အတွက် အန္တရာယ်ကြီးလိမ့်မယ်လို့ ဆန်းစစ်ပြီး ထွက်သွားတာ ဖြစ်ပါတယ်။

ကဲ ... အခု အထည်ချုပ် လုပ်ငန်းတွေကို ကြည့်ရအောင်ပါ။ အဲဒီ လုပ်ငန်းကဏ္ဍမျိုးမှာ ဆိုရင်တော့ ကုမ္ပဏီတွေဘက်ကကို due delligence အတွက် သူတို့ ဘယ်လောက် အားထည့်ပြီး လုပ်ဆောင်သလဲ ဆိုတဲ့ အပေါ် မူတည်ပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆို ကုမ္ပဏီ ရုံးခန်းတွေ မြန်မာနိုင်ငံထဲ ရှိနေဆဲ၊ လှုပ်ရှား လည်ပတ်နေဆဲ ဖြစ်တဲ့ အတွက် ဘာတွေ ဖြစ်နေလဲ ဆိုတာ သိနိုင်ဖို့ စစ်ဆေးရေးသမား social auditors တွေကို သူတို့ စေလွှတ်မယ်ဆို စေလွှတ်နိုင်ပါတယ်။

နောက်ပြီး ဥရောပ သမဂ္ဂ အီးယူ အဖွဲ့က ကမကထလုပ်ပေးထားတဲ့ .... မြန်မာနိုင်ငံထဲမှာလည်း လက်ရှိ ရှိနေဆဲ ဖြစ်တဲ့ မိတ်အင်မြန်မာ ပရိုဂရမ် "MADE in Myanmar" ဆိုတာမျိုးထဲ ဝင်ပြီး ကုမ္ပဏီတွေ အနေနဲ့ ပူးပေါင်းဆောင်ရွက် နိုင်ပါတယ်။ ကိုယ်တိုင်လည်း အလုပ်သမား သမဂ္ဂတွေ၊ အခွင့်အရေး လှုပ်ရှားသူတွေနဲ့ တိုက်ရိုက် ထိတွေ့ ဆက်ဆံပြီး due delligence ကို အားထုတ်ပြီး လုပ်မယ်ဆိုရင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် တကမ္ဘာလုံးက အထည်ချုပ် ကုမ္ပဏီတွေဟာ အဲဒီလောက် အားထုတ်လို စိတ် မရှိကြပါဘူး။ due delligence ဖြစ်ရေး အတွက် အားထည့် လုပ်မကြည့်ပဲ ပေါ့ပေါ့တန်တန် သဘောထားတဲ့ လုပ်ငန်းမျိုးတွေ တိုင်းပြည်ထဲက ထွက်သွားမယ် ဆိုရင်လည်း ထွက်သွားတာကမှ ပိုကောင်းပါလိမ့်မယ်။

ဒိန်းမတ် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ ဘက်(စ)ဆဲလာ Bestseller ကတော့ မြန်မာနိုင်ငံ ထဲမှာ ဆက်ရှိနေဖို့ ဆုံးဖြတ်ပါတယ်။ သူတို့အတွက် အဝတ်ချုပ် ပေးနေတဲ့ စက်ရုံတွေနဲ့ အပတ်စဥ် ဆိုသလို ထိတွေ့ ဆက်ဆံဖို့ သီးသန့် အဖွဲ့ထားရှိတာမျိုး၊ အရေးပေါ် ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖွင့်ပေးထား တာမျိုးတွေ စီမံ ဖန်တီး ပေးထားပါတယ်။ အဲဒီလို ကုမ္ပဏီ လုပ်ငန်းမျိုး တွေ တိုင်းပြည်ထဲ ဆက်ရှိနေတာကတော့ ကောင်းတယ်လို့ ဆိုရပါမယ်။ လူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီး ပေးနိုင်တဲ့ အတွက် ဖြစ်ပါတယ်။ အခုလို ဝန်းကျင် အခြေအနေမျိုးမှာ လူတွေ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနေစေဖို့ ဆိုတာ အရေးကြီးပါတယ်။

ဒီတော့ ကျွန်မရဲ့ သဘောထား အမြင်က ဘာလဲ လို့ ဆိုရင် ကုမ္ပဏီတွေ အနေနဲ့ due delligence ကို တတ်နိုင်သလောက် အားထည့်ပြီး လုပ်ဆောင်မယ်၊ လုပ်ဆောင်နိုင်တယ် ဆိုရင် တိုင်းပြည်ထဲမှာ ဆက်ရှိနေတာ ပိုကောင်းပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေအတွက် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေ ရရှိနေနိုင်မှာ ဖြစ်ပါတယ်။ အမျိုးသမီး တစ်ယောက် အလုပ်အကိုင် ရှိနေတဲ့ အခါ မိသားစုဝင် နှစ်ယောက် သုံးယောက် အသက်ရှင် ရပ်တည်ဖို့ အတွက် အထောက်အပံ့ ဖြစ်နေစေပါလိမ့်မယ်။

မြေပြိုလို့ လူတွေ အစုလိုက် အပြုံလိုက် မကြာခန သေဆုံးရတဲ့ ဖားကန့် ကျောက်စိမ်းမြေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြေပြိုလို့ လူတွေ အစုလိုက် အပြုံလိုက် မကြာခန သေဆုံးရတဲ့ ဖားကန့် ကျောက်စိမ်းမြေ

ဘီဘီစီ။ ။ မြန်မာနိုင်ငံထဲက သယံဇာတ ထုတ်ယူတဲ့ စီးပွားရေး အပိုင်းကရော ကျင့်ဝတ်တဲ့ ညီတဲ့ စီးပွားရေး ဖြစ်စေဖို့ စောင့်ကြည့် ထိန်းချုပ် နိုင်တဲ့ အခြေအနေရှိခဲ့လား။ ဗစ်ကီတို့ အဖွဲ့အစည်း အနေနဲ့ရော အဲဒီ အပိုင်းကို လုပ်နိုင်ခဲ့လား။

ဗစ်ကီဘိုမင်။ ။ ကျွန်မတို့ အဖွဲ့ မြန်မာနိုင်ငံထဲမှာ လှုပ်ရှားခဲ့တုန်းက ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ အခန်းကဏ္ဍ အပေါ် ဆန်းစစ်မှုတွေ လုပ်ခဲ့သလို၊ သတ္တုတွင်း လုပ်ငန်း တစ်ခု အပေါ်မှာပါ ဆန်းစစ်ခဲ့ပါတယ်။ ကျွန်မတို့ရဲ့ တွေ့ရှိချက်တွေ၊ အကြံပြုချက်တွေကို ကျွန်မတို့ MCRB ဝက်ဘ်ဆိုက် စာမျက်နှာမှာ အခုထိ တင်ထားပါတယ်။ အဲဒါတွေဟာ ဒီကနေ့ အချိန်ထိ အကြုံးဝင် ဆီလျော် နေပါတယ်။ အကြောင်းကတော့ စောင့်ကြည့် ထိန်းကြောင်းရေး အခြေခံ မူဘောင်တွေ ကင်းမဲ့ နေတဲ့ အတွက် ဖြစ်လာရတဲ့ ချို့ယွင်း အားနည်းချက်တွေ အကြောင်း ဖြစ်တဲ့ အတွက် အခုထက်ထိအောင် ဆီလျော် သက်ဆိုင် နေတာ ဖြစ်ပါတယ်။

အာဏာသိမ်းပြီး နောက်ပိုင်း အခု လက်ရှိ ကာလမှာ နိုင်ငံတကာက သယံဇာတ တူးဖော်ရေး လုပ်ငန်းရှင်တွေကို ကျွန်မ အကြံပေးရမယ် ဆိုရင် မြန်မာနိုင်ငံထဲမှာ လာပြီး အလုပ် မလုပ်နဲ့ ... ဝေးဝေးနေပါ လို့ ပြောမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သယံဇာတပိုင်း ဆိုင်ရာ မူဝါဒနဲ့ ထိန်းချုပ်ရေး အခြေခံ မူဘောင်တွေဟာ ကျွန်မ ပြောခဲ့သလို အာဏာသိမ်းမှု မတိုင်ခင် ကတည်းက အခြေအနေ အလွန် ဆိုးနှင့်ပြီး ဖြစ်တာပါတယ်။ သယံဇာတ တူးဖော်ရေးမှာ အဓိက ဦးစားပေး လက်ဝယ် ရှိထားသင့်တာက ပြည်ထောင်စု အဆင့် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေပဲ ဖြစ်ပါတယ်။

အဲဒီပေါ် အခြေခံ ပြီးမှသာ အခွန်အကောက် ကိစ္စ အပါအဝင်၊ စီမံကိန်း နယ်မြေတွေ တွေကို ဘယ်နည်းဘယ်ပုံ ဖော်ဆောင်မလဲ ... သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေရအောင် ဘယ်လို ကာကွယ်မလဲ .... အလုပ်သမားအရေး ဘယ်လို စီမံ ခန့်ခွဲမလဲ ဆိုတဲ့ နောက်အဆင့်တွေဆီ တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ သယံဇာတ တူးဖော်ရေး ကဏ္ဍမှာ ခွင့်ပြုမိန့် လိုင်စင်ရယူ ဖို့ ဆိုတာ အစိုးရ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ဝန်ကြီးဌာန ဆီက ဖြစ်စေ၊ သတ္တုတွင်း ဝန်ကြီး ဌာန ဆီက ဖြစ်စေ ရယူရပြီး၊ အဲဒီ ဝန်ကြီးဌာနတွေနဲ့ ဖက်စပ် လုပ်ကိုင်မှသာ လုပ်ပိုင်ခွင့် ရတာ ဖြစ်ပါတယ်။ အခွန်အခ ကိစ္စ အသာထားလို့ ဖက်စပ် အကျိုးအမြတ် ခွဲဝေရတာတွေဟာ အစိုးရ ထံ တိုက်ရိုက် သွားတာ ဖြစ်ပါတယ်။ အစိုးရရဲ့ တိုက်ရိုက် ဝင်ငွေ ဖြစ်ပါတယ်။

အထည်ချုပ် လုပ်ငန်းနဲ့ ကွာပါတယ်။ အထည်ချုပ် လုပ်ငန်းမှာ ဆိုရင် အစိုးရနဲ့ ဖက်စပ် လုပ်ဆောင်ဖို့ မလိုပါဘူး။ မြန်မာ အစိုးရ ဆိုတာ မြန်မာ စစ်တပ်ပဲ လို့ မြင်သူတွေ ရှိပေမယ့် ကျွန်မကတော့ အဲဒီ နှစ်ခုကြား ကွဲပြားတယ်လို့ ဆန်းစစ် ရှုမြင်သူ ဖြစ်ပါတယ်။ အဲဒီလို မြင်သည့်တိုင်အောင် မြန်မာနိုင်ငံမှာ ပိုမို ကောင်းမွန်တဲ့ အုပ်ချုပ်ရေး စနစ်ယန္တရား တစ်ရပ် မထူထောင်နိုင်သေးသရွေ့တော့ သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေ မလာကြသေးဖို့ ကျွန်မ အနေနဲ့ တိုက်တွန်း အကြံပြုမှာ ဖြစ်ပါတယ်။

အထည်ချုပ်လုပ်ငန်းကိုရော ပိတ်ဆို့သင့်လား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အထည်ချုပ်လုပ်ငန်းကိုရော ပိတ်ဆို့သင့်လား

ဘီဘီစီ။ ။ ကျွန်တော်တို့ အနောက်နိုင်ငံတွေက ချမှတ်တဲ့ စီးပွားရေး ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှု ဆန်ရှင် Sanctions တွေ အကြောင်း ပြောရအောင်ပါ။ အဲဒီလို ပိတ်ဆို့မှုတွေဟာ ကျင့်ဝတ်နဲ့ညီတဲ့ စီးပွားရေးတွေ လုပ်ကိုင်စေရေး အတွက် တွန်းအားဖြစ်စေလား၊ ဒါမှမဟုတ် ဒေသခံ ပြည်သူတွေ အပေါ်မှာ ပိုပြီး ထိခိုက် နစ်နာသွားစေလား။

ဗစ်ကီဘိုမင်။ ။ ဝေဖြိုးရေ ... ကျွန်မအမြင်မှာတော့ စီးပွားရေး ပိတ်ဆို့မှု ဆိုတာတွေဟာ ကျင့်ဝတ်နဲ့ ညီတဲ့ စီးပွားရေး ပုံစံမျိုးတွေ ပေါ်ပေါက်လာရေး အတွက် ရည်ရွယ်တာ မဟုတ်ပါဘူး။ အဓိက ရည်ရွယ်တာကတော့ သူတို့ ပစ်မှတ်ထားတဲ့ စစ်အာဏာပိုင်တွေဘက်က ပိုပြီး ကျယ်ပြန့်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဆောင်လာစေဖို့ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ တိုက်လေယာဥ်တွေဟာ အရပ်ဘက် ပစ်မှတ်တွေကို ဦးတည် တိုက်ခိုက်တာမျိုးလို လူ့အခွင့်အရေး ဆိုင်ရာ ကိစ္စတွေမှာ စစ်တပ်ဘက်က ပြုပြင် ပြောင်းလဲတာတွေ လုပ်ဖို့ ရည်ရွယ်ချက်နဲ့ Sanctions တွေကို ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း ပိတ်ဆို့ အရေးယူတဲ့ ကဏ္ဍတွေကိုကြည့်ရင် လေယာဥ် လောင်စာဆီနဲ့ သက်ဆိုင်တဲ့ ကဏ္ဍတို့ လက်နက်တင်ပို့ ရောင်းချတဲ့ ကဏ္ဍတွေ ၊ အဲဒီ ကဏ္ဍတွေမှာ ပါဝင် ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်တွေ အပေါ်မှာ ပစ်မှတ်ထားတာ ဖြစ်ပါတယ်။

တခါ၊ ကမ္ဘာ့ဘဏ် World Bank နဲ့ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ IMF တို့ရဲ့ အထောက်အပံ့တွေ အခုအချိန်မှာ မြန်မာနိုင်ငံ မရသင့်ဘူး ဆိုတဲ့ ပိတ်ဆို့မှုတွေကို ကြည့်ရင် လေယာဥ်လောင်စာဆီ ကဏ္ဍတို့ လက်နက်တင်ပို့တဲ့ ကဏ္ဍ တို့ ထက် ပိုပြီး ကျယ်ပြန့် သွားပါတယ်။

တိုင်းပြည်မှာ အခက်အခဲ အကျပ်အတည်း ဆိုက်ရောက်ချိန် ... ဥပမာ ဘင်္ဂလားဒေ့ရှ်တို့ သီရိလင်္ကာတို့မှာ ပြဿနာတွေတက်တော့ နိုင်ငံတကာ ငွေကြေး အဖွဲ့ အစည်းတွေရဲ့ အကူအညီကို ရပြီး၊ မြန်မာနိုင်ငံကိုကျတော့ မပေးရဘူး ဆိုတာ ... ဆီလျော် သင့်မြတ်ရဲ့လား ဆိုတဲ့အပေါ် ဟိုဘက်ဒီဘက် အမြင်တွေနဲ့ ငြင်းခုန်မယ် ဆို ငြင်းခုန်နိုင်ကြပါတယ်။

လက်ရှိ မြန်မာနိုင်ငံထဲမှာ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး good governance ရှိမနေပဲ ... စစ်အာဏာရှင် စနစ် ဖြစ်နေတဲ့ အတွက် နိုင်ငံတကာ ငွေကြေး အဖွဲ့ အစည်းတွေရဲ့ ပံ့ပိုးမှုတွေ ရရှိ မနေသင့်ဘူး ဆိုတာဟာ အခြေခံ အကြောင်းပြချက် ခိုင်လုံ ကောင်းမွန်တယ်လို့ မြင်ပါတယ်။

ဒါပေမယ့် လက်ရှိ မှာတော့ မြန်မာနိုင်ငံနဲ့ ကုန်သွယ် စီးပွား ဘာတစ်ခုမှ မလုပ်ရဘူး၊ ရောင်းဝယ် ဖောက်ကားမှု မလုပ်ရဘူးဆိုတဲ့ ပိတ်ဆို့မှုမျိုးတော့ ချမှတ် မထားပါဘူး။ အထည်ချုပ် လုပ်ငန်းအပေါ် ပစ်မှတ်ထားတာမျိုး မလုပ်တဲ့ အတွက်ကြောင့်လည်း ဝမ်းသာရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အဲဒီ ကဏ္ဍဟာ လူတွေ အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနေတဲ့ အဓိက နေရာမှာ ရှိနေပါတယ်။ လူ ငါးသိန်းလောက် အထိကို အလုပ်အကိုင် ပေးထားနိုင်ပါတယ်။

နောက်ပြီး formal sector လို့ ခေါ်တဲ့ တရားဝင် မှတ်ပုံတင်၊ အခွန်ဆောင်၊ ဥပဒေနဲ့ အညီ စိစစ်ခံပြီး လည်ပတ် လှုပ်ရှားနေတဲ့ စီးပွားရေး အဖြစ် မြန်မာနိုင်ငံထဲ တစ်ခုတည်းသော ကြီးကြီးမားမား ရှိနေနိုင်တဲ့ ကဏ္ဍကြီးလည်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံထဲမှာအဲဒီလို တရားဝင်စီးပွားရေး ပုံစံ ဆက်ရှိနေနိုင်ဖို့ အင်မတန်မှကို အရေးကြီးပါတယ်။ တရားဝင် စီးပွားရေး မရှိတော့ ဘူး ဆိုရင် လူတွေဟာ အလုပ်အကိုင် အခွင့်အလမ်းတွေကို ကာရာအိုကေ နာမည်ခံ လိင်ဖျော်ဖြေရေး နေရာတွေမှာ၊ မူးယစ်ဆေး ရောင်းဝယ် မှုတွေမှာ သွားရောက် ရှာဖွေ ရတော့မှာ ဖြစ်ပါတယ်။ နိုင်ငံရပ်ခြား တိုင်းပြည်တွေဆီ ပိုပြီး ထွက်ခွာကြရမှာ ဖြစ်ပါတယ်။ ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယား တို့လို နိုင်ငံတွေမှာ တရားမဝင် လုပ်သားတွေ ဖြစ်ကုန်ရတာဟာ အခွင့်အရေးတွေ ကျူးလွန် ချိုးဖောက်ခံရဖို့ ပိုပြီး လွယ်ကူ သွားစေပါတယ်။

တရားဝင် စီးပွားရေး လုပ်ငန်းကြီးတွေ ထွက်သွားရင် နောင် ပြန်ဝင်လာဖို့ရာ အချိန်ယူကြလိမ့်မယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရားဝင် စီးပွားရေး လုပ်ငန်းကြီးတွေ ထွက်သွားရင် နောင် ပြန်ဝင်လာဖို့ရာ အချိန်ယူကြလိမ့်မယ်
Skip YouTube post
Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

End of YouTube post

ဘီဘီစီ။ ။ ဗစ်ကီရေ ... ဒီနေရာမှာ အဓိက မေးခွန်းက အာဏာသိမ်းပြီးကာလ လက်ရှိ အချိန်မှာ စစ်တပ်ကို အထောက်အပံ့ မဖြစ်စေပဲ၊ သာမန် အများပြည်သူတွေကိုပဲ ကူညီနိုင်တဲ့ စီးပွားရေးမျိုး ဖန်တီးနိုင်ဖို့ကို တကယ်ပဲ ကျွန်တော်တို့ မျှော်လင့်နိုင်လား ခင်ဗျ။

ဗစ်ကီဘိုမင်။ ။ ကျွန်မ စကားပြောကြည့်သမျှ နိုင်ငံတကာ ကုမ္ပဏီတွေ၊ ပြည်တွင်း ကုမ္ပဏီတွေအားလုံးဟာ အခုနက ရှင်ပြောသလို အခြေအနေမျိုးကို ဖော်ဆောင်နိုင်ဖို့ ကြိုးစားနေကြတာချည်း ဖြစ်ပါတယ်။ လက်ရှိ အခြေအနေတွေလို့ ပြောတဲ့အခါ ... ဥပမာ ဆိုကြပါစို့ .... ကုမ္ပဏီ တစ်ခုက သူတို့လိုအပ်တဲ့ ကုန်ကြမ်းတွေကို နိုင်ငံခြားကနေ သွင်းဖို့ လိုတယ် ... သွင်းကုန် စည်းမျဥ်းတွေကလည်း လက်ရှိ အကန့်အသတ်တွေနဲ့ တင်းကျပ်ထားတဲ့ အတွက် ဖြစ်မြောက်အောင် လာဘ်ပေးရတာမျိုး၊ မြန်မာလို လက်ဖက်ရည်ဖိုး ပေးရတာမျိုးတွေ ပိုပြီး လုပ်ရတယ်လို့ ဆိုပါတယ်။

ဒီ လို မဆီလျော် မသင့်မြတ်တဲ့ ငွေကြေးတွေဟာ ဗျူရို ကရေစီ ယန္တရားထဲက သက်ဆိုင်ရာ အာဏာပိုင်တွေဆီ ရောက်သွားတာဖြစ်ပါတယ်။ အကျိုး ရှိသွားတဲ့ ဗျူရိုကရက်တွေဟာ စစ်တပ်က လာတဲ့သူ ပါကောင်းပါမယ်၊ ဟုတ်ချင်မှလည်း ဟုတ်မယ် ... အခြေအနေတွေ မကောင်းဘူး ဆိုတာကတော့ အမှန်ပါပဲ။ ဒီကြားထဲကမှ ကိုယ့်စီးပွားရေးကို တတ်နိုင်သမျှ ထိန်းထားနိုင်ဖို့၊ ဆက်ပြီး လည်ပတ်နိုင်ဖို့ ၊ လူတွေကို ဆက်ပြီး အလုပ်ပေးထားနိုင်ဖို့ လုပ်နေကြရတာမျိုး ဖြစ်ပါတယ်။

နိုင်ငံတကာ ကုမ္ပဏီကြီးတွေ အနေနဲ့ကတော့ အကျင့်ပျက်ခြစားမှုကို အားပေးအားမြောက် ဝင်ပြီး လုပ်ဆောင်လို့ မရပါဘူး။ ကိုကာကိုလာ၊ ဟိုင်နယ်ကင် Heinekenနဲ့ ကားလ်စ်ဘာ့ဂ်လို ကုမ္ပဏီမျိုးတွေကို ဥပမာ ပေးရမယ် ထင်ပါတယ်။ သူတို့အနေနဲ့ သူတို့ရဲ့ မူလ နိုင်ငံတွေက ဥပဒေတွေကို လေးစားလိုက်နာဖို့ လိုပါတယ်။ လာဘ်ငွေ မပေးရေး အင်မတန် ပြင်းထန် တိကျတဲ့ ကုမ္ပဏီတွင်း စည်းမျဥ်းတွေလည်း ရှိပါတယ်။

ဒီတော့ အဲဒီလို လုပ်ငန်း ကုမ္ပဏီကြီးမျိုးတွေ မြန်မာနိုင်ငံထဲ ဆက်ရှိ နေစေဖို့လည်း အရေးကြီးပါတယ်။ ဆက်ရှိနေဖို့ သူတို့ ဆုံးဖြတ်ကြလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီလို နိုင်ငံတကာ ကုမ္ပဏီကြီးတွေဟာ ထွက်သွားမယ်လို့ ဆုံးဖြတ်လိုက်ပြီ ဆိုရင် ဘယ်လိုနည်းနဲ့မှ နှစ်တိုတို အတွင်း ပြန်ဝင်လာတော့မှာ မဟုတ်ပါဘူး။

တကယ်ပဲ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လုပ်မယ့် အစိုးရပဲ တက်လာလာ ... ထွက်သွားနှင့်ပြီး ကုမ္ပဏီကြီးတွေကတော့ အဝေးကနေပဲ အချိန်ယူလို့ ပြန်ဝင်ရမလား ဆိုတဲ့ အပေါ် သုံးသပ်နေဦးမှာ ဖြစ်ပါတယ်။ အဲဒီအခါ တိုင်းပြည်ရဲ့ စီးပွားရေးကို ပြာပုံထဲကနေ ပြန်ထူထောင်ရမယ် ဆိုတဲ့ နောင် အနာဂတ် အစိုးရတွေ အတွက် အခက်တွေ့ စေပါလိမ့်မယ်။ ဒီတော့ ကျွန်မရဲ့ လိုလားချက်ကို ပြောရရင် .... မြန်မာနိုင်ငံထဲ ထူထောင်ထားလက်စ တရားဝင် စီးပွားရေး လုပ်ငန်းကြီးတွေကို ဖြစ်နိုင်သလောက်တော့ ဆက်လက် တည်ရှိနေစေလိုပါတယ်။