မြဝတီ-အာရှလမ်းကို အလုံးစုံထိန်းချုပ်နိုင်ဖို့ စစ်တပ်သုံးတဲ့ဗျူဟာ ၃ ချက်

KNUနဲ့ PDF တော်လှန်ရေးပူးပေါင်းတပ်တွေ တစ်နှစ်ကျော် ထိန်းချုပ်ထားတဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်းပေါ် ရှိ သင်္ဃန်းညီနောင်နယ်မြေ ကို စစ်တပ်က ပြန်သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။
ကော့ကရိတ်ကနေ သင်္ဃန်းညီနောင်ကို စစ်ကြောင်း သုံးကြောင်း၊ မြဝတီကနေ သင်္ဃန်းညီနောင်ကို စစ်ကြောင်းတစ်ကြောင်း စုစုပေါင်း စစ်ကြောင်းလေးကြောင်းထိုးပြီး ပြန်စိုးမိုးနိုင်ခဲ့တယ်လို့ စစ်တပ်က ထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ KNLA တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF ပူးပေါင်းတပ်တို့ က ကော့ကရိတ်- သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းပိုင်းကို စစ်တပ်အလုံးစုံပြန်မရရေး ရက်ပေါင်း ၅၀၀ ကျော် ခုခံခဲ့တယ်လို့ KNU ကထုတ်ပြောပါတယ်။
အာရှလမ်းပေါ်မှာ ဆုံချက်လို အရေးပါနေတဲ့ သင်္ဃန်းညီနောင်ကို စစ်တပ်ပြန်ထိန်းချုပ်လာနိုင်တဲ့ နောက်ခံ အကြောင်းအရာတွေက ဒီစစ်ကြောင်းလေးကြောင်း ထက်ပိုပါတယ်။
အဓိကအချက်ကတော့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ဒီမိုကရက်တစ်ကရင့်အကျိုးပြုတပ်မတော် (DKBA) နဲ့ KNU/KNLA/PC အဖွဲ့တွေရဲ့ စစ်တပ်နဲ့ အတူ ပူးပေါင်းခဲ့မှုတွေကြောင့်လို့ မြေပြင်အခြေအနေသိရှိသူ ၃ ဦးက ဘီဘီစီကို ပြောပါတယ်။
" KNU ဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့တွေ က လက်နက်ကိုင်ထားတဲ့ စီးပွားရေးသမားတွေ ကြားထဲရောက်နေတာ" လို့ မြေပြင်အခြေအနေကို သိရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာသတင်းယူနေတဲ့ သတင်းစာဆရာတစ်ဦးက မှတ်ချက်ပြုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သင်္ဃန်းညီနောင်စစ်ရေးနဲ့ နောက်ခံ အကျိုးစီးပွားတွေ
ဘီလီယံချီ ဝင်ငွေရှိတဲ့ အွန်လိုင်းကျားဖြန့်လုပ်ငန်းတွေ နဲ့ နာမည်ကြီးတဲ့ မြဝတီမြို့ကို BGF က ထိန်းချုပ်ထားပြီး မြဝတီမြို့အပြင်ဘက်ကို တော့ DKBA က ထိန်းချုပ်ထားပါတယ်။
မြဝတီမြို့ရဲ့ နိုင်ငံရေး/စစ်ရေး အခြေအနေတွေက BGF ၊ DKBA တို့အကျိုးစီးပွားတွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ ကရင်စစ်ရေးသုံးသပ်သူတွေက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အခုဖြစ်လာတဲ့ သင်္ဃန်းညီနောင် စစ်ရေး အလှုပ်အခတ်တွေဟာ ဩဂုတ် ၁၉ ရက်က DKBA ရုံးချုပ်ရှိရာ မြဝတီ၊ ဆုံဆည်းမြိုင် မှာ ကျင်းပတဲ့ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေးအပြီးမှာ ပိုပြီးဇာတ်ရှိန်မြင့်လာခဲ့တယ်လို့ ကရင်စစ်ရေးစောင့်ကြည့်သူတွေက ပြောပါတယ်။ အစည်းအဝေးကို DKBA နဲ့ BGF ခေါင်းဆောင်ပိုင်းတာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
အဲဒီအစည်းအဝေးအပြီး ဩဂုတ် ၂၅ ရက်မှာတော့ စစ်တပ်ရဲ့ ခလရ (၂၇၅) က မြဝတီ ချစ်ကြည်ရေးတံတား အမှတ် (၂) မှာ စစ်သားရာချီနဲ့ အင်အားပြခဲ့တယ်လို့ DKBA တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဩဂုတ် ၂၈ ရက်မှာတော့ ကရင်အမျိုးသားအစည်းအရုံး ကို မတရားအသင်းနဲ့ အကြမ်းဖက်အုပ်စု အဖြစ် စစ်ကော်မရှင်က ကြေညာခဲ့ပါတယ်။
ဒီလို ကြေညာပြီး တစ်ရက်တည်းမှာပဲ စစ်တပ်က အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation) ကိုစတင်လိုက်တယ်လို့ နိုင်ငံပိုင်သတင်းစာက တဆင့် ထုတ်ပြန်ပါတယ်။
"KNU ကို မတရားအသင်း ကြေညာပြီးခါမှ တိုက်တယ်ဆိုတော့ BGF တို့ DKBA တို့ နဲ့ သေချာပေါက် စကားပြောပြီးနောက် ကရင်ပြည်နယ်ဘက်ကို ထုနဲ့ထည် နဲ့ တိုက်စစ်ဆင်တဲ့ သဘော" လို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
ဒီလို စစ်တပ်က တိုက်စစ်ဖွင့် စစ်ရှိန်မြှင့်လိုက်တဲ့နောက် BGF နဲ့ DKBA ဟာ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို ထောက်ခံကြောင်း နဲ့ ကူညီမယ့်အကြောင်း ဆက်တိုက်ပြောဆိုခဲ့ကြပါတယ်။
ဒီဇင်ဘာ ၂၈ ရက်၊ ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမယ့်နေရာတွေထဲမှာ ကရင်ပြည်နယ်က ဘားအံ ၊ သံတောင်ကြီးနဲ့ မြဝတီမြို့နယ်တွေ ပါဝင်ပါတယ်။
မြဝတီအခြေစိုက် ကရင်စစ်ရေးအခြေအနေကို သိရှိသူတစ်ဦးကတော့ "စစ်တပ်က မင်းတို့ရွေးကောက်ပွဲဖြစ်အောင်လုပ်ပေး။ မလုပ်ပေးရင် မင်းတို့ကို ဗုံးကြဲမယ်ဆိုပြီး ဖိအားပေးလာတော့ ပထမ ညီညွတ်ရေးဆွေးနွေးထားတဲ့ အထိုင် ပျက်ပြီး နောက်ဆုတ်ပေးခဲ့ရတာ။" လို့ ပြောပါတယ်။
CDM ဗိုလ်ကြီး ဇင်ယော်က လည်း "သူတို့ရဲ့ စစ်ရေး ရည်မှန်းချက်က ကြီးကြီးမားမားမရှိပါဘူး။ ဒီဇင်ဘာ ၂၈ မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရုံ ပုံစံမျိုးပါပဲ။" လို့ သူ့ယူဆချက်ကိုပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
စစ်တပ် ရဲ့ ၁၀ ရက်တာ ထိုးစစ်
စစ်တပ် က 'အောင်ဇေယျ' စစ်ကြောင်းလို့ အမည်ပေးပြီး ၂၀၂၄ ၊ ဧပြီမှာ အာရှလမ်းစိုးမိုးရေး စတင်လာခဲ့ပါတယ်။ အာရှလမ်းစိုးမိုးရေးအတွက် စစ်တပ်က အင်အား ထောင်နဲ့ချီ အသုံးပြုခဲ့တယ်လို့ မြေပြင် အခြေအနေသိရှိသူတွေက ပြောပါတယ်။
အဲဒီ စစ်ကြောင်းမှာ သံချပ်ကာကားတန်းတွေ ပါပါဝင်ခဲ့တယ်လို့ KNU ရဲ့ စက်တင်ဘာ ၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
'အောင်ဇေယျ' စစ်ကြောင်းဟာ အာရှလမ်းပိုင်းမှာ တောနော်ရေတံခွန်က နေ ရှေ့မတက်နိုင်ဖြစ် နေခဲ့တာလို့ KNU က ထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်ကတော့ ၂၀၂၄၊ နိုဝင်ဘာမှာ ရာသီဥတု နဲ့ မြေအနေအထားကြောင့် ဆိုပြီး ရင်ကွဲတောင်အနီးမှာ ထိုးစစ်တွေ ကို ခေတ္တရပ်ဆိုင်းခဲ့ပြီး ပြင်ဆင်စုဖွဲ့မှုတွေ လုပ်ခဲ့တယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ထားပါတယ်။
၂၀၂၅ ခုနှစ်၊ ဧပြီလမှာ ကော့ကရိတ်နယ်မြေထဲ KNU ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ကြားမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ ၃ လအကြာ မှာ ကျုံဒိုး-ကော့ကရိတ်ပိုင်းကို ဇူလိုင် ၂၄ ရက်မှာ ပြန်ပြီး ထိန်းချုပ်နိုင်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
ဩဂုတ် ၂၈ ရက် မှာတော့ စစ်တပ်က အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)အဖြစ် စစ်ကြောင်းလေးကြောင်းနဲ့ ထိုးစစ်ဆင်ခဲ့ပြီး ၁၀ ရက်အကြာ စက်တင်ဘာ ၇ ရက်မှာတော့ သင်္ဃန်းညီနောင်ကို ပြန်ပြီးထိန်းချုပ်နိုင်ခဲ့တယ်လို့ ကြေညာပါတယ်။
"ဒီထိုးစစ်ကို ဦးဆောင်တာကတော့ တပ်မ ၂၂ ရဲ့ တပ်မမှူး လို့ပဲ သိရတယ်။ ကော့ကရိတ်အထိကို ဒုတိုင်းမှူးကိုယ်တိုင် ရောက်လာပြီး နီးနီးကပ်ကပ် ကွပ်ကဲသွားတယ်။ " လို့ ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။
ဒါကြောင့် စစ်တပ်ဟာ ကော့ကရိတ်- သင်္ဃန်းညီနောင်-မြဝတီ အာရှလမ်းပိုင်းကို ပြန်ထိန်းချုပ်နိုင်ဖို့ ဗျူဟာ ၃ ချက်ထက်မနည်းအသုံးပြုနေပါတယ်။
- နှစ်ချီကြာတဲ့ မြေပြင်စစ်ကြောင်းထိုးစစစ်
- ဝေဟင်လေကြောင်းတိုက်ခိုက်မှု
- လမ်းပိုင်းတွေပိတ်ဆို့ဖြတ်တောက်မှု
- ခွဲထွက်ကရင်လက်နက်ကိုင်တပ်တွေရဲ့ အကူအညီ
KNU ကတော့ စစ်တပ်ရဲ့ အောင်ဇေယျ စစ်ဆင်ရေးကို ရက်ပေါင်း ၅၀၃ ရက်ကျော် ခုခံနိုင်ခဲ့ပြီး အာရှလမ်းတိုက်ပွဲတွေမှာ ခံစစ်ရှင် ပြောက်ကျားနည်းစနစ်ကို အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
"စစ်တပ်က ကော့ကရိတ်မြို့ပြန်သိမ်းချိန်မှာ လုပ်ခဲ့တဲ့နည်းအတိုင်း တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ရှေ့တန်းစခန်းတွေ၊ နောက်တန်းစခန်းတွေကို တောက်လျှောက် လေယာဉ် နဲ့ ဗုံးတွေ ဆက်တိုက်ကြဲခဲ့ပါတယ်''
'' နောက်ထပ်နည်းစနစ်ကတော့ စစ်မှုထမ်းနဲ့ ခေါ်လာတဲ့ အရပ်သားတွေကို အသေခံတိုက်ခိုင်းတာ။ ဒီဘက်ကို ကျည်ဖြုန်းခိုင်းတယ်။ ဒီဘက်က ပစ်ရတာပေါ့။" လို့ မြေပြင်အခြေအနေသိရှိတဲ့ ထိုင်း-မြန်မာ နယ်စပ်က သတင်းစာဆရာ တစ်ဦးက သူသိရှိထားတဲ့မြေပြင်အခြေအနေကို ရှင်းပြပါတယ်။
"ဒီဘက်က ကိုယ့်လူကို အကျမခံချင်တာ။ အထိအခိုက်မရှိဖို့ အတွက် နောက်ဆုတ်ပေးလိုက်တာ။" လို့ သူက ဖြည့်ပြောပါတယ်။
စစ်တပ်ဟာ နိုင်ငံတကာ ရဲ့ ပံ့ပိုးမှုတွေ ရနေပေမဲ့ ဘယ်သော အခါမှ နိုင်ငံတကာအကူအညီ မရခဲ့တဲ့ KNU က နိုင်ငံတော်အဆင့် စစ်ကြောင်းကို ရက်ပေါင်း ၅၀၀ ကျော် ခုခံခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်တပ်က အာရှလမ်းပိုင်းက သင်္ဃန်းညီနောင်ကို ပြန်စိုးမိုးနိုင်ပေမယ့် အာရှလမ်းပိုင်းတစ်ခုလုံးကို တော့ မထိန်းချုပ်နိုင်သေးဘူးလို့ စစ်ရေးအခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
"လိုင်းပေါ်မှာသာ စစ်တပ်က ထိန်းနေတာ။ မြေပြင်မှာ က ကော့ကရိတ်ကြောမှာ စစ်တပ်က ပိတ်မိနေတုန်း။ မပွင့်သေးဘူး။ BGF၊ PC က ကဲ့ပေးလိုက်လို့ စစ်တပ် စစ်ကြောင်းတွေရောက်လာပြီး သင်္ဃန်းညီနောင်ကို ဝင်ထိန်းလိုက်တာပဲ ရှိသေးတယ်။ တကယ်တမ်းက အာရှလမ်းတစ်ခုလုံးကိုမထိန်းနိုင်သေးဘူး" လို့ မြဝတီအခြေစိုက် စစ်ရေးအခြေအနေသိရှိသူ က ပြောပါတယ်။
အမှတ် (၁) အာရှလမ်းဟာ ထိုင်း-မြန်မာ ကုန်သွယ်ရေးအတွက် အခရာကျတဲ့ လမ်းပိုင်းဖြစ်ပါတယ်။
အာရှလမ်းပိုင်း မှာ တိုက်ပွဲတွေ ကြောင့် ပိတ်ထားခဲ့ရပြီးတဲ့နောက် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော်လျော့ကျခဲ့တယ်လို့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။
စစ်ကော်မရှင်ကတော့ အာရှလမ်းပိုင်းမှာ ကုန်သွယ်ရေးပြန်ဖွင့်ဖို့ ဆောင်ရွက်သွားမယ်လို့ ကြေညာထားပါတယ်။
အခုလို စစ်တပ်က သင်္ဃန်းညီနောင်ကို ထိန်းချုပ်ပြီးတဲ့နောက်မှာ စက်တင်ဘာ ၈ ရက်မှာပဲ လေးကေ့ကော် ကို လေကြောင်းက နေ ဗုံးကြဲတိုက်ခိုက်တာ၊ စစ်ကြောင်းထိုးဖို့ပြင်ဆင်မှုတွေ ဆက်လုပ်နေတယ်လို့ ကရင်စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။
ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီ အာရှလမ်းပိုင်းမှာ စစ်တပ်က လမ်းမကြီးပေါ်ပြန်စိုးမိုးနိုင်ရေး ကြိုးပမ်း နေပေမဲ့ လမ်းတဖက်တချက် ရွာတွေကို စိုးမိုးနိုင်တာမရှိသေးကြောင်း မြေပြင်သတင်းရင်းမြစ်ကပြောပါတယ်။
စစ်တပ်ဟာ မြဝတီ-ကော့ကရိတ်အာရှလမ်းမကြီးအပြင် လေးကေ့ကော်၊ သေ့ဘော်ဘိုးဒေသနဲ့ ဝေါလေလမ်းပိုင်းတို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး မြေပြင်ထိုးစစ်ဆင်နေသလို ဝေဟင်ထောက်လှမ်းမှုတွေလည်းရှိပါတယ်။ တိုက်ပွဲတွေ လည်း ဆက်ဖြစ်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။
စစ်ရေးတင်းမာမှုတွေကြောင့် မယ်ထော်သလေး၊ အင်ကြင်းမြိုင်၊ ဖလူး၊ ထီးမယ်ဝါးခီး၊ ဘဲဟိကလော်၊ ရသေ့ဂူ၊ မင်းလက်ပံ ကျေးရွာသားတွေက ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ကမ်းဘက်သို့ အရေးပေါ်ထွက်ပြေးရှောင်တိမ်းနေရကြပါတယ်။












