KNU တပ်မဟာ ၄ နယ်မြေထဲ ဘာတွေ ဖြစ်နေတာလဲ

တပ်မဟာ ၄ နယ်မြေမှာ KTLA က ဗိုလ်စောအယ်ခွီး ဦးဆောင်နေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တပ်မဟာ ၄ နယ်မြေမှာ KTLA က ဗိုလ်စောအယ်ခွီး ဦးဆောင်နေပါတယ်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်ထဲမှာ ကရင်အမျိုးသားအစည်းအရုံး- KNU စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြ ထူထောင်လိုက်တဲ့ ကော်သူးလေတပ်မတော်နဲ့ KNU တပ်မဟာ ၄ အောက်က တပ်ဖွဲ့တွေကြား စွပ်စွဲချက်တွေနဲ့ နှစ်ဖက်တင်းမာမှုတွေ ဆက်ရှိနေပါတယ်။

အငြင်းပွားဖွယ်ရာ လူအစုလိုက်သတ်ဖြတ်မှုနဲ့ KNU ကနေ ရာထူးတာဝန် ရပ်စဲခံလိုက်ရပြီးနောက် ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့- KNDO စစ်ဦးစီးချုပ်ဟောင်း ဗိုလ်မှူးချုပ် စောနယ်ဒါးမြက ကော်သူးလေတပ်-KTLAကို ပြီးခဲ့တဲ့နှစ်၊ ဇွန်လမှာ ဖွဲ့စည်းခဲ့တာပါ။

စောနယ်ဒါးမြက ဒီ KTLA တပ်ကိုတည်ထောင်ပြီးနောက်ပိုင်း တနင်္သာရီတိုင်း အတွင်းက ထီးမုပွာ အထူးဒေသကို စောနယ်ဒါးမြက KTLA တပ်က ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA တပ် အဖွဲ့တွေ ရောက်လာခဲ့ပါတယ်။

ဒီနယ်မြေဟာ ကေအန်ယူရဲ့ တပ်မဟာ ၄ နယ်မြေလို့လည်း လူသိများပါတယ်။

ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ KTLA တပ်ဟာ KNU အုပ်ချုပ်ရေး ကိစ္စတွေအပေါ် ဝင်ရောက်နှောက်ယှက်တာ၊ KNU အဖွဲ့အစည်းအပေါ် အနှောက်အယှက်ပြုတာတွေ လုပ်နေ တာတွေကြောင့် ထားဝယ်ခရိုင်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်(PDF)တွေအနေနဲ့ KTLA တပ်ကနေ ထွက်ခွာကြဖို့ KNU တပ်မဟာ ၄ ဘက်က ဇန်နဝါရီလကုန်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောတဲ့ တနင်္သာရီတိုင်းအတွင်းက KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲက ဒေသအချို့

ဓာတ်ပုံ ရင်းမြစ်, screengrab/KHRG

ဓာတ်ပုံ ပုံစာ, ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောတဲ့ တနင်္သာရီတိုင်းအတွင်းက KNU တပ်မဟာ ၄ ထိန်းချုပ်နယ်မြေထဲက ဒေသအချို့

မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ ၄ ဟာ KNU ဗဟိုနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA) စစ်ဌာနချုပ်ရဲ့ ရပ်တည်ချက်သဘောထားနဲ့ လမ်းစဥ်အတိုင်း ရပ်တည်နေပြီး ဗိုလ်စောအယ်ခွီးနဲ့ ပူးပေါင်းနေတဲ့ ရဲဘော်ရဲဘက် တပ်ဖွဲ့ဝင်တွေ အနေနဲ့ ထွက်ခွါကြဖို့ တပ်မဟာ ၄ စစ်ရုံး ဘက်က ထုတ်ပြန်ပါတယ်။

KTLA ဘက်ကလည်း PDF အနေနဲ့ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ အဖွဲ့အစည်းကနေ ထွက်ခွာကြဖို့ဆိုပြီး စွပ်စွဲပြောဆိုကာ မရှေးမနှောင်းမှာပဲ ကြေညာချက် ပြန်ထုတ်ပါတယ်။

အဲဒီနောက် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ KNU တပ်မဟာ ၄ နဲ့ ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ ကော်သူးလေ KTLA တပ်တို့ကြား ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး နှစ်ဖက် အခြေအနေ ပိုတင်းမာလာခဲ့တာဖြစ်ပါတယ်။

အဲဒီပစ်ခတ်မှုမှာ တနင်္သာရီ ကော်သူလေးတပ်က တပ်သားတစ်ဦး ကျဆုံးတယ်ဆိုပြီး ဆာကဆောတပ်လို့ နာမည်ပေးထားတဲ့ ကော်သူလေးတပ်ဘက်က အဲဒီတုန်းက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပစ်ခတ်မှုမှာ ကျဆုံးခဲ့တယ်ဆိုတဲ့ KTLA တပ်ဖွဲ့ဝင်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, KTLA

ဓာတ်ပုံ ပုံစာ, ပစ်ခတ်မှုမှာ ကျဆုံးခဲ့တယ်ဆိုတဲ့ KTLA တပ်ဖွဲ့ဝင်တစ်ဦး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

‘‘ကျွန်တော်တို့ အကြိမ်ကြိမ် သွားပြီး ညှိနှိုင်းတာရှိတယ်။ တပ်မဟာ ၄ လို့ ပြောလိုက်ရင် လူတိုင်းက တပ်မဟာ ၄ ကို သိမ်းကျုံးမြင်ကြတယ်။ တကယ်တော့ ဒီလိုမဟုတ်ပါဘူး။ အခုဖြစ်နေတာက တပ်ရင်း အမှတ် ၁၀ နဲ့ တပ်ရင်း အမှတ် ၄ ကြားဖြစ်နေတာပါ။ အမှတ် ၄ နဲ့ က နည်းနည်းတော်သေးတယ်။ အခုတော်တော် ဆိုးဆိုးဖြစ်နေတာက အမှတ် ၁၀ နဲ့ပါ’’ လို့ KTLA တပ်ရဲ့ တနင်္သာရီအထူးတပ်ဖွဲ့အမှတ် ၁ ဘက်က ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် KTLA တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးတဲ့ ပစ်ခတ်မှာ လာရောက်ပစ်ခတ်တဲ့ကားပေါ်မှာ စစ်တပ် ယူနီဖောင်းဝတ်ထားသူအချို့လည်း ပါလာတာတွေ့ရတဲ့ မှတ်တမ်းတွေလည်း ရထားတယ်လို့ အဲဒီအဖွဲ့ ဘက်ကပြောပါတယ်။

တပ်မဟာ ၄ ဘက်ကတော့ အဲဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး အတိအလင်း သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ဒါပေမဲ့ နှစ်ဖက် ညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ အကြိမ်ကြိမ်လာရောက်တယ်ဆိုတဲ့ KTLA ဘက်က ပြောဆိုချက်ကိုတော့ တပ်မဟာ ၄ စစ်ရုံးဘက်က KNLA ဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို အခုလို ပြောဆိုပါတယ်။ ‘‘အရင်ကတော့ သူတို့က ကျွန်တော်တို့နဲ့အတူ ရှိနေတာပါပဲ။ နောက်ပိုင်းမှာ ခွဲနေတယ်။ နောက် တဖြည်းဖြည်း လူအင်အားများလာတဲ့အခါ နေရာယူတာတွေရှိလာတာပေါ့။ နောက်ပြီး ကျွန်တော်တို့နေတဲ့ နေရာနားကို အခြေချလာတယ်။ ပြီးရင် သွားလာခွင့်မပေး။ ခွင့်ပြုမှ သွားရမယ်ဆိုတာမျိုး လုပ်လာတယ်။ တချို့ကျေးရွာတွေမှာဆိုရင် ရွာလူကြီးကို ဖြုတ်ပြီး သူတို့ ကြိုက်တဲ့သူကို ပြန်ရွေးတာတွေရှိတယ်’’လို့ အဲဒီတပ်ဖွဲ့ဝင်က ဘီဘီစီကို ပြောပါတယ်။

တနင်္သာရီတိုင်းထဲ KNU တပ်မဟာ ၄ နယ်မြေထဲက KNDO တပ်ဖွဲ့ဝင်အချို့လည်း KTLA တပ်ဘက်ကို ပြောင်းလဲဖွဲ့စည်းတာရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, KTLA

ဓာတ်ပုံ ပုံစာ, တနင်္သာရီတိုင်းထဲ KNU တပ်မဟာ ၄ နယ်မြေထဲက KNDO တပ်ဖွဲ့ဝင်အချို့လည်း KTLA တပ်ဘက်ကို ပြောင်းလဲဖွဲ့စည်းတာရှိခဲ့

လက်ရှိမှာ စစ်ကောင်စီတပ်ရော၊ တပ်မဟာ ၄ ပါ စောင့်နေတဲ့ ထားဝယ် - ထီးခီး လမ်းပေါ်မှာ အခြေစိုက်ဖို့ လုပ်နေတာတွေကြောင့် နယ်မြေစိုးမိုးထိန်းချုပ်မှုခေါင်းစဥ်အောက်ကနေ အခုလို တင်းမာမှုတွေ စတင်လာခဲ့တာလို့ ယူဆနေကြပါတယ်။

အဲဒီ ဝါးတောရွာအနီးမှာ KTLA တပ်ဖွဲ့နဲ့ပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလဆန်းမှာပိုင်းမှာ တိုက်ခိုက်မှုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်က ဒုတပ်ရင်းမှူးအပါအဝင် တပ်သား ၁၂ ဦးနဲ့ လက်နက်ခဲယမ်းတွေကို ဖမ်းမိခဲ့တယ်လို့ KTLA တပ်ရင်း ၁ ဘက်က သတင်းထုတ်ပြန်ခဲ့ဖူးပါတယ်။

ထိုင်းတောင်ပိုင်းက ထီးခီးနယ်စပ်ကုန်သွယ်စခန်းကနေတဆင့်သွင်းဖို့ ထားဝယ်- ထီးခီးလမ်းကို အားထားရတာကြောင့် အဲဒီလမ်းပိုင်းကို လက်နက်ကိုင်အဖွဲ့တွေ နေရာယူဖို့ ကြိုးပမ်းနေကြ

ဓာတ်ပုံ ရင်းမြစ်, သံလွင်တိုင်းမ်

ဓာတ်ပုံ ပုံစာ, ထိုင်းတောင်ပိုင်းက ထီးခီးနယ်စပ်ကုန်သွယ်စခန်းကနေတဆင့်သွင်းဖို့ ထားဝယ်- ထီးခီးလမ်းကို အားထားရတာကြောင့် အဲဒီလမ်းပိုင်းကို လက်နက်ကိုင်အဖွဲ့တွေ နေရာယူဖို့ ကြိုးပမ်းနေကြ

အဲဒီအတောအတွင်းမှာပဲ တပ်မဟာ ၄ ဆီသွားရောက်ကြတဲ့ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်ထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၄၀ ခန့် အဆက်အသွယ် ပြတ်တောက်ခဲ့အပြီးမှာ ဒီ PDF တွေ အရေး တပ်မဟာ ၄ မှာ တာဝန်ရှိတယ်ဆိုတဲ့ စွပ်စွဲမှုတွေ အစောပိုင်းက ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ် ခဲ့ပါတယ်။

သရက်ချောင်း ပကဖ ဘက်ကတော့ ဒီလူငယ်တွေနဲ့ အဆက်အသွယ် ပြန်ရပြီဖြစ်ပြီး မိခင်တပ်ရင်းတပ်ဖွဲ့တွေဆီ ပြန်ဖို့ရှိတဲ့အကြောင်း ဘီဘီစီကို ပြောပါတယ်။

တစ်ဖက်မှာလည်း ကရင်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ကြားက အခုလို မကျေလည်မှုတွေဟာ KNU လို မဟာမိတ်တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ ဖော်ဆောင်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ တောင်ပိုင်းစစ်ဒေသအောက်က PDF တွေအတွက် ဘယ်လို အခက်အခဲတွေဖြစ်လာနိုင်ပါလဲ။

‘‘တော်လှန်ရေးစတင်ကတည်းက တပ်မဟာ ၄ က ကျွန်တော်တို့ အကူအညီတောင်းတိုင်း အကူအညီပေးခဲ့တာရှိတယ်။ ကျွန်တော်တို့ကတော့ ပြည်သူတွေထဲကနေ ပေါက်ဖွားလာပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဌာန အောက်ကနေ သွားနေတာကြောင့် စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်နေတဲ့အဖွဲ့တွေနဲ့ ဆက်ပြီး ပူးပေါင်းနေမှာပါပဲ။ ဒါပေမဲ့ (သူတို့)အချင်းချင်း အဲဒီလို ကွဲလွဲမှုမှာ ကျွန်‌တော်တို့ ကြားညပ်သလိုတော့ဖြစ်သွားတာပေါ့။ ပျောက်နေတယ်ဆိုတဲ့ တပ်ဖွဲ့ဝင်တွေနဲ့လည်း အဆက်အသွယ်ပြန်ရပါပြီ။ မိခင်တပ်ရင်းတပ်ဖွဲ့တွေဆီကို မကြာခင် ပြန်လာဖို့ရှိပါတယ်။ အစောပိုင်းတုန်းက ထိုင်းနယ်စပ်ဘက်ကို ရောက်သွားတာဆိုတော့ အဆက်အသွယ် ပြတ်သွားတဲ့သဘောမျိုးပါ’’ လို့ သရက်ချောင်းမြို့နယ်၊ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့(ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) က ဘီဘီစီကိုပြောပါတယ်။

တနင်္သာရီတိုင်းထဲက ကရင်လူမျိုးတွေကတော့ ကရင့်လက်နက်ကိုင်အဖွဲ့ ၂ ဖွဲ့ အခုလို တင်းမာမှုကို KNU ဗဟိုဘက်က ကြားဝင်ဖြေရှင်းပေးဖို့ အခုရက်ပိုင်းအတွင်း စာထုတ်တိုက်တွန်းပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘီဘီစီက KNU ဗဟိုဘက်ကို ဆက်သွယ်ပေမဲ့ မှတ်ချက်တစ်စုံတစ်ရာပေးဖို့ KNU ဗဟိုက ငြင်းဆိုထားပါတယ်။