ရိုဟင်ဂျာနှစ်ဖွဲ့တိုက်ပွဲကြောင့် ဒုက္ခသည် စခန်းမီးရှို့ခံရပြီး အနည်းဆုံး ၁၀ ဦးသေဆုံးတယ်လို့ဆို

ဒုက္ခသည်စခန်းက နေအိမ် ၅၀၀ လောက် မီးထဲပါသွား

ဓာတ်ပုံ ရင်းမြစ်, Htun Htun/CJ

ဓာတ်ပုံ ပုံစာ, ဒုက္ခသည်စခန်းက နေအိမ် ၅၀၀ လောက် မီးထဲပါသွား

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေအကြား မနေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာရှိတဲ့ ဒုက္ခသည်စခန်းမီးရှို့ခံလိုက်ရတာကြောင့် အဲဒီမှာနေတဲ့ ရိုဟင်ဂျာ ၃၅၀၀ လောက်ဟာ မြန်မာဘက်မှာ ဝင်ရောက်ခိုလှုံလာကြပါတယ်။

လူပေါင်း ၅၀၀၀ နီးပါးခိုလှုံနေကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှာရှိတဲ့ တောင်ပြိုလက်ယာစခန်းမှာ ဇန်နဝါရီ ၁၈ ရက် မနေ့က မနက်ပိုင်းက စပြီး ရိုဟင်ဂျာအဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ (Arakan Rohingya Salvation Army)နဲ့ RSO (Rohingya Solidarity Organisation) တို့ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ခဲ့ကြပြီး မနေ့ကညနေပိုင်းမှာ ဒုက္ခသည်စခန်း မီးရှို့ခံလိုက်ရတာပါ။

စခန်းအတွင်းမှာရှိတဲ့နေအိမ် ၅၀၀ လောက် မီးထဲပါသွားခဲ့ပြီး အသက်ကြီးပိုင်းတွေနဲ့ ကလေးငယ်တွေ အပါအဝင် အနည်းဆုံး လူ ၁၀ ဦးခန့်သေဆုံးခဲ့ရတယ်လို့ ဒုက္ခသည်တွေဆီက သိရပါတယ်။

အဲဒီက ဒုက္ခသည်အများစုဟာ မြန်မာဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာကြပြီး တချို့တဝက်ကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုလည်း ထွက်ပြေးသွားခဲ့ကြတယ်လို့ ပြောကြပါတယ်။

ဒုက္ခသည်စခန်းကို မောင်တောဘက်က လှမ်းမြင်ရတဲ့မြင်ကွင်း(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒုက္ခသည်စခန်းကို မောင်တောဘက်က လှမ်းမြင်ရတဲ့မြင်ကွင်း(ပုံဟောင်း)

စခန်းမှာ မီးမလောင်ဘဲ နေအိမ် ၂၀၀ လောက်ကျန်ခဲ့ပေမဲ့ အဲဒီနေရာကို ထိန်းချုပ်ထားတဲ့ RSO တပ်နဲ့ ARSA ကို ဆန့်ကျင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အစိုးရတပ်အပါအဝင် အဖွဲ့အစည်းတွေ စုပေါင်းထားတဲ့ တပ်တွေက လူတွေကိုဆက်နေခွင့်မပြုတော့ဘူးလို့ ထွက်ပြေးလာသူတွေထံက သိရပါတယ်။

မြန်မာဘက်ကို ဝင်ရောက်လာခဲ့ကြတဲ့ မွတ်ဆလင်ဒုက္ခသည် ၃၅၀၀ လောက်ဟာ တောင်ပြိုလက်ယာကျေးရွာအနီးက နယ်စပ်ခြံစည်းရိုးအနီးမှာ နေထိုင်နေကြရပြီး မြန်မာအာဏာပိုင်တွေကတော့ သူတို့ကို အဲ့ဒီနေရာမှာ ယာယီလက်ခံထားတယ်လို့ ထွက်ပြေးလာသူတွေဆီက သိရပါတယ်။

မြန်မာဘက်ကို ဝင်ရောက်လာတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဦးနော်ယုန် က အခုလို ပြောပါတယ်။

သူတို့တွေ မနေ့က ဝင်ရောက်လာကြတာ ဖြစ်ပြီး မြန်မာဘက်နဲ့ နီးသူတွေက မြန်မာဘက်ကိုလာပြီး ဘင်္ဂလားဒေ့ရှ်နဲ့ နီးသူတွေက ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြေးသွားကြတယ်လို့ ဆိုပါတယ်။

မနေ့က မီးလောင်မှုဟာ ပြင်းပြင်းထန်ထန် လောင်ကျွမ်းခဲ့ပြီး မြန်မာဘက်ကိုလည်း ကူးစက်မှုရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, Htun Htun/CJ

ဓာတ်ပုံ ပုံစာ, မနေ့က မီးလောင်မှုဟာ ပြင်းပြင်းထန်ထန် လောင်ကျွမ်းခဲ့ပြီး မြန်မာဘက်ကိုလည်း ကူးစက်မှုရှိခဲ့

နယ်ခြားခြံစည်းရိုးကို ဖြတ်ကျော်ပြီး မြန်မာဘက်ခြမ်းကို ဝင်ရောက်ခိုလှုံလာကြတဲ့ ဒီဒုက္ခသည်တွေနဲ့ပတ်သက်လို့ ဘာတွေဆောင်ရွက်ပေးနေလဲဆိုတာ သိရဖို့ ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်လို့ သူ့အနေနဲ့ မသိရှိသေးဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ထွက်ပြေးလာကြသူတွေကို မြန်မာနယ်ခြားစောင့်ရဲ့တပ်ဖွဲ့ကနေ စားစရာနဲ့ရိက္ခာတချို့ လာရောက်ပေးဝေခဲ့တာရှိပြီး ထမင်းတော့ မစားရကြဘူးလို့ ဆိုပါတယ်။

သူတို့နေအိမ်တွေ မီးရှို့ခံလိုက်ရတာကြောင့် ရိက္ခာတွေလည်း မပါလာတဲ့အတွက် မကြာခင်ရက်ပိုင်းအတွင်း အပြင်သွားလာခွင့်မရရင် စားနပ်ရိက္ခာပြတ်တောက်တော့မှာ ဖြစ်တယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။