ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆီးရီးယားကအိုင်အက်စ်ပစ်မှတ် ၇၀ ကျော်ကို အမေရိကန် လေကြောင်းထိုးစစ်ဆင်
ဆီးရီးယားမှာရှိတဲ့ အမေရိကန်စစ်သည်တွေ တိုက်ခိုက်ခံခဲ့ရတာကို လက်စားချေတဲ့အနေနဲ့ ဆီးရီးယားက အစ္စလာမ္မစ်နိုင်ငံအဖွဲ့ (အိုင်အက်စ်)ရဲ့ စခန်းနေရာတွေကို လေကြောင်းကနေ အကြီးအကျယ်ထိုးစစ်ဆင်ခဲ့တယ်လို့ အမေရိကန်က ထုတ်ပြန်ပါတယ်။
ဆီးရီးယားနိုင်ငံအလယ်ပိုင်းက ပစ်မှတ် ၇၀ ကျော်ကို တိုက်လေယာဉ်၊ တိုက်ခိုက်ရေးသုံးရဟတ်ယာဉ်၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အမေရိကန်ရဲ့ အလယ်ပိုင်း စစ်ဌာနချုပ် (Centcom)က ပြောပါတယ်။ တိုက်ခိုက်မှုမှာ ဂျော်ဒန်က တိုက်လေယာဉ်တွေလည်း ပါဝင်ခဲ့ပါတယ်။
ထောက်လှမ်းသိရှိထားတဲ့ အိုင်အက်စ်အဆောက်အအုံတွေနဲ့ လက်နက်တိုက်တွေကို ပစ်မလွဲလက်နက် ၁၀၀ ကျော်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အမေရိကန်စစ်တပ်က ပြောပါတယ်။
ဆီးရီးယားမှာရှိတဲ့ ပယ်မရာမြို့မှာ ဒီဇင်ဘာ ၁၃ ရက်က အိုင်အက်စ်အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် အမေရိကန်စစ်သည်နှစ်ဦးနဲ့ အမေရိကန်အရပ်သားစကားပြန်တစ်ဦးတို့ သေဆုံးခဲ့ပြီးနောက် အိုင်အက်စ်ရဲ့ခြေကုပ်စခန်းတွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ဟောကီးတိုက်ခိုက်မှု စစ်ဆင်ရေးကို သောကြာနေ့ အရှေ့တိုင်းစံတော်ချိန် ၁၆ နာရီမှာ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဥရောပ၊ အာဖရိကနဲ့ အင်ဒို-ပစိဖိတ်မှာရှိတဲ့ အမေရိကန်စစ်ဆင်ရေးတွေကို ညွှန်ကြားကွပ်ကဲတဲ့ Centcom က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
ဒေသတွင်းက အမေရိကန်နဲ့ မဟာမိတ်တွေကို အန္တရာယ်ပေးဖို့ လုပ်ဆောင်နေတဲ့ အကြမ်းဖက်သမားတွေကို မနားမနေ ဆက်လက်ရှာဖွေနေဦးမှာဖြစ်တယ်လို့ Centcom တပ်မှူး ရေတပ်ဗိုလ်ချုပ် ဘရတ်ကူးပါးက ပြောပါတယ်။
"ဒီစစ်ဆင်ရေးက စစ်ပွဲတစ်ပွဲစတင်တာမဟုတ်ဘူး။ လက်စားချေတာ" လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်က ပြောပါတယ်။
"ကမ္ဘာတစ်ဝန်း ဘယ်နေရာမှာမဆိုရှိတဲ့ အမေရိကန်တွေကို ပစ်မှတ်ထားမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုဟာ ခင်ဗျားကို ခြေရာခံရှာဖွေမယ်၊ တွေ့အောင်ရှာမယ်၊ ပြီးတော့ ရက်ရက်စက်စက်သတ်မယ်ဆိုတာ သိထားပါ။ ခင်ဗျားရဲ့ ဘဝလက်ကျန်ကို ပူပန်မှုတွေနဲ့ ဖြတ်သန်းရမယ်ဆိုတာသိထားပါ" လို့ သူကပြောပါတယ်။
"ဒီနေ့မှာတော့ ကျွန်တော်တို့ဟာ ရန်သူတွေကို ရှာဖွေ၊ သုတ်သင်ခဲ့ပါတယ်၊ အများကြီးပါပဲ၊ ပြီးတော့ ဆက်လုပ်ဦးမှာပါ" လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီးက ဆက်ပြောပါတယ်။
"ကျွန်တော်ကတိပြုထားတဲ့အတိုင်း အမေရိကန်ဟာ တာဝန်ရှိတဲ့ လူသတ်သမား အကြမ်းဖက်သူတွေကို ပြင်းပြင်းထန်ထန် လက်စားချေနေပါပြီ" လို့ သမ္မတထရမ့်က သူ့လူမှုကွန်ရက်မှာရေးသားခဲ့ပါတယ်။
ဆီးရီးယားအစိုးရက အပြည့်အဝထောက်ခံထားပါတယ်လို့ သူကပြောပါတယ်။
ရက်ကာနဲ့ ဒီယာ အက် ဇော်မြို့တွေအနီးက အိုင်အက်စ်စခန်းတွေ ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (အိုဘီအိပ်ချ်အာ) က ပြောပါတယ်။
နာမည်ကျော် အိုင်အက်စ်ခေါင်းဆောင်တစ်ဦးနဲ့ တိုက်ခိုက်ရေးသမားအတော်များများ သေဆုံးခဲ့တယ်လို့ အဖွဲ့က ပြောထားပါတယ်။
အိုင်အက်စ်ဘက်ကတော့ တရားဝင်ထုတ်ပြန်တာ မရှိသေးပါဘူး။ ဘီဘီစီကလည်း ပစ်မှတ်တွေနဲ့ပတ်သက်လို့ အတည်မပြုနိုင်သေးပါဘူး။
ပယ်မရာမြို့က တိုက်ခိုက်မှုကို အိုင်အက်စ်သေနတ်သမားတစ်ဦးက လုပ်ခဲ့တာဖြစ်ပြီး သူ့ကိုလည်း သုတ်သင်ပြီးပြီလို့ Centcom က အစောပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
ဆီးရီးယားသမ္မတ ထိန်းချုပ်မှုမရှိတဲ့ နေရာမှာ အခင်းဖြစ်ပွားခဲ့တာဖြစ်ပြီး နောက်ထပ်အမေရိကန်စစ်သည်သုံးဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ ပင်တဂွန်အရာရှိတစ်ဦးက ပြောပါတယ်။
တိုက်ခိုက်သူဟာ ဆီးရီးယားလုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်တယ်လို့ အက်စ်အိုအိပ်ချ်အာ က တစ်ချိန်တည်းမှာပဲ ထုတ်ပြန်ထားပါတယ်။ တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကမှ သူတို့လက်ချက်ဖြစ်တယ်လို့ ပြောဆိုထားတာမရှိသေးသလို သေနတ်သမားဘယ်သူဖြစ်တယ်ဆိုတာကိုလည်း မသိရှိရသေးပါဘူး။
၂၀၁၉ ခုနှစ်မှာ အမေရိကန်ကျောထောက်နောက်ခံရတဲ့ ဆီးရီးယားလက်နက်ကိုင်မဟာမိတ်အဖွဲ့က အိုင်အက်စ်ဟာ ဆီးရီးယားက နောက်ဆုံးခြေကုပ်နေရာကို ဆုံးရှုံးခဲ့ပြီလို့ ထုတ်ပြန်ခဲ့ပေမဲ့ ဂျီဟတ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတချို့က ဆက်ရှိနေဆဲပါ။
ဆီးရီးယားနဲ့ အီရတ်မှာ အိုင်အက်စ်တပ်ဖွဲ့ဝင် ၅၀၀၀ ကနေ ၇၀၀၀ အထိရှိနေဆဲပဲလို့ ကုလသမဂ္ဂက ပြောထားပါတယ်။
အိုင်အက်စ်တိုက်ခိုက်ရေး လုပ်ဆောင်မှုတစ်စိတ်တစ်ပိုင်းအဖြစ် တခြားတပ်ဖွဲ့တွေကို လေ့ကျင့်သင်ကြားပေးဖို့ အမေရိကန်ဟာ ၂၀၁၅ ခုနှစ်ကတည်းက ဆီးရီးယားမှာ စစ်သည်တချို့ တပ်စွဲထားခဲ့တာဖြစ်ပါတယ်။
ဆီးရီးယားဟာ အိုင်အက်စ်တိုက်ခိုက်ရေး နိုင်ငံတကာညွန့်ပေါင်းအဖွဲ့မှာ မကြာသေးမီကပဲ ပါဝင်ခဲ့ပြီး အမေရိကန်နဲ့ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပြုထားပါတယ်။
၂၀၂၄ ခုနှစ်မှာ အာဆတ်အစိုးရကို ဖြုတ်ချခဲ့တဲ့ ညွန့်ပေါင်းအဖွဲ့တွေရဲ့ ဂျီဟတ်ခေါင်းဆောင်ဟောင်းဖြစ်သူ လက်ရှိ ဆီးရီးယားသမ္မတ အာမတ် အယ်လ်-ရှာရားက နိုဝင်ဘာမှာ ထရမ့်နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပြီး သူ့ခရီးစဉ်ဟာ နှစ်နိုင်ငံအတွက် ခေတ်သစ်စတင်တာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။