ဆိုင်ဘာစစ်ပွဲမှာ စည်းမျဥ်းသစ်တွေ လိုက်နာမှာလား

anonymous hacker

ဓာတ်ပုံ ရင်းမြစ်, bbc

ဓာတ်ပုံ ပုံစာ, ရုရှားကို တိုက်ခိုက်တဲ့ Squad 303/Anonymous ဟက်ကာအုပ်စုက အဖွဲ့ဝင် တစ်ဦး

စစ်ပွဲလို ပဋိပက္ခတွေမှာ ပါဝင်နေတဲ့ အရပ်သား ဆိုင်ဘာတိုက်ခိုက်သူ ဟက်ကာတွေ လိုက်နာသင့်တဲ့ စည်းမျဥ်းတွေကို အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ ICRC က ပထမဆုံးအကြိမ် ထုတ်ပြန်လိုက်ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်ကတည်းက မထင်မှတ်လောက်တဲ့ အရေအတွက် အထိ မျိုးချစ် ဆိုင်ဘာဂိုဏ်းအဖွဲ့တွေမှာ ဟက်ကာတွေ ပါဝင်လာကြတယ်လို့လည်း ဆိုပါတယ်။

အဲဒီအချိန်မှာ ဆေးရုံတွေလို ကျန်းမာရေးနေရာတွေကို ဆိုင်ဘာမတိုက်ခိုက်ဖို့ အပါအဝင် အချက် ရှစ်ချက်ကို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဆိုင်ဘာဂိုဏ်းအဖွဲ့တွေကတော့ ဒါတွေကို လိုက်နာမှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။

'ကမ္ဘာမှာ ပြန့်နေပြီ'

စစ်ပွဲ စည်းမျဥ်းတွေကို စောင့်ကြည့်ဖို့ တာဝန်ရှိတဲ့ ICRC က ဟက်ကာ အုပ်စုတွေ၊ အထူးသဖြင့် ယူကရိန်း စစ်ပွဲမှာ ပါဝင်နေသူတွေ လိုက်နာဖို့ စည်းမျဥ်းသစ်တွေကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒါ့အပြင် သူတို့ရဲ့ လုပ်ဆောင်ချက်တွေက အသက် အန္တရာယ် ထိပါးမှုတွေ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီလုပ်ဆောင်ချက်တွေကြောင့် သူတို့ကိုယ်တိုင်လည်း တရားဝင် စစ်ရေး ပစ်မှတ် ဖြစ်သွားနိုင်တဲ့ အသက်အန္တရာယ် ရှိနေတယ်လို့ ဆိုပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း တင်းမာမှုတွေ မြင့်တက်လာတာနဲ့ ပဋိပက္ခတွေကြောင့် ကမ္ဘာတစ်လွှားမှာ ဆိုင်ဘာတိုက်ခိုက်မှုတွေ အများကြီး ဖြစ်ပေါ်ခဲ့တဲ့အတွက် နိုင်ငံအတွက် ဟက်လုပ် တိုက်ခိုက်တာက အသစ်အဆန်းတော့ မဟုတ်ပါဘူး။

ဒါပေမဲ့ ရုရှား-ယူကရိန်း ပဋိပက္ခမှာ ဆိုင်ဘာ ကသောင်းကနင်း ဖြစ်ရပ်တွေ တိုးလာတဲ့ ပုံသဏ္ဍန်က စိုးရိမ်စရာကောင်းပြီး ကမ္ဘာအနှံ့ ပျံ့နေပြီလို့ ICRC ရဲ့ ဥပဒေ အကြံပေး ဒေါက်တာ တစ်လ်မန် ရိုဒန်ဟောင်ဆာက ပြောပါတယ်။

အရပ်သား ဟက်လုပ်တာတွေကို ကျွမ်းကျင်သူတွေက 'ဆိုင်ဘာကင်းအဖွဲ့' မျိုးလို့ သဘောထားပြီး သူတို့ တိုက်ခိုက်မှုတွေက နည်းပညာအားဖြင့် မရှုပ်ထွေးသလို သိသိသာသာ ထိရောက်မှုလည်း မဖြစ်နိုင်ဘူးလို့ ဆိုကြတဲ့အကြောင်း သူက ပြောပါတယ်။

"ဒါပေမဲ့ နှစ်ဖက်စလုံးက အုပ်စုတချို့က အရွယ်အစားကြီးပါတယ်။ အဲဒီ 'တပ်တွေ' က အရပ်သား ပစ်မှတ်တွေကို အောင်အောင်မြင်မြင် နှောင့်ယှက်ခဲ့ကြပါတယ်။

အဲဒါတွေထဲမှာ ဘဏ်တွေ၊ ကုမ္ပဏီတွေ၊ ဆေးဝါးလုပ်ငန်းတွေ၊ ဆေးရုံတွေ၊ ရထားလမ်းကွန်ရက်တွေနဲ့ အစိုးရဌာနဝန်ဆောင်မှုတွေ ပါဝင်ပါတယ်။"

နိုင်ငံတကာ လူသားချင်းဆိုင်ရာစောင့်ရှောက်မှု ဥပဒေအရ အခု ထုတ်ပြန်လိုက်တဲ့ စည်းမျဥ်းတွေက -

၁။ အရပ်ဘက်နေရာတွေကို ဆိုင်ဘာပစ်မှတ်မလုပ်ရ

၂။ အလိုအလျောက် ပြန့်သွားပြီး စစ်ဘက်ရော အရပ်ဘက်ရော မခွဲခြားဘဲ အားလုံးထိခိုက်စေမယ့် ဗိုင်းရပ်စ်တွေနဲ့ တခြား ကိရိယာတွေ၊ နည်းပညာတွေကို မသုံးရ

၃။ စစ်ဘက်ပစ်မှတ်တွေကို ဆိုင်ဘာတိုက်ခိုက်ဖို့ ပြင်ဆင်တဲ့အခါ အဲဒီ တိုက်ခိုက်မှုက တတ်နိုင်သမျှ အရပ်သားတွေ ထိခိုက်မှုကို ရှောင်တာ၊ ထိခိုက်မှု အနည်းဆုံးဖြစ်အောင် လုပ်ပါ

၄။ ဘယ်ဆိုင်ဘာတိုက်ခိုက်မှုကမဆို ကျန်းမာရေးနဲ့ လူမှု ဝန်ဆောင်မှုရင်းမြစ်တွေကို မတိုက်ခိုက်ရ

၅။ လူထု အသက်ရှင်သန်ရေးအတွက် မရှိမဖြစ် အရာတွေနဲ့ အန္တရာယ် ဖြစ်ပွားစေတာတွေ ထုတ်လွှတ်လာနိုင်တဲ့ နေရာတွေကို ဘယ်လို ဆိုင်ဘာတိုက်ခိုက်မှုမှ မလုပ်ရ

၆။ အရပ်သားလူထုကြား အကြောက်တရား ပြန့်ပွားအောင် အကြမ်းဖက် ခြိမ်းခြောက်မှု မလုပ်ရ

၇။ နိုင်ငံတကာ လူသားချင်းစောင့်ရှောက်မှု ဥပဒေကို ချိုးဖောက်တဲ့ လှုံ့ဆော်မှု မလုပ်ရ

၈။ အဲဒီ စည်းမျဥ်းတွေကို ရန်သူဘက်က မလိုက်နာရင်တောင် ကိုယ်က လိုက်နာပါ

အစိုးရတွေအနေနဲ့ ဆိုင်ဘာတိုက်ခိုက် ဟက်လုပ်တာတွေ ကနေ ရှောင်ရှားပြီး ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေကို စောင့်ထိန်းဖို့ကိုလည်း ICRCက တောင်းဆိုနေပါတယ်။

ယူကရိန်း ပဋိပက္ခမှာတော့ အရပ်ဘက်နဲ့ စစ်ဘက် ဟက်လုပ်တာတွေ ရောထွေးနေပါတယ်။

အရပ်သားတွေနဲ့ ဖွဲ့ထားတဲ့ IT Army - အိုင်တီတပ် ဆိုတဲ့ အဖွဲ့မျိုး ထူထောင်ပြီး ရုရှား ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ အစိုးရက အားပေးတိုက်တွန်းနေတာမျိုးပါ။

ယူကရိန်းရဲ့ အိုင်တီတပ်ဟာ သူတို့ရဲ့ တယ်လီဂရမ် ချန်နယ်မှာ အဖွဲ့ဝင် ၁၆၀,၀၀၀ ရှိပြီး အရပ်ဘက် ဝန်ဆောင်မှုတွေ ဖြစ်တဲ့ ရထားလမ်း ကွန်ရက်တွေနဲ့ ဘဏ်တွေကိုပါ ပစ်မှတ်လုပ်ပါတယ်။

အဲဒီအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ICRC ရဲ့ စည်းမျဥ်းတွေကို ကျင့်သုံးမလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ဆိုပါတယ်။

အဲဒီအဖွဲ့က ကျန်းမာရေးစောင့်ရှောက်မှုတွေကို မတိုက်ခိုက်ဖို့ တားမြစ်ထားပြီး ဖြစ်ပေမဲ့ အရပ်သားထိခိုက်မှုက ရှောင်ရှားလို့တော့ မရနိုင်ပါဘူး။

"အဲဒီစည်းမျဥ်းတွေ စောင့်ထိန်းတာက အားနည်းချက် ဖြစ်စေတယ်"လို့ သူက ပြောပါတယ်။

ရုရှားဘက်က အဲဒီလို အဖွဲ့ကြီးတွေကလည်း ယူကရိန်းနဲ့ မဟာမိတ် နိုင်ငံတွေကို အလားတူ တိုက်ခိုက်မှုတွေ လုပ်ပါတယ်။

ဆေးရုံတွေရဲ့ ဝက်ဘ်ဆိုက်တွေကိုပါ ယာယီ ဖြုတ်ချပစ်ထားတဲ့ နှောင့်ယှက်မှုမျိုးတွေ လုပ်ပါတယ်။

စည်းမျဥ်းတွေကို မျက်ကွယ်ပြုမယ်ဆိုတဲ့ Killnet ခေါင်းဆောင် ကေးလ်မစ်လ်ခ်

ဓာတ်ပုံ ရင်းမြစ်, bbc

ဓာတ်ပုံ ပုံစာ, စည်းမျဥ်းတွေကို မျက်ကွယ်ပြုမယ်ဆိုတဲ့ Killnet ခေါင်းဆောင် ကေးလ်မစ်လ်ခ်

တယ်လီဂရမ် ချန်နယ်မှာ ထောက်ခံသူ ကိုးသောင်းရှိတဲ့ Killnet ကို ကိုယ်စားပြုသူတစ်ဦးက "ကြက်ခြေနီအဖွဲ့က ပြောတာကို ဘာလို့ နားထောင်ရမှာလဲ" လို့ ဘီဘီစီကို မေးပါတယ်။

ရုရှား ထောက်ခံတဲ့ အုပ်စုတွေဟာ ရုရှားအစိုးရအတွက် တိုက်ရိုက် အလုပ်လုပ်ပေးတယ်၊ ပူးပေါင်းလုပ်ကြတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရှိပါတယ်။

ဒါပေမဲ့ အဲဒါတွေကို Killnet က ခိုင်ခိုင်မာမာ ငြင်းပါတယ်။

အခုလပိုင်းတွေအတွင်းမှာ ဆူဒန်နိုင်ငံနဲ့ အစ္စလာမ်ဘာသာကို မကောင်းမြင်တယ်ဆိုတဲ့ နည်းပညာကုမ္ပဏီတွေနဲ့ အစိုးရဝန်ဆောင်မှုတွေကို တိုက်ခိုက်နေတဲ့ Anonymous Sudan အဖွဲ့က တစ်ယောက်ကတော့ စည်းမျဥ်းသစ်တွေက "လက်တွေ့ လုပ်ဖို့ မဖြစ်နိုင်သလို ရှောင်လွှဲလို့ မရတဲ့အကြောင်းတွေကြောင့် ချိုးဖောက်တာ ဖြစ်တယ်"လို့ ပြောပါတယ်။

နိုင်ငံတကာက ဟက်ကာတွေ ချိတ်ဆက်ထားတဲ့ Anonymous လှုပ်ရှားမှုက နာမည်ကြီးတစ်ဦးကတော့ "ICRC ကိုးကားတဲ့ စည်းမျဥ်းတွေအပါအဝင် စည်းမျဥ်းတွေကို အခြေခံပြီး အမြဲတမ်း လှုပ်ရှားကြောင်းနဲ့ ဒါပေမဲ့ အခုတော့ အဲဒီအဖွဲ့ကို အယုံအကြည်မဲ့သွားပြီး ချမှတ်လိုက်တဲ့ စည်းမျဥ်းသစ်တွေကို လိုက်နာမှာ မဟုတ်ဘူး"လို့ ဘီဘီစီကို ပြောပါတယ်။