ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဧပြီ ၁၇ရက် ထိပ်တန်းသတင်းများ- သထုံမြို့နယ်က သိမ်ဆိပ်ရဲစခန်းတိုက်ခိုက်ခံရ
မွန်ပြည်နယ်၊ သထုံမြို့နယ်ထဲက သိမ်ဆိပ်ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့ မနက် ၁၀ နာရီကျော်ကျော်မှာ လာရောက်တိုက်ခိုက်သွားတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ရဲစခန်းပစ်ခတ်ခံရတာကြောင့် စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်တာတွေလုပ်ခဲ့ပြီး မနက်ခင်း တစ်ပိုင်းလုံး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရဲစခန်းအနီးနားနေထိုင်သူတွေကပြောပါတယ်။
သိမ်ဆိပ်ရဲစခန်းကို သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ HRS ဒရုန်းတပ်ဖွဲ့တို့အပါအဝင် ပူးပေါင်း အဖွဲ့တွေက တိုက်ခိုက်တာဖြစ်လို့ သထုံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်က သတင်းထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ ရဲစခန်းမှူးပါ လက်နက်ထိမှန်ပြီး ရဲ ၄ ဦးသေဆုံးတယ်လို့ ပူးပေါင်း အဖွဲ့တွေဘက်က ပြောပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လင်ချန်းမြို့နဲ့ ရှမ်းပြည်နယ်၊ လောက်ကိုင်မြို့နယ်ထဲက ချင်းရွှေဟော်အထိ တိုက်ရိုက်သွားရောက်နိုင်မယ့် ရထားလမ်းကို ၂၀၂၄ခုနှစ်၊ လာမယ့်နှစ်မှာ စတင်ဖောက်လုပ်မယ်လို့ တရုတ် အာဘော်တွေကို ရေးသားနေတဲ့ သတင်းမီဒီယာတွေကတဆင့်သိရပါတယ်။
အခုစီမံကိန်းကို ယူနန်ပြည်နယ်၊ လင်ချန်းမြို့တော်ဝန် Mr. Du Jianhui ဦးဆောင်တဲ့ ကိုယ်စားလှယ်တွေ မတ်လနောက်ဆုံး ရက်သတ္တပတ်အတွင်း မြန်မာနိုင်ငံကိုလာရောက်စဥ် မြန်မာနိုင်ငံက စီးပွားရေးလုပ်ငန်းရှင်၊ အာဏာပိုင်တွေနဲ့ တွေ့ဆုံစဥ်မှာ သဘောတူခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတရုတ်ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးအိုင်ထွန်းအပြင်၊ မြန်မာနိုင်ငံရှိ တရုတ်လုပ်ငန်းရှင်တွေ၊ တရုတ်နွယ်ဖွား လုပ်ငန်းရှင်တွေ စတဲ့လူဦးရေ ၆၀ လောက်အထိ Mr. Du Jianhui ဦးဆောင်တဲ့ကိုယ်စားလှယ် တွေနဲ့ မတ်လ ၂၃ရက်မှာ တက်ရောက်တွေ့ဆုံခဲ့ပါတယ်။
ချင်းရွှေဟော်နယ်စပ်မှာ Free Trade Zone အဖြစ်အကောင်အထည်ဖော်နိုင်ဖို့ ကုန်ကူးပြောင်းလက်ခံမှုတွေ၊ ကုန်သွယ်ငွေကြေးပေးချေမှု၊ နယ်စပ်ဖြတ်ကျော်အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးစတဲ့ ကိစ္စတွေကို လည်း အဲဒီတုန်းကတည်းက ဆွေးနွေးခဲ့တယ်လို့ UMFCCI က ထုတ်ပြန်ထားပါတယ်။
လင်ချန်းမြို့ဟာ ယူနန်ပြည်နယ်ရဲ့ အနောက်တောင်ဘက်မှာ တည်ရှိတဲ့ ဧရိယာ ၂ ဒဿမ ၄ သိန်းကီလိုမီတာ ကျယ်ဝန်းပြီး ယူနန်ပြည်နဲ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအရှိဆုံး ၈ခုမြောက် မြို့ဖြစ်ပါတယ်။
စစ်ကောင်စီက ပေးတဲ့ ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်ထဲမှာ နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတဲ့ NLD အစိုးရလက်ထက် စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော် ဝင်းလည်း ပါဝင်တယ်လို့ ဘီဘီစီက သိရှိရပါတယ်။
ဦးကျော်ဝင်းဟာ ရမည်းသင်းထောင်ကနေ ပြန်လွတ်ဖို့ရှိပြီး နေအိမ်တော့ မရောက်သေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ဘီဘီစီကို အတည်ပြုပါတယ်။
သူဟာ ဒေါ်အောင်ဆန်းစုကြည်၊ စီးပွားရေးအကြံပေး သြစတေးလျနိုင်ငံသား မစ္စတာ ရှောင်တာနယ်၊ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးစိုးဝင်း၊ ဒုဝန်ကြီးဟောင်း ဦးဆက်အောင်တို့နဲ့အတူ နိုင်ငံတော်လျှို့ဝှက် အက်ဥပဒေပါ ပုဒ်မနဲ့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
အဲဒီအမှုတွဲမှာပါဝင်တဲ့ ဦးစိုးဝင်းနဲ့ မစ္စတာရှောင်တာတို့လည်း ပြီးခဲ့တဲ့နှစ်တုန်းက စစ်ကောင်စီက ပေးတဲ့ လွတ်ငြိမ်းနဲ့ ပြန်လွတ်လာပြီဖြစ်ပါတယ်။
ဒါပေမယ့် ဦးကျော်ဝင်းဟာ စစ်ကောင်စီက စွပ်စွဲချမှတ်ထားတဲ့ ပြစ်ဒဏ်တွေနဲ့ ထောင်တွင်း ၂နှစ်နဲ့ ၂ လကျော်နေခဲ့ရပြီး လွတ်ရက်နီးနေပြီဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီဟာ မြန်မာ့နှစ်သစ်ကူးအနေနဲ့ အကျဥ်းသူ အကျဥ်းသား ၃ ထောင်ကျော်ကို ပြန်လွှတ်ပေးမယ်လို့ ဒီနေ့ မနက်ပိုင်းမှာပဲ ကြေညာထားပါတယ်။
စစ်ကောင်စီက အကျဥ်းသူ/သား ၃၀၀၀ ကျော်ကို ခံဝန်နဲ့ လွတ်ငြိမ်းခွင့်ပေး
နိုင်ငံခြားသာ အကျဥ်းသူ/သား ၉၈ ဦး လည်းပါဝင်
၂၀၂၃ခုနှစ်၊ ဧပြီလ ၁၇ရက်၊ မြန်မာနှစ်ဆန်း ၁ရက်နေ့ ဒီကနေ့မှာ စစ်ကောင်စီက အကျဉ်းသူ/ အကျဉ်းသားတွေ လွတ်ငြိမ်းချမ်းသာခွင့် ပေးတဲ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်အရ နောက်တကြိမ်ပြစ်မှုကျူးလွန်ပါကကျန်ရှိနေတဲ့ ပြစ်ဒဏ်များကိုပါ ပြန်လည်တပေါင်း တည်းကျခံရမယ်ဆိုတဲ့ ခံဝန်ဂတိ ပုဒ်မ (၄၀၁-၁) အရ နိုင်ငံအတွင်းက အကျည်းထောင်၊ အကျည်းစခန်း အသီးသီးက နိုင်ငံသား အကျဥ်းသား၊ အကျဥ်းသူ ၃၀၁၅ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပြုခဲ့ပါတယ်။
အလားတူ ခံဝန်ချက်နဲ့ပဲ နိုင်ငံခြားသာ အကျဥ်းသား၊ အကျဥ်းသူ ၉၈ ဦးကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပြီး၊ ပြည်နှင်ဒဏ်ပေးခဲ့တယ်လို့ စစ်ကောင်စီက ဧပြီလ ၁၇ရက်၊ မြန်မာနှစ်ဆန်း ၁ရက်နေ့မှာ ထုတ်ပြန်ပါ တယ်။
အခုပြန်လည်လွတ်ငြိမ်းခွင့်ပေးတဲ့အထဲမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးခံထားရသူတွေ၊ သေဒဏ်ချမှတ်ခံထားရသူတွေ၊ စစ်တပ်က ဖမ်းဆီးထားတဲ့ ကျန်ရှိနေတဲ့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရအမတ်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ခေါင်းဆောင်တွေ ပါဝင်မှုရှိမရှိကို တိတိကျကျမသိရသေးပါဘူး။
ပြီးခဲ့တဲ့အကြိမ် လွတ်ငြိမ်းချမ်းသာခွင့်တွေမှာလည်း နိုင်ငံရေးအကျဥ်းသားလို့သတ်မှတ်ထားသူတွေ လွတ်မြောက်တာက အလွန်နည်းပါးခဲ့တာမျိုးလည်းရှိခဲ့ပါတယ်။
၂၀၂၁ခုနှစ် အာဏာသိမ်းပြီးကစလို့ ၂၀၂၃ခုနှစ် ဧပြီလ ၁၂ရက်အထိ စစ်ကောင်စီက စစ်အာဏာသိမ်းမှု ကိုဆန့်ကျင်တဲ့ စွပ်စွဲချက်နဲ့ စုစုပေါင်း ၂၁၃၄၈ ဦးကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီထဲက ၁၇၄၆၀ ဟာ ဆက်လက် ဖမ်းဆီးခံထားရပြီး၊ ၅၅၈၆ ဦးကတော့ ထောင်ဒဏ်တွေချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ စာရင်းတွေအရသိရပါတယ်။
ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက် လာသူကတော့ ၃၈၆၆ ဦးရှိတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံထားရသူတွေထဲမှာမှ သေဒဏ်ချမှတ်ခံထားရသူ ၁၀၉ ဦးအထိရှိပြီဖြစ်ပါတယ်။ အဲဒါအပြင် မျက်ကွယ်သေဒဏ်အဖြစ်ချခံထားရသူ ၄၂ ဦးလည်းရှိနေပါတယ်။ ဒါကြောင့် သေဒဏ်ချခံရသူ စုစုပေါင်းဟာ ၁၅၁ ဦးအထိရှိနေတယ်လို့ သိရပါတယ်။